မင်းတစ်ယောက်တည်း အပိုင်သိမ်းဖို့ မစဉ်းစားနဲ့(က)
Vol. 96 Ch. 1487
ခမ်းနားတောက်ပြောင်သော အဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်၏ အသံထဲမှာ စိုးရိမ်ပူပန်မှုဖြင့် ပြည့်နှက်နေသည်။ သူက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲ သွေးမြူခိုးထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာ သူ၏ လက်အောက်မှ အစောင့်အကြပ်များသည်လည်း အစွမ်းအသီးသီးကို ထုတ်ဖော်လိုက်ကြသည်။
ထိုအစောင့်အကြပ်များသည် လူငယ်၏ မိသားစုမှ သူ့အတွက် အထူးစီစဉ်ပေးထားသော ပညာရှင်ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံက အံ့ဖွယ်ကောင်းသည့်အပြင် သူတို့က အရေအတွက်များပြားသည်။ ဤအခိုက်အတန့်မှာ သွေးမြူခိုးက အံ့ဖွယ်ကောင်းသော်လည်း သူတို့၏ စွမ်းအားအပြည့် တိုက်ခိုက်မှုကိုတော့ မတောင့်ခံနိုင်ပေ။
နောက်အခိုက်အတန့်မှာ ဝုန်းခနဲ မြည်သံများက ကောင်းကင်ပေါ်ထိ ပျံ့လွင့်သွားသည်။ သွေးမြူခိုးသည် သဏ္ဍာန်မဲ့သော ဧရာမလက်ဖြင့် ရိုက်ချခံလိုက်ရသည့်အလား တိုက်ရိုက် ပေါက်ကွဲသွားသည်။
၎င်းက ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှုနှင့်အတူ အဝေးသို့ လွင့်ပြယ်သွားသည်။
ပုံရိပ်သုံးခုက ထိုနေရာမှာ ထွက်ပေါ်လာကြသည်။
တစ်ယောက်က ယွဲ့တုန်ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာက အေးစက်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည့်အခါ အင်မော်တယ်အတတ်ပညာ၏ အားလှိုင်းများက ထွက်ပေါ်လာကြသည်။
တခြားတစ်ယောက်သည်တော့ ရှစ်နှစ်အရွယ် အလောင်းရုပ်သေးရုပ်ဖြစ်သည်။ သူက ယွဲ့တုန်နှင့် ဆန့်ကျင်ဘက်မှာရှိနေပြီး ပြင်းထန်သော တိုက်ခိုက်မှုကို ထုတ်လွှတ်နေသည်။ သူက ယွဲ့တုန်နှင့် အတူတကွ ပူးပေါင်းပြီး အလယ်မှ ရွှယ်ချန်းဇီကို ချုပ်ထိန်းထားသည်။
အင်မော်တယ်အတတ်ပညာသည် ယွဲ့တုန်နှင့် အလောင်းရုပ်သေးရုပ်ထံမှ ထွက်ပေါ်လာပြီး ရောင်စုံချည်မျှင်များအဖြစ် ပြောင်းလဲသွားကာ ရွှယ်ချန်းဇီကို လွှမ်းခြုံသွားသည်။
အကယ်၍ ထိုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ရွှယ်ချန်းဇီက အင်မော်တယ်အတတ်ပညာဖြင့် သန့်စင်ခံရလိမ့်မည်။
ရွှယ်ချန်းဇီက ရုန်းကန်နေသော်လည်း ယင်းက အများကြီး သက်ရောက်မှုမရှိပေ။
သို့သော်လည်း အပြင်ဘက်မှ ရုတ်တရက် အပြောင်းအလဲက ဤနေရာပေါ် သက်ရောက်မှုရှိစေသည်။ ဝုန်းခနဲ မြည်သံများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပဲ့တင်ထပ်သွားသည့်အခါ သူတို့၏ သန့်စင်ခြင်းလုပ်ငန်းစဉ်က လမ်းတစ်ဝက်မှာ နှောင့်ယှက်ခံလိုက်ရသည်။
လေကြမ်း၏ မူလရည်ရွယ်ချက်က ဤနေရာမှာ တိုက်ခိုက်နေသော လူများကို ခွဲထုတ်ပစ်ရန် ဖြစ်သည်။ ဤသည်မှာ ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်က ယွဲ့တုန်ကို ကယ်တင်ရန် ဆောင်ရွက်ခဲ့သောအရာ ဖြစ်သည်။
သို့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် ယင်းက ရွှယ်ချန်းဇီ၏ အသက်ကို ကယ်တင်ပေးမည့် လေကြမ်းဖြစ်လာသည်။
သို့ဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာ ရွှယ်ချန်းဇီ၏ ရုန်းကန်မှုက ပိုပြီးပြင်းထန်လာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ သူက မဟာလောကနှစ်ခုကို ဖောက်ခွဲပစ်ရန်ပင် လုံးဝတုံ့ဆိုင်းမနေပေ။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြီးမားသော အဖျက်စွမ်းအားက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့လွင့်သွားသည်။
ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်၏ စိုးရိမ်ပူပန်သော အသံကို ကြားသွားသည့်အခါ အားညိုက မျက်လုံးပြူးကျယ်သွားပြီး သူ၏ နှလုံးက တုန်ယင်သွားသည်။ ယင်းကြောင့် သူ၏ စိတ်ခံစားချက်များက ပရမ်းပတာ ဖြစ်သွားလေရာ အင်မော်တယ်အတတ်ပညာ၏ ချည်မျှင်များကလည်း လှုပ်ခတ်သွားသည်။
ထို့ကြောင့် နောက်အခိုက်အတန့်မှာ သူနှင့် ပူးပေါင်းဆောင်ရွက်နေသော အလောင်းရုပ်သေးရုပ်သည်လည်း သက်ရောက်ခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချည်မျှင်များက ကျိုးပြတ်သွားသည်။
ဤသည်မှာ မဟာလောကနှစ်ခုကို ဖောက်ခွဲပစ်ရာမှ ဖြစ်ပေါ်လာခဲ့သော ရလဒ်ဖြစ်သည်။ ရွှယ်ချန်းဇီက လျှို့ဝှက်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးက သွေးနီရောင်တောက်ပလာသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းအခြေခံကို ထိခိုက်စေနိုင်သော်လည်း သူက ယင်းကို လျစ်လျူရှုထားသည်။ နောက်အခိုက်အတန့်မှာ သူက သွေးနီရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
ဝှစ်ခနဲဟူသော မြည်သံနှင့်အတူ သူက အချုပ်အနှောင်မှ ရုန်းထွက်နိုင်သွားသည်။
သူက ယွဲ့တုန်နှင့် အလောင်းရုပ်သေးရုပ်ကြားမှ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ အဝေးသို့ ရောက်ရှိသွားသည်။
သို့သော်လည်း သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည့်အခါ သွေးနီရောင်အလင်းက နောက်တစ်ကြိမ် ပေါ်လျှိုးလာသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူက ပျောက်ကွယ်သွားသည်။
သူက လွတ်မြောက်သွားသည်။
ရွှီချင်းက အသွင်ပြောင်းလဲထားသော ရှစ်နှစ်အရွယ် အလောင်းရုပ်သေးရုပ်သည်တော့ လေထဲမှာ အမူအရာကင်းမဲ့နေသည်။ သေခြင်းအရှိန်အဝါက လေထဲမှာ ပျံ့နှံ့နေပြီး သူ၏ အသက်မဲ့သော မျက်လုံးက ရွှယ်ချန်းဇီထွက်ပြေးသွားသော ဦးတည်ရာသို့ ကြည့်နေသည်။
သူက လိုက်မဖမ်းပေ။
အဘယ့်ကြောင့်ဆိုသော် သူက ဗလာနတ္ထိကျင့်ကြံခြင်းအဆင့်သာရှိသော ရုပ်သေးရုပ်ဖြစ်သည်။ သူ့မှာ မည်သည့်အသိစိတ်မှ မရှိပေ။ ထို့ကြောင့် သူ၏ မည်သည့်လှုပ်ရှားမှုမဆို ပြစ်ချက်ဖြစ်လာနိုင်သည်။
ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်၏ ရောက်ရှိလာမှုက သူ၏ သားကောင်ကို လွတ်မြောက်သွားစေခဲ့သော်လည်း ထိုလူ၏ သဲလွန်စများက ကျန်နေခဲ့သည်။
သို့ဖြစ်၍ ရွှီချင်းက အလျင်မလိုပေ။ သူ၏ သားကောင်က မလွတ်မြောက်နိုင်ပေ။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်၏ ထွက်ပေါ်လာမှုက အလှည့်အပြောင်းတချို့ကို ဖြစ်ပေါ်စေသည်။ ရွှီချင်းက သူ့ကို လျစ်လျူရှုထားနိုင်သည်။ သို့သော်လည်း ယွဲ့တုန်အသွင် ပြောင်းလဲထားသော အားညိုသည်တော့ ယင်းကို လျစ်လျူမရှုနိုင်ပေ။
သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။
“ ဒါ ဘာအဓိပ္ပာယ်လဲ ”
ထိုမြင်ကွင်းက ယွဲ့တုန်ကို ကယ်တင်ရန် အပြေးရောက်ရှိလာသော လူငယ်ကို ဆွံအသွားစေသည်။ ဤအခိုက်အတန့်မှာ သူက ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏ စေတနာက ဝေဒနာဖြစ်သွားကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက အလျင်စလို ပြောသည်။
“ သခင်မတုန်အာ… မင်းပြန်ရောက်လာပြီလို့ ငါကြားတော့ မင်းအန္တရာယ်ဖြစ်မှာကို စိုးရိမ်တာနဲ့ အလောတကြီး ငါပြေးလာခဲ့တာ… ဒါပေမဲ့ ဒီလိုအခြေအနေဖြစ်လာမယ်လို့ ငါ… ”
“ တော်တော့ ”
ယွဲ့တုန်က အော်ပြောလိုက်ပြီး သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ဝင်ရောက်နှောင့်ယှက်မှုက အားညိုကို မပျော်မရွှင်ဖြစ်စေသည်။ ထို့ပြင် ထိုကောင်က သူ့ကို သခင်မတုန်အာဟု ခေါ်နေလေရာ သူက စက်ဆုပ်ရွံရှာမှုကို ခံစားမိသွားသည်။
အထူးသဖြင့် ယွဲ့တုန်၏ မှတ်ဉာဏ်ထဲ၌ သူ့ကို လိုက်ပိုးနေသူတစ်ယောက် ရှိသော်လည်း ထိုလူနှင့်ပတ်သက်သော အကြောင်းအရာများက ဝေဝါးနေသည်။ ရှင်းလင်းစွာပင် ယွဲ့တုန်က ထိုလူကို လုံးဝအလေးမထားခဲ့ပေ။
သို့ဖြစ်၍ အားညိုက သူ့အရှေ့မှ လူငယ်ကို မမှတ်မိပေ။
မပျော်ရွှင်မှုနှင့် စက်ဆုပ်ရွံရှာမှုကို ခံစားမိသွားသောအခါ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထွက်ပေါ်လာသည်။ သို့သော်လည်း အားညို၏ အကြည့်က တစ်ဖက်လူ၏ အစောင့်အကြပ်များပေါ်သို့ ကျရောက်သွားသည့်အခါ သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မျိုသိပ်ထားလိုက်သည်။
သို့သော်လည်း ယွဲ့တုန်က အမြဲတမ်း အေးတိအေးစက် ပြုမူလေ့ရှိကြောင်း သူစဉ်းစားမိသောအခါ အားညိုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ နောက်တစ်ခါ ငါနင့်ကို ထပ်မတွေ့ရစေနဲ့ ”
ထိုသို့ပြောပြီးနောက် အားညိုက လက်မြှောက်လိုက်ပြီး ရွှီချင်းကို ဖမ်းဆုပ်လိုက်သည်။ သူက သဏ္ဍာန်မဲ့သော ချည်မျှင်တစ်ခုကို ဖမ်းဆုပ်လိုက်သည့်အလား အလောင်းရုပ်သေးရုပ်အဖြစ် အသွင်ပြောင်းလဲထားသော ရွှီချင်းက သူ့အနောက်သို့ ပျံသန်းလာသည်။
သူက ရွှီချင်းနှင့်အတူ ထွက်သွားရန် ပြင်လိုက်သည်။
ယွဲ့တုန်ကို ကြင်နာစွာ ကြည့်နေသော လူငယ်သည် စိတ်မသက်မသာ ခံစားမိသွားသည်။ သူ၏ မျက်နှာပေါ်မှာ စိုးရိမ်ကြောင့်ကြသော အမူအရာဖြင့် ပြည့်နှက်နေသည်။
ယွဲ့တုန်က ထွက်သွားတော့မည်ကို မြင်သောအခါ သူက အလျင်စလို ပြောသည်။
“ သခင်မတုန်အာ… အဲ့လိုဖြစ်လာဖို့ တကယ်ပဲ ငါမရည်ရွယ်ခဲ့ပါဘူး… ငါ… ငါက မင်းကို စိတ်ပူလို့ပါ… မင်းထွက်သွားတာ ရက်ပေါင်းငါးရာကျော်သွားပြီ… ငါ မင်းအကြောင်းကို မစဉ်းစားတဲ့နေ့ တစ်ရက်မှ မရှိခဲ့ဘူး ”
အားညိုက ပိုပြီးစက်ဆုပ်ရွံရှာလာပြီး အရှိန်မြှင့်တင်လိုက်သည်။
ရွှီချင်းက အမူအရာကင်းမဲ့နေသော်လည်း ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်ကို အာရုံစိုက်လိုက်သည်။ စီနီယာအကိုကြီး ထိုသို့ကျဉ်းထဲကျပ်ထဲ ကျရောက်နေခြင်းကို ကြည့်ရှုရခြင်းက သူ့အတွက် အလွန်အရသာရှိသည်။
ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏ နှလုံးသားထဲမှာ အဆုံးမဲ့သော နောင်တဖြင့် ပြည့်နှက်နေသည်။ ယွဲ့တုန်က ထွက်သွားတော့မည်ဖြစ်ကြောင်း မြင်သောအခါ ခါးသီးမှုက သူ၏ မျက်နှာပေါ်မှာ ပြည့်နှက်သွားသည်။ သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။
“ တုန်အာ… အဲ့လိုဖြစ်လာဖို့ တကယ်ပဲ ငါမရည်ရွယ်ခဲ့ပါဘူး… ဒီတွေ့ဆုံမှုမှာ မင်းအတွက် လက်ဆောင်တစ်ခုကိုတောင် ငါပြင်ဆင်ထားခဲ့တယ်… ”
အဝေးမှ အားညို၏ ခြေလှမ်းက ရုတ်တရက် ရပ်တန့်သွားသည်။
ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်က ခါးသီးသော အမူအရာဖြင့် ဆက်လက် ရေရွတ်လိုက်သည်။
“ မင်းက အဲ့ဒါကို လက်ခံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ်… အတိတ်မှာ မင်းက ငါပေးတဲ့ လက်ဆောင်တိုင်းကို ငြင်းခဲ့တယ်မလား… ငါ… ”
သူ၏ စကားမဆုံးခင်မှာ အားညိုက ရုတ်တရက် အနောက်လှည့်လိုက်သည်။