အခန်း (၂၁၂)
Vol. 15 Ch. 212
နဝမမြောက် လျှပ်စီးအင်အား ပြီးဆုံးသွားသည့် နောက်တွင် ရှားတုန်းဟွမ်သည် အစီအရင်ထဲတွင် ထိုင်နေသည့် ကျန်းချန်ကို ကြည့်လိုက်သည်။
သို့သော်လည်း သူက အစီအရင်ကို ရုပ်သိမ်းရန် မရည်ရွယ်ထားခဲ့ပေ။
သူ၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်သွားပြီး ရင်ပြင်အလယ်တွင် သူ့အသံက ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်လေး.. မင်းတစ်ယောက်ထဲ ငါ့ရဲ့ အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ထဲမှာ ကျန်တော့တယ်.. မင်းဘာသာမင်း ထွက်လာမလား ဒါမှမဟုတ် ငါက မင်းကို ဆွဲထုတ်ပေးရမလား"
သူ၏ အစီအရင်ထဲမှ ကျန်းချန်၏ စွမ်းဆောင်ရည်အတွက် ရှားတုန်ဟွမ်သည် အလွန်အံ့အားသင့်ခဲ့သည်။
ဤကောင်လေးက အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်၏ ချို့ယွင်းချက်များကို အကုန်အစင် မြင်ပြီး သူ့ဘာသာသူ အစီအရင်ထဲကနေ ထွက်လာနိုင်မလား သူ ကြည့်ချင်မိသည်။
"ဘယ်လို"
ရှားတုန်းဟွမ်၏ စကားသည် ရင်ပြင်ထဲရှိ လူတိုင်းကို မယုံနိုင်လောက်အောင် အံ့သြသွားစေ၏။
ဤအရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်သည် စစ်မှန်သည့် စတုတ္ထအဆင့် သတ်ဖြတ်ခြင်း အစီအရင် ဖြစ်သည်။
သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ ကျင့်ကြံသူပင် ထိုအစီအရင်ထဲတွင် ကျရောက်လျှင် လွတ်မြောက်ဖို့ မလွယ်ပေ။
ဤကောင်လေးက မည်မျှပင် စွမ်းဆောင်ရည်ကောင်းနေပါစေ၊ သူ့ဘာသာသူတော့ အစီအရင်ထဲကနေ ထွက်လာနိုင်မည် မဟုတ်လောက်ချေ။
လူတိုင်း အံ့သြနေသည့် အချိန်တွင် ရင်ပြင်ထဲရှိ မရေမတွက်နိုင်သည့် အကြည့်များ အောက်မှာပင် ကျန်းချန်သည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
သူက ခေါင်းမော့ပြီး အစီအရင်ကို တာဝန်ယူထားတဲ့ ရှားတုန်ဟွမ်ကို လှမ်းကြည့်လိုက်ကာ ရယ်မော၍ ပြောလိုက်သည်။
သူ့အသံက လူတိုင်း၏ နားထဲကို ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ဟားဟား... အကြီးအကဲရှားကို အနှောင့်အယှက်မပေးရဲပါဘူး.. စတုတ္ထအဆင့် အစီအရင်က တကယ်ပဲ အားကောင်းပေမဲ့ ကျွန်တော့်အတွက်တော့ သာမန်လောက်ပါပဲ"
စကားသံဆုံးသည်နှင့် ကျန်းချန်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ရှေ့ကို လမ်းလျှောက်လာပြီး အစီအရင်ထဲတွင် S ပုံစံမျဉ်းကွေးအတိုင်း လျှောက်လှမ်းလိုက်သည်။
ခဏအကြာတွင် လူတိုင်းသည် အစီအရင်ထဲကနေ အဆီးအတားမရှိ လမ်းလျှောက်ထွက်လာသည့် ကျန်းချန်ကို တွေ့လိုက်ရ၏။
ထိုမြင်ကွင်းကိုမြင်လျှင် ရင်ပြင်ထဲရှိ မရေမတွက်နိုင်သည့် လူများသည် အသက်ရှူရန်ပင် မေ့လျော့နေခဲ့ကြသည်။
"လင်ယွင်ကျောင်းတော်က ကျန်းချန်က စတုတ္ထအဆင့် အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ကို ဘာမှမဟုတ်သလို သဘောထားပြီး အစီအရင်ထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်သတဲ့လား"
"နတ်ဆိုး.."
"ဒီကောင်က တကယ်ကို နတ်ဆိုးပဲ"
"သိပ်ကို ပါရမီရှိတဲ့ ကောင်လေးပဲ"
"မင်းက ဒီအသက်အရွယ်မှာတင် ငါ့ရဲ့အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်း အစီအရင်ကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်မယ်လို့ မထင်ထားမိဘူး"
ကျန်းချန်က အစီအရင်ထဲကနေ ထွက်လာသည်ကို မြင်လျှင် ရှားတုန်ဟွမ်သည် ချီးကျူးစကား မပြောဘဲ မနေနိုင်တော့ပေ။
ဤကောင်လေးက အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သာ ရှိသေးပုံ ရသော်လည်း အစီအရင်တွင် နားလည်နိုင်စွမ်းသည် အဆင့်တစ်ခုကို ရောက်ရှိနေပြီ ဖြစ်သည်။
အနည်းငယ် လမ်းညွှန်ပေးရုံဖြင့် အနာဂတ်တွင် အနည်းဆုံး ဆဋ္ဌမအဆင့် အစီအရင်သခင် ဖြစ်လာနိုင်မည်ဟု သူခန်မှန်းခဲ့၏။
ထိုထက် ပြောရလျှင် သတ္တမအဆင့် အစီအရင်သခင် ဖြစ်လာရန်ပင် မဖြစ်နိုင်စရာ မရှိပေ။
"အကြီးအကဲရှား.. ဒီပြိုင်ပွဲမှာ ကျန်းချန်ကို ထည့်မတွက်သင့်ဘူး"
"ဒီကောင်က သူရဲ့အစီအရင် ကျွမ်းကျင်မှုကို အခွင့်အရေးကောင်းယူပြီး အစီအရင်ထဲမှာ ဒီလောက်ကြာကြာ ဆက်ရှိနေနိုင်ခဲ့တာပဲ"
"သူရဲ့ တကယ့် အရည်အချင်းနဲ့ဆို ဘယ်လိုလုပ် အဆုံးထိ တောင့်ခံနိုင်မှာလဲ"
ယဲ့ချမ်ချိုးက ချက်ချင်းပင် ရှားတုန်ဟွမ်ကို အထွန့်တက်လိုက်သည်။
"ရယ်စရာပဲ"
"ကျန်းချန်က သူ့ရဲ့ အစီအရင်စွမ်းရည်ကို အားကိုးပြီး ငါ့ရဲ့ အစီအရင်ကို ခံနိုင်ရည်ရှိတာက အစီအရင်ပညာရပ်အပေါ်မှာ လေးလေးနက်နက် လေ့လာလိုက်စားခဲ့လို့ပဲ.. အခွင့်ကောင်းယူတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ရှားတုန်ဟွမ်က အေးစက်စွာ ပြောလိုက်သည်။
"ငါက ဒီပြိုင်ပွဲကို ဦးစီးနေတဲ့သူပဲ.. လုပ်ငန်းစဉ်ထက် ရလဒ်တွေကိုပဲ ကြည့်တယ်. မင်းလက်မခံချင်ရင်တောင် လက်ခံရမယ်"
"ချမ်ချိုး.. မင်း အကြီးအကဲရှားကို အထွန့်မတက်နဲ့"
"အကြီးအကဲရှား ပြောတာမှန်တယ်.. ကျန်းချန်က ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး.. အဆုံးထိ အစီအရင်ထဲမှာ တောင့်ခံနိုင်တာက သူ့ရဲ့စွမ်းရည်ပဲ"
ယဲ့ချမ်ချိုးက ရလဒ်အပေါ် မကျေမနပ်ဖြစ်ကာ အကြီးအကဲရှားကို အထွန့်သွားတက်နေ၍ ဟောင်ထျန်း ကျောင်းတော်၏ လက်ထောက်အကြီးအကဲ နီထျန်းဖုန်းသည် ယဲ့ချမ်ချိုးကို မအော်ဘဲ မနေနိုင်တော့ပေ။
မကြာခင်မှာပင် သူက အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံးတစ်သောင်းကို တိုက်ရိုက် ထုတ်ကာ ကျန်းချန်ကို ပေးလိုက်သည်။
"ကောင်လေး.. ဒါက ချမ်ချိုး ရှုံးနိမ့်သွားတဲ့ လောင်းကြေးအတွက် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံးတစ်သောင်းပဲ.. ငါက သူ့ကိုယ်စား မင်းကိုပေးမယ်"
နီထျန်းဖုန်းက စကားဆုံးလျှင် ယဲ့ချမ်ချိုး နှင့်အတူ ဟောင်ထျန်းကျောင်းတော်မှ ကျောင်းသားများကို ခေါ်ကာ ထွက်သွားခဲ့သည်။
အခန်း(၂၁၂) ပြီး၏