အခန်း (၂၁၁)
Vol. 15 Ch. 211
"ဒီကျန်းချန်က အကြီးအကဲပြောသလို ငါ့ရဲ့ အားအကောင်းဆုံး ပြိုင်ဘက် ဖြစ်လာနိုင်တယ်"
ယင်ခိုင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ့မျက်လုံးထဲတွင် ယခင်က မရှိခဲ့ဖူးသည့် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာ၏။
အစောပိုင်းက သူသည် အစီအရင်ထဲတွင် နဂါးစွမ်းအားနှင့်ရင်ဆိုင်နေခဲ့ရသည်။
သူ အသုံးမပြုရသေးသည့် နောက်ဆုံး လျှို့ဝှက်စွမ်းအားက လွဲလျှင် သူတတ်နိုင်သမျှ အကုန်အစင် ထုတ်သုံးခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ကျန်းချန်၏ စွမ်းဆောင်ရည်သည် သူ့ထင်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့၏။
ဤအချိန်တွင် ယင်ခိုင်၏ ကျန်းချန်အပေါ် အလေးအနက် ထားသော စိတ်သည် ယဲ့ချမ်ချိုးကိုပင် ကျော်လွန်သွားခဲ့သည်။
ထိုခဏတွင် ယင်ခိုင်၏ မျက်လုံးများသည် အနည်းငယ် တောက်ပသွားသည်။
ဤသည်က အုပ်စုလိုက် ပြိုင်ဆိုင်ရသော ပြိုင်ပွဲသာဖြစ်၍ ပထမနေရာကို ယှဉ်ပြိုင်ဖို့အတွက် လျှို့ဝှက်စွမ်းအားများကို ထုတ်ဖော်ပြသသည်မှာ ဉာဏ်ရှိသည့် ရွေးချယ်မှု မဟုတ်ပေ။
ထို့ကြောင့် သူက မကြာခင် သက်ရောက်တော့မည့် နဝမမြောက် ဖိအားလှိုင်း မတိုင်မီ တိုက်ရိုက် အရှုံးပေးရန် ရွေးချယ်လိုက်သည်။
"လခွမ်း.. ဘယ်လိုအခြေအနေလဲဟ.. ယင်ခိုင်က ဘာလို့များ နှုတ်ထွက်လိုက်တာလဲမသိဘူး"
"ဒါက အုပ်စုလိုက် ပြိုင်ဆိုင်ရတဲ့ ပြိုင်ပွဲပဲ ရှိသေးတာလေ.. ပထမနေရာကို ရခဲ့ရင်တောင် အဓိပ္ပါယ်သိပ်မရှိဘူး"
"ယဲ့ချမ်ချိုးနဲ့ ကျန်းချန်ကတော့ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သောင်း လောင်းကြေးထပ်ထားကြတာဆိုတော့ လွယ်လွယ်နဲ့ အရှုံးမပေးလောက်ဘူးလို့ ငါထင်တယ်"
ယင်ခိုင်က အရှုံးပေးကာ နှုတ်ထွက်လိုက်သည်ကို မြင်လျှင် လူတိုင်း၏ အကြည့်များသည် အစီအရင်ထဲရှိ ယဲ့ချမ်ချိုးနှင့် ကျန်းချန်ဆီ စုပြုံကျရောက်သွားခဲ့သည်။
သူတို့အားလုံးက ကျန်းချန် ယခင်ကလို ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် စွမ်းဆောင်ရည်ကို ဆက်လက် ထိန်းထားနိုင်မလား သိချင်နေကြသည်။
ရင်ပြင်တစ်ခုလုံးရှိ လူအများ၏ အကြည့်အောက်မှာပင် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ နဝမမြောက် ဖိအားလှိုင်းသည် ရောက်ရှိလာ၏။
အစီအရင်၏ ကောင်းကင်အလယ်တွင် မည်းမှောင်နေသော တိမ်တိုက်များ ရုတ်တရက် စုပုံလာခဲ့ပြီး မည်းမှောင်သော တိမ်တွေထဲတွင် လျှပ်စီးများ တလက်လက် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူ၏ ဦးခေါင်း အထက်ရှိ အင်အားကြီးမားသော လျှပ်စီးကြောင်းများကို ကြည့်ပြီး ယဲ့ချမ်ချိုးသည် ခေါင်းတစ်ခုလုံး ထုံကျင်သွားသလို ခံစားလိုက်ရ၏။
အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ နဝမမြောက် ဖိအားလှိုင်းသည် ကောင်းကင်လျှပ်စီး အဖြစ် ပြောင်းလဲသွားခဲ့သည်။
ယဲ့ချန်ချိုးက ကြောက်လန့်သွား၏။
သူက ခဏလေးပင် မတုံ့ဆိုင်းဝံ့ဘဲ မူလဘူတအဆင့် ၃ခွန်အားနှင့် နက်နဲသောဓားဆန္ဒကို ထုတ်ဖော်ကာ ကောင်းကင်ကနေ သက်ဆင်းလာသည့် လျှပ်စီးများကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်ကမူ မလှုပ်ရှားသေးဘဲ ကောင်းကင်လျှပ်စီးကို သူ၏ မျက်လုံးဖြင် အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကျန်းချန်သည် ညာဘက်ဆယ်မီတာအကွာသို့ စကြဝဠာ ရွေ့လျားခြင်း စွမ်းရည်ဖြင့် တည်နေရာရွှေ့လိုက်ပြီး ယခင်အတိုင်း ပေါင်ပေါ်လက်တင်တာ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
"ဒီကောင်လေးက အစီအရင်ပညာရပ်ကို တကယ်ကျွမ်းကျင်တာပဲ.. အစီအရင်လမ်းစဥ်မှာ သူ့ရဲ့ပါရမီက တကယ်ကို အံ့သြဖို့ကောင်းတယ်"
ကျန်းချန်က အစီအရင်၏ ချို့ယွင်းချက်ကို ထပ်မံ၍ တိတိကျကျ ရှာတွေ့သွားသည်ကို မြင်လျှင် ရှားတုန်ဟွမ်က အံ့သြသွားခဲ့သည်။
သူက အားအင်ကုန်ခန်းနေပြီ ဖြစ်သည့် ယဲ့ချမ်ချိုးကို လှမ်းကြည့်ပြီး ကရုဏာသက်စွာဖြင့် ခေါင်းခါယမ်းလိုက်၏။
ဤကောင်လေး အနေဖြင့် အစီအရင်ပညာရပ်ကို ကျွမ်းကျင်သည့် ကျန်းချန်နှင့် ယှဉ်ပြိုင်သည်မှာ ကိုယ့်သေတွင်းကိုယ်တူးသည်နှင့် အတူတူပင် ဖြစ်သည်။
ယဲ့ချမ်ချိုးက သူ၏ ခွန်အား အလုံးအရင်းဖြင့် ခဏမျှ ခုခံပြီးသည့်နောက်မှာ အဆုံးသတ်၌ ကြောက်စရာကောင်းသည့် လျှပ်စီးအင်အားကို တောင့်မခံနိုင်တော့ပေ။
သူက ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်နှာက ချက်ချင်းဖြူဖျော့သွားကာ သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရ၏။
ထိုအချင်းအရာကိုမြင်လျှင် ရှားတုန်ဟွမ်သည် ယဲ့ချမ်ချိုးကို အစီအရင်ထဲကနေ ချက်ချင်းဆိုသလို ဆွဲထုတ်လိုက်သည်။။
တစ်ဖက်တွင်မူ အစီအရင်ထဲရှိ ကျန်းချန်သည် အားကောင်းသော လျှပ်စီးအောက်မှာ တည်ငြိမ်စွာ ရှိနေခဲ့သည်။
အစီအရင်ထဲရှိ ကောင်းကင်လျှပ်စီး အင်အား လုံးဝ ပြီးဆုံးသွားသည်အထိ ကျန်းချန်သည် ထိုအင်အားကြောင့် ထိခိုက်မသွားခဲ့ပေ။
ဤကဲ့သို့ မယုံနိုင်စရာ ကောင်းသော အခြေအနေကြောင့် ရင်ပြင်တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့၏။
ဤကောင်လေးက စီရင်စုကိုးခုရှိ ကိုယ်ခံပညာကျောင်းများတွင် အောက်ဆုံးနေရာတွင်သာ ရှိသည့် လင်ယွင်ကျောင်းတော်မှ ကျောင်းသား ဖြစ်သည်။
ထို့အပြင် နာမည်သိပ်မရှိသည့် အမွေးပေါက်ကာစ ကောင်လေးသာ ဖြစ်၏။
သို့သော် သူက အုပ်စုလိုက် ပြိုင်ဆိုင်ရသည့် ဖယ်ရှားခြင်းပြိုင်ပွဲတွင် ရေပန်းစားနေသော ယဲ့ချမ်ချိုးကိုပင် အနိုင်ယူခဲ့ပြီး နာမည်ကြီးသွားခဲ့သည်။
ဆိုရလျှင် ဤကောင်လေးသည် မဟာရှားနိုင်ငံ၏ စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲ သမိုင်းတွင် အားအကောင်းဆုံး ဖျက်မြင်း ဖြစ်သည်မှာ သေချာ၏။
အခန်း(၂၁၁) ပြီး၏