← Chapters

အခန်း (၂၁၃)

Vol. 15 Ch. 213

အခန်း (၂၁၃)

Vol. 15 Ch. 213

အုပ်စုလိုက်ပွဲစဥ်က ပြီးသွားပြီ ဖြစ်သည်။

ရှားတုန်ဟွမ်သည် ထိပ်ဆုံး ၆၄ ယောက်စာရင်းကို ကြေညာခဲ့သည်။

လူတိုင်းက ရင်ပြင်ကနေ ထွက်ခွာသွားခဲ့ပြီး မနက်ဖြန်ကျင်းပမည့် ဒုတိယအဆင့်ပွဲကို စောင့်ဆိုင်းနေကြ၏။

တစ်ရက်တာက လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် လူတိုင်းသည် ရင်ပြင်တွင် တစ်ဖန် ပြန်လည် စုဝေးခဲ့ကြသည်။

"ဒီတစ်ခေါက် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲက ဒီနှစ်မှာ စိတ်အဝင်စားဆုံးပွဲ ဖြစ်လောက်တယ်"

"ဟုတ်တယ်.. ဒီနှစ်မှာ ယင်ခိုင်နဲ့ ယဲ့ချမ်ချိုး တို့လို အရည်အချင်းရှိတဲ့သူတွေ ရှိရုံတင်မကဘူး.. ကျန်းချန်လို ဖျက်မြင်း တစ်ကောင်လည်း ရှိနေတော့ ပြိုင်ပွဲက စိတ်ဝင်စားစရာ ကောင်းမှာ အသေအချာပဲ"

"ငါက ကျန်းချန်ဘက်ကနေ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်ရာ လောင်းထားတယ်.. ကျန်းချန်သာ မနေ့ကလို အံ့ဖွယ်သရဲ လုပ်ဆောင်ပြနိုင်မယ်ဆိုရင် ပြိုင်ပွဲမှာ ဗိုလ်စွဲမှာ အသေအချာပဲ"

"ဟားဟား... ငါလည်း အတူတူပဲ.. ကျန်းချန် ဗိုလ်စွဲဖို့ ငါလည်း တကယ်ကို မျှော်လင့်မိတယ်"

ရင်ပြင်ထဲရှိ မရေမတွက်နိုင်သောလူများသည် ကျန်းချန် ဗိုလ်စွဲမည်ကို မျှော်လင့်နေသည့်အချိန်တွင် အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့မှ လူလတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူ၏ မျက်နှာသည် ရှုံ့မဲ့သွားခဲ့သည်။

သံသယဖြစ်စရာ မလိုလောက်အောင်ပင် ကျန်းချန် ဗိုလ်စွဲမည်ကို အလိုမရှိဆုံးလူမှာ သူဖြစ်သည်။

ဤတစ်ခေါက် ပြိုင်ပွဲတွင် ကျန်းချန် ဗိုလ်စွဲရန် လောင်းထားသည့် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး အရေအတွက်သည် ငါးသိန်း ကျော်သွားပြီ ဖြစ်သည်။

ကျန်းချန်သာ ဗိုလ်စွဲခဲ့လျှင် အနက်ရောင်တိမ်တိုက်ကုန်သွယ်ရေးအဖွဲ့သည် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး သန်း ၅၀ ပေးလျော်ရလိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် သူသည် အနက်ရောင်တိမ်တိုက်ကုန်သွယ်ရေးအဖွဲ့၏ ရာစုနှစ် အပြစ်သား ဖြစ်သွားမည်မှာ သေချာသလောက်ပင် မဟုတ်ပါလော။

"ကျန်းချန်.. ကိုယ်ခံပညာပြိုင်ပွဲမှာ ငါနဲ့ မတွေ့ဖို့ ဆုတောင်းထားတာ အကောင်းဆုံးပဲ.. မဟုတ်ရင် မင်းကို ကြီးလေးတဲ့အဖိုးအခ ပြန်ပေးဆပ်ခိုင်းမယ်"

ယဲ့ချမ်ချိုးက ကျန်းချန်ကို မကျေမချမ်း စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်များ တောက်ပနေခဲ့၏။

ယမန်နေ့က အရိပ်တစ်ထောင် ပုံရိပ်ယောင် သတ်ဖြတ်ခြင်းအစီအရင်၏ နဝမမြောက်လှိုင်းဖြစ်သည့် လျှပ်စီးအင်အားဖြင့် ဖိနှိပ်ခံရပြီးသည့်နောက်တွင် ယဲ့ချမ်ချိုးသည် ကောင်းချီးတစ်ခု ရရှိခဲ့ပြီး မူလဘူတ နယ်ပယ်အဆင့်၄ကို တစ်ညထဲဖြင့် ထိုးဖောက်နိုင်ခဲ့သည်။

ယခုအချိန် ယင်ခိုင်ကို ရင်ဆိုင်ရလျှင်ပင် သူက လုံးဝယုံကြည်မှု ရှိနေခဲ့၏။

ဤတစ်ကြိမ် ပြိုင်ပွဲ၏ ပထမနေရာက သူယဲ့ချမ်ချိုး အတွက်သာ ဖြစ်ရမည်ဟု သူယုံကြည်ခဲ့သည်။

မည်သူ့ကိုမှ သူ့လက်ထဲကနေ လုယူခွင့်ပေးမည် မဟုတ်ချေ။

"စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်၊ အဆင့်သတ်မှတ်ခြင်း ပြိုင်ပွဲကို အခုစတင်ပါမယ်"

ရှားတုန်ဟွမ်က ရင်ပြင်အလယ်မှာ ရပ်ကာ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲ၏ ဒုတိယအဆင့်၊ အဆင့်သတ်မှတ်ခြင်းပြိုင်ပွဲ။

ဒုတိယအဆင့်ကို ဝင်ရောက်ခွင့်ရသည့် ကျောင်းသား ၆၄ ယောက်သည် တစ်ယောက်ချင်းစီ တိုက်ခိုက်မည့် ပြိုင်ပွဲများကို ဆယ်ပွဲတိတိ ယှဥ်ပြိုင်ရမည် ဖြစ်သည်။

အနိုင်ရလျှင် တစ်မှတ်ရမည်ဖြစ်ပြီး ရှုံးလျှင် တစ်မှတ်လျော့ခံရမည် ဖြစ်၏။

ဆယ်ပွဲပြီးသည့်နောက် ရရှိသည့် အမှတ်သည် ဤတစ်ကြိမ် စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲတွင် ရရှိခဲ့သည့် အဆင့်ပင် ဖြစ်သည်။

"အဆင့်သတ်မှတ်ခြင်းပွဲရဲ့ ပထမဆုံးပွဲအဖြစ် ယဲ့ချမ်ချိုးက ကျောက်လီကို ရင်ဆိုင်ရမယ်"

ရှားတုန်ဟွမ်က ပြိုင်ပွဲထုံးစံအတိုင်း ပထမပွဲ၏ နှစ်ဖက် ပြိုင်ပွဲဝင်များကို ကြေညာလိုက်သည်။

ယဲ့ချမ်ချိုးက ရင်ပြင်အလယ်ရှိ ကျောက်စင်မြင့်ထက်တွင် ပေါ်လာခဲ့သည်။

ယဲ့ချမ်ချိုးနှင့် တိုက်ခိုက်မည့် ကျောက်လီသည် စင်ပေါ်တက်လာပြီးသည့်နောက်တွင် တိုက်ရိုက် အရှုံးပေးလိုက်သည်။

ဤသို့ဖြင့် ယဲ့ချမ်ချိုးက ဘာမှမပင်ပန်းလိုက်ဘဲ ပထမပွဲကို အနိုင်ရရှိသွားခဲ့၏။

နောက်ထပ် ပွဲအနည်းငယ်တွင် ယင်ခိုင်၏ ပြိုင်ဘက်က ချွင်းချက်မရှိ အရှုံးပေးသည်ကလွဲလျှင် တခြားသူများ၏ တိုက်ပွဲများသည် ပြင်းထန်ခဲ့သည်။

ပွဲအနည်းငယ် ထပ်ပြီး ကုန်လွန်သွားခဲ့သည်။

"ကျန်းချန်က လီယန်နဲ့ ရင်ဆိုင်ရမယ်"

"နောက်ဆုံးတော့ ငါ့အလှည့် ရောက်လာခဲ့ပြီ"

သူ့နာမည်ကိုကြားလျှင် ကျန်းချန်က မျက်စိတစ်မှိတ်အတွင်း ရင်ပြင်အလယ်ရှိ စင်မြင့်ပေါ်၌ ပေါ်လာခဲ့သည်။

သူက စင်ပေါ်ကို တက်လာသည့် တစ်ဖက်က လူကို ကြည့်ကာ ပြောလိုက်သည်။

"မင်းက ငါ့ကို အရှုံးမပေးဘူးလား"

"ဟမ့်.. ကျန်းချန်.. မင်းက ပထမအဆင့် အုပ်စုလိုက်ပြိုင်ပွဲမှာ အစီအရင်ပညာကို အားကိုးခဲ့လို့သာ ပထမနေရာရခဲ့တာပဲ"

"အခုက တစ်ယောက်ချင်းစီ တိုက်ပွဲပဲလေ.. ငါက မင်းကို ဘာလို့ ကြောက်ရမှာလဲ"

လီယန်ဟု ခေါ်သည့် လူငယ်က အေးစက်စွာ ရေရွတ်လိုက်ပြီး ရုတ်တရက် လက်သီးဆုပ်ကာ နက်နဲမှု အခြေခံအဆင့် လက်သီးသိုင်းဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကျန်းချန်က နေရာမှာပင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပနေ၏။

သူက ပြန်လည်တိုက်ခိုက်ရန် အနည်းငယ်မျှပင် ရည်ရွယ်ထားပုံမရဘဲ လီယန်၏ လက်သီးကို ရင်ဘတ်ဖြင့် တိုက်ရိုက် ခံဆောင်လိုက်သည်။

အခန်း(၂၁၃) ပြီး၏

All Chapters