← Chapters

မင်းတစ်ယောက်တည်း အပိုင်သိမ်းဖို့ မစဉ်းစားနဲ့(ခ)

Vol. 96 Ch. 1488

မင်းတစ်ယောက်တည်း အပိုင်သိမ်းဖို့ မစဉ်းစားနဲ့(ခ)

Vol. 96 Ch. 1488

“ ဘာလက်ဆောင်လဲ ”

အစတွင် လူငယ်က ဆွံ့အသွားသည်။ ထို့နောက် သူ၏ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။

“ အဲ့ဒါက ကြယ်နဂါးရိုးတွင်းခြင်ဆီပါ… လန်မိသားစုဆီကနေ ငါကြားခဲ့တယ်… အဲ့ဒီအင်မော်တယ်အတတ်ပညာက မင်းရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်တဲ့… ဒါကြောင့် မင်းအတွက် ဘိုးဘေးဆီကနေ ကြယ်နဂါးရိုးတွင်းခြင်ဆီကို ငါတောင်းဆိုခဲ့တယ်… ”

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်သည် စကားဆုံးသည်နှင့် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်သည်။

နောက်အခိုက်အတန့်မှာ အဝေးမှ အားညို၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ လူငယ်၏ အရှေ့သို့ ရောက်ရှိသွားသည်။ သူက ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်ပြီး အနံ့ခံလိုက်သည်။ ထို့နောက် သူက ကျောက်စိမ်းပုလင်းကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

‘ နင့်ရဲ့ လက်ဆောင်ကို ငါလက်ခံလိုက်မယ်… ဒါပေမဲ့ စောစောက နင့်ရဲ့ လုပ်ဆောင်မှုက တကယ်ပဲ အရမ်းလွန်တယ်… ”

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်က စိတ်လှုပ်ရှားသွားသည်။ ယွဲ့တုန်ကို သူပိုးပန်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ဤသည်မှာ ယွဲ့တုန်က ပထမဆုံးအကြိမ် သူ့ဆီမှ လက်ဆောင်ကို ယူဆောင်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက နှလုံးခုန်မြန်လာသည်။ ယင်းက အထာပေးခြင်းဖြစ်မည်ဟု သူခံစားမိသည်။

တစ်ဖက်လူက သူ့ကြောင့် စိတ်လှုပ်ရှားသွားသည်ဟု အထာပေးခြင်း ဖြစ်သည်။

‘ သံကို ပူတုန်း ဆက်ထုရမယ် ’

အားညို၏ စကားကို ကြားသောအခါ သူက လည်ဆွဲတစ်ခုကို အမြန်ထုတ်လိုက်သည်။

“ တုန်အာ… ဒီလည်ဆွဲကလည်း မင်းအတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ… အဲ့ဒါကို ကြယ်သလင်းကျောက်တွေနဲ့ ပြုလုပ်ထားတာ ”

အားညိုက ချက်ချင်း ရပ်တန့်သွားသည်။

တလက်လက် ဝင်းလက်နေသော လည်ဆွဲကို ကြည့်နေရင်း သူက မျက်တောင်ခတ်လိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်သည်။

“ ထားလိုက်ပါတော့… အဲ့ဒါက နင်ငါ့ကို အရမ်းစိုးရိမ်လို့ ဖြစ်သွားတာပဲ… ”

“ သခင်မတုန်အာ… ငါ့မှာ နောက်ထပ် လက်ဆောင်တစ်ခု ရှိသေးတယ်… ဒီဆံထိုးကလေ အဆင့်မြင့် အင်မော်တယ်ကျောက်နဲ့ ပြုလုပ်ထားတာ… ”

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်သည် ပိုပြီးစိတ်လှုပ်ရှားလာပြီး လက်ဆောင်တစ်ခုပြီးတစ်ခုကို ထုတ်ပေးသည်။ အားညိုသည်တော့ တဖြည်းဖြည်း မျက်လုံးဝင်းလက်လာပြီး ယင်းတို့ကို ဝမ်းသာအားရ လက်ခံယူလိုက်သည်။ နောက်ဆုံးမှာတော့ လူငယ်က သူ့ကို လိုက်ပို့ပေးမည်ဟု အကြံပေးသည်။

အားညိုက တစ်ခဏ တုံ့ဆိုင်းသွားသည်။ သို့သော်လည်း လူငယ်က နောက်ထပ် လက်ဆောင်တစ်ခုကို ထုတ်ပေးလိုက်သည်။

ထိုလက်ဆောင်ကို ကြည့်ပြီးနောက် အားညိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ဆက်လက် မငြင်းနိုင်တော့ပေ။ သူက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ထိုအပြုံးကြောင့် လူငယ်က မိုးပေါ်မြှောက်တတ်သွားတော့မည်ဟု ခံစားမိသွားသည်။

ဘေးမှ ရွှီချင်းက အရာအားလုံးကို မြင်သည်။ သူက ပိုပြီးအာရုံစိုက်လာပြီး ပြပွဲကို ဆက်လက် ကြည့်ရှုသည်။

လမ်းတစ်လျှောက်တွင် လူငယ်က ယွဲ့တုန်ထွက်သွားခဲ့သော ရက်ပေါင်းငါးရာကျော်အတွင်း သူတော်စင်ကုန်းမြေ၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို ပြောပြသည်။ သူ၏ စကားလုံးတိုင်းက ဖော်မပြနိုင်အောင် သိမ်မွေ့နူးညံ့ပြီး ချစ်ခြင်းမေတ္တာဖြင့် ပြည့်နှက်နေသည်။ ရံဖန်ရံခါ သူက လက်ဆောင်တစ်ခုပြီးတစ်ခုကို ထုတ်ပေးသည်။

အားညိုသည် ဘဝပေါင်းများစွာ အသက်ရှင်သန်ခဲ့ဖူးသော်လည်း ဤသို့အတွေ့အကြုံမျိုးကို တစ်ခါမှ မကြုံဖူးကြောင်း ထင်ရှားသည်။ နောက်ဆုံးမှာတော့ သူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်ထံမှတဆင့် သူတော်စင်ကုန်းမြေ၏ နောက်ပိုင်းအခြေအနေများကို ရွှီချင်းသည်လည်း ကောင်းမွန်စွာ နားလည်သွားသည်။ အထူးသဖြင့် တစ်ဖက်လူက မဟာဧကရာဇ်ငရဲမီးတောက်၏ တပည့် လုလင်းဇီနှင့် လန်မိသားစုအကြောင်းကို ပြောပြခဲ့သည်။

အားညိုသည်လည်း ထိုကိစ္စကို အထူးအာရုံစိုက်ခဲ့သည်။ ထို့ကြောင့် သူက မေးသည်။

အားညို၏ မေးခွန်းကို ကြားသောအခါ လူငယ်က အသေးစိတ် ရှင်းပြသည်။

လုလင်းဇီသည် လွန်ခဲ့သော တစ်လက ပြန်ရောက်လာခဲ့သည်။

“ လုလင်းဇီနဲ့ လန်မိသားစုကြားက ကိစ္စနဲ့ပတ်သက်ပြီး အတိတ်မှာ ငါမြင်ခဲ့တာက အပေါ်ယံပဲ… ဒါကြောင့် သခင်မတုန်အာ… အတိတ်မှာ အဲ့ဒီအကြောင်း မင်းကို ငါမပြောပြခဲ့တာနဲ့ပတ်သက်ပြီး ငါ့ကို အပြစ်မမြင်ပါနဲ့ ”

“ လက်တလော ငါ့မိသားစုရဲ့ အဆင့်အတန်းက မြင့်မားလာပြီး ဘိုးဘေးရဲ့ ဆွေးနွေးမှုကို ငါကြားတော့မှပဲ အကြောင်းစုံကို သိရတော့တယ်… တကယ်တော့ လန်မိသားစုနဲ့ လုလင်းဇီကြားမှာ ပဋိပက္ခတစ်ခုရှိတာကို သူတော်စင်ကုန်းမြေရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေက သိထားကြတယ် ”

“ ဒါပေမဲ့ သူတို့က ဝင်မပါကြဘူး… လန်မိသားစုပဲနိုင်နိုင် ဒါမှမဟုတ် လုလင်းဇီပဲနိုင်နိုင် အဲ့ဒါက သူတို့အတွက် အရေးမကြီးဘူး… သူတို့က နောက်ဆုံး အနိုင်ရသွားတဲ့လူကိုပဲ ထောက်ပံ့ပေးကြလိမ့်မယ် ”

“ ပြီးခဲ့တဲ့ တစ်လမှာ လုလင်းဇီက အုပ်ချုပ်သူတစ်ပါးအနေနဲ့ သူတော်စင်ကုန်းမြေဆီ ပြန်ရောက်လာပြီး လန်မိသားစုက သူ့ကို မကောင်းကြံခဲ့တယ်လို့ လူတိုင်းကို ပြောခဲ့တယ်… သူက နောက်ဆုံးအချိန်မှာ ကစားပွဲကို ပြောင်းပြန်လှန်လိုက်ပြီး လန်မိသားစုရဲ့ ဘိုးဘေးကို မသတ်ခင် အုပ်ချုပ်သူအဆင့်ကို ချိုးဖြတ်နိုင်သွားခဲ့တယ် ”

“ အဲ့ဒီကိစ္စက မသင်္ကာစရာကောင်းပေမဲ့ သူတော်စင်ကုန်းမြေက အင်အားစုတွေအတွက်တော့ အဲ့ဒါက အရေးမကြီးဘူး… ဘာဖြစ်လို့လဲဆို‌တော့ လုလင်းဇီက ပြန်ရောက်လာပြီးတဲ့နောက် ကိစ္စနှစ်ခုကို လုပ်ဆောင်ခဲ့တယ်… ပထမတစ်ခုက သူက လန်မိသားစုရဲ့ သန့်စင်တဲ့ မျိုးဆက်သွေးကို ရရှိခဲ့ပြီး အဲ့ဒါကို သူ့ရဲ့ ဓမ္မမှော်ဝင်မျက်လုံးနဲ့ ပေါင်းစပ်လိုက်တဲ့အကြောင်း လူသိရှင်ကြားကြေညာခဲ့တယ် ”

“ ပြောရမယ်ဆိုရင် လက်ရှိလုလင်းဇီက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံလိုက်ရပြီ ”

“ ပြီးတော့ သူက အုပ်ချုပ်သူအဆင့်ကို တတ်လှမ်းသွားတာကြောင့် အခု သူတော်စင်ကုန်းမြေထဲမှာ သူက အတော်လေး အဆင့်အတန်း မြင့်မားသွားပြီ ”

“ ဒုတိယကတော့ နောက်သုံးလအတွင်းမှာ သူက နောက်ဆုံးအမွေအနှစ်ကို ဆက်ခံဖို့အတွက် မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာဆီ သွားရောက်တော့မယ်လို့ အင်အားစုအားလုံးဆီ အသိပေးကြေညာခဲ့တယ် ”

“ တစ်ချိန်တည်းမှာ လုလင်းဇီက အဲ့ဒီကံကြမ္မာကောင်းကို ဝေမျှဖို့အတွက် သူ့ရဲ့ နောက်လိုက်အုပ်ချုပ်သူတွေနဲ့ မျိုးနွယ်စုထဲက ကောင်းကင်အရွေးချယ်ခံငါးယောက်ကို သူနဲ့အတူ ခေါ်ဆောင်သွားမယ်လို့ ပြောခဲ့တယ် ”

“ ဒီနည်းနဲ့ သူက သူတော်စင်ကုန်းမြေထဲက အင်အားစုအားလုံးရဲ့ ချီးကျူးမှုကို ရယူခဲ့တယ်… မဟာဧကရာဇ်မိစ္ဆာငှက်မွှေးကတောင် အဲ့ဒါကို ခွင့်ပြုခဲ့တယ် ”

“ ဘာပဲဖြစ်ဖြစ် မဟာဧကရာဇ်ငရဲမီးတောက် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာက ချိပ်ပိတ်ခံထားရတယ်… တကယ်လို့ မင်းက အဲ့ဒီနေရာကို ဖွင့်လှစ်ချင်တယ်ဆိုရင် အထူးနည်းလမ်းတစ်ခုကို လိုအပ်လိမ့်မယ်… လောလောဆယ် မဟာဧကရာဇ် တံခါးပိတ်ကျင့်ကြံနေတဲ့ နေရာကို ဖွင့်လှစ်နိုင်တဲ့လူက လန်မိသားစုရဲ့ မျိုးဆက်သွေးနဲ့ ပေါင်းစပ်ခဲ့တဲ့ လုလင်းဇီတစ်ယောက်ပဲ ရှိတယ်… ဒါ့အပြင် သူက မဟာဧကရာဇ်ရဲ့ တခြားတပည့်တွေရဲ့ အကူအညီကိုလည်း လိုအပ်ဦးလိမ့်မယ် ”

“ ဒါကြောင့် နောက်သုံးလအတွင်းမှာ သူတော်စင်ကုန်းမြေက ကြီးကြီးမားမား ပြောင်းလဲတော့မယ်ဆိုတာ ဘယ်သူမဆို စိတ်ကူးကြည့်နိုင်တယ်… လူတိုင်းက အဲ့ဒီနေရာငါးနေရာအတွက် တိုက်ခိုက်ကြလိမ့်မယ် ”

“ ဒါပေမဲ့ တုန်အာ… မင်းဉာဏ်ကောင်းခဲ့တယ်… အတိတ်မှာ မင်းက လန်မိသားစုနဲ့ ဆက်ဆံရေးကောင်းခဲ့ပေမဲ့ လုလင်းဇီနဲ့ လန်မိသားစုကြားက ပဋိပက္ခမှာ ဝင်မပါခဲ့ဘူး… ဒါကြောင့် လုလင်းဇီ ပြန်ရောက်လာတဲ့အချိန်မှာ သူက မင်းအကြောင်းကို ဘာမှမပြောခဲ့ဘူး ”

ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်က ကြင်နာစွာ ပြောသည်။

ယင်းကို အားညိုကြားသောအခါ သူက နှလုံးတုန်သွားသည်။ သူက ဘေးမှ ရွှီချင်းကို မသိမသာ လှမ်းကြည့်လိုက်သည်။

ရွှီချင်း၏ အမူအရာက ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ ထွက်ပေါ်လာသည်။

သူတို့က အမှန်တရားကို သိထားကြသည်။

ယခု သူတို့က ဤအကြောင်းကို ကြားလိုက်ရသည့်အခါ မည်သို့ သူတို့စဉ်းစားပါစေ ယင်းက မသင်္ကာစရာကောင်းသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ အပြင်လူများ ရှိနေလေရာ ရွှီချင်းနှင့် အားညိုက အချင်းချင်း မဆက်သွယ်နိုင်ကြပေ။

ခမ်းနားထည်ဝါသော ဝတ်စုံနှင့် လူငယ်က ကြင်နာယုယသော စကားများဖြင့် အဖော်ပြုပေးနေစဉ် သုံးရက်ကုန်လွန်သွားသည်။

တစ်ဖက်လူ၏ စောင့်ကြပ်ပေးမှုအောက်မှာ နောက်ဆုံးမှာတော့ ရွှီချင်းနှင့် အားညိုသည် မြို့တစ်မြို့ဆီသို့ ရောက်ရှိသွားကြသည်။ ထိုမြို့သည် ယခင်က သူတို့ဆုံးဖြတ်ခဲ့ကြသော ဦးတည်ရာလည်း ဖြစ်သည်။

ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်သည် ထွက်သွားရန် အင်တင်တင်ဖြစ်နေသည်။ သို့သော်လည်း သူ၏ ကျောက်စိမ်းပြားက ဆက်တိုက် တုန်ယင်နေလေရာ သူ့မှာ ထွက်သွားရန်မှတပါး တခြားရွေးချယ်စရာ မရှိပေ။ သူက စစ်မြေပြင်ဆီသို့ ဦးတည်သွားရတော့မည်။

သူက မထွက်သွားခင် အားညိုကို လက်ဆောင်တချို့ ပေးခဲ့သည်။ အားညိုက ယင်းတို့ကို ကိုင်ဆောင်ထားစဉ် သူ၏ အမူအရာက စိတ်ရှုပ်ထွေးလာသည်။

လူငယ်ထွက်သွားပြီးနောက် ရွှီချင်းက သူ၏ စီနီယာအကိုကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ စီနီယာအကိုကြီးက အချစ်ရေးမှာ ကံကောင်းတာပဲ ”

အားညို၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။

“ ယီး… နောက်ဘဝကျရင် မိန်းကလေးအဖြစ်ပဲ ငါပြန်ဝင်စားတော့မယ်… အခု ငါရခဲ့တဲ့ လက်ဆောင်တွေကို တွက်ကြည့်မယ်ဆိုရင် သူတော်စင်ကုန်းမြေကနေ အခု ငါတို့ပြန်ထွက်သွားမယ်ဆိုရင်တောင် ဘာမှမနစ်နာလောက်ဘူး… ”

စီနီယာအကိုကြီးက သက်ပြင်းချနေကြောင်း မြင်သောအခါ ရွှီချင်းက သူ့ကို နောက်ထပ် မစတော့ပေ။ ယင်းအစား သူက လုလင်းဇီအကြောင်း ပြောသည်။

ယင်းကို အားညိုကြားသောအခါ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။

“ လုလင်းဇီရဲ့ သရုပ်က တစ်ခုခုလွဲမှားနေတယ်လို့ ငါခံစားမိတယ်… အတိတ်မှာ ငါပြောခဲ့တဲ့ စကားက မှန်နေတာများလား ”

အားညိုက ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး ဤကိစ္စကို စဉ်းစားလိုက်သည်။

အချိန်တစ်ခဏကြာပြီးနောက် အားညိုက ချောင်းဟန့်လိုက်သည်။

“ ဘာပဲဖြစ်ဖြစ်… လုလင်းဇီတစ်ယောက်တည်း ရတနာတွေကို လက်ဝါးကြီးအုပ်သွားမှာကို ငါတို့တားဆီးရမယ်… နောက်သုံးလအတွင်းမှာ ခိုးဝှက်ဝင်ဖို့ နည်းလမ်းတစ်ခု ငါတို့စဉ်းစားရမယ် ”

“ အခုတော့ ယွဲ့တုန်ရဲ့ မပြီးဆုံးသေးတဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက် အရှေ့ပိုင်းမိစ္ဆာငှက်မွှေးရဲ့ အင်မော်တယ်အတတ်ပညာခန်းမဆီ ငါသွားတော့မယ်… ချင်းလေး မင်းကရော… ငါနဲ့အတူ လိုက်ချင်လား ”

ရွှီချင်းက ခေါင်းခါလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။

“ အင်မော်တယ်အတတ်ပညာခန်းမဆီ ငါမသွားတော့ဘူး… သရုပ်အသစ်ကို ရဖို့အတွက် အရင်ဆုံး ငါလုပ်ဆောင်ရလိမ့်မယ် ”

…..

တစ်ချိန်တည်းမှာ အရှေ့ပိုင်းမိစ္ဆာငှက်မွှေး၏ နယ်နိမိတ်အတွင်းရှိ…

မဟာဧကရာဇ်ငရဲမီးတောက်၏ တာအိုယဇ်ပလ္လင်နှင့် မနီးမဝေးတွင် အရွယ်အစား အလွန်ကြီးမားပြီး ကြီးကျယ်မြင့်မြတ်သော တောင်တစ်လုံး ရှိသည်။

ထိုတောင်သည် လွန်ခဲ့သော တစ်လက ဤနေရာမှာ မတည်ရှိခဲ့ပေ။

ယင်းက လတ်တလောအတွင်းမှ မြင့်တတ်လာခြင်း ဖြစ်သည်။

ယင်းက အုပ်ချုပ်သူအဆင့်သို့ လုလင်းဇီရောက်ရှိသွားပြီးနောက် တည်ဆောက်ခဲ့သော ဒသမအုပ်ချုပ်သူတောင် ဖြစ်သည်။

ဤအခိုက်အတန့်မှာ တောင်ထိပ်ပေါ်မှ ခန်းမဆောင်ထဲတွင် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လုလင်းဇီက မျက်လုံးမှိတ်ထားလျက် တရားထိုင်နေသည်။

သူ၏ အသက်ရှူသံက ကောင်းကင်ဘုံမိုးခြိမ်းသံပမာ ပဲ့တင်ထပ်နေပြီး ယင်းက ခန်းမဆောင်ကိုသာမက တောင်ကြီးတစ်ခုလုံးကိုလည်း တုန်လှုပ်သွားစေသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ဤနေရာမှာ ဖြစ်တည်စေသည်။

နောက်အခိုက်အတန့်မှာ လုလင်းဇီက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ဤသည်မှာ ကြယ်များက သူ၏ မျက်လုံးထဲမှာ တည်ရှိနေသည့်အလားပင်။ သူ၏ မျက်လုံးက တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်သည်။

ကျောက်စိမ်းပြားမှတဆင့် ယွဲ့တုန်၏ ပြန်ရောက်လာမှုကို အတည်ပြုပြီးနောက် လုလင်းဇီက ပိုပြီး မျက်မှောင်ကြုတ်သွားသည်။

“ ဒီနှစ်ကောင်ကို အဝေး ငါပို့လိုက်တာတောင် သူတို့က ဒီကို ရောက်လာသေးတယ် ”

All Chapters