← Chapters

အခန်း (၂၁၅)

Vol. 15 Ch. 215

အခန်း (၂၁၅)

Vol. 15 Ch. 215

ရင်ပြင်ပေါ်မှ မရေမတွက်နိုင်သည့် ကြောက်လန့်တကြား အကြည့်များအောက်တွင် ရှစ်ရှန်၏ မူလဘူတအဆင့် လက်ဝါးရိုက်ချက်သည် မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

သို့သော်လည်း ကျန်းချန်သည် ရှစ်ရှန်၏ မူလဘူတအဆင့် စွမ်းအင်များ ပါဝင်သည့် လက်ဝါးရိုက်ချက်ကို ဂရုမစိုက်ဘဲ နေရာမှာပင် မာနကြီးစွာ ရပ်နေဆဲပင်။

ရှစ်ရှန်၏ လက်ဝါးရိုက်ချက်သည် ကျန်းချန်ကို လုံးဝ မထိခိုက်စေခဲ့ပေ။

ဤမြင်ကွင်းက ရင်ပြင်ထဲရှိ လူတိုင်းကို တဖန် ကြောင်အသွားစေခဲ့၏။

"လခွမ်း.. ကျန်းချန်က ခန္ဓာကိုယ်ခွန်အားနဲ့ ရှစ်ရှန်ရဲ့ မူလဘူတအဆင့် စွမ်းအားပါဝင်တဲ့ လက်ဝါးရိုက်ချက်ကို တကယ်ပဲ ပိတ်ဆို့လိုက်တာလား"

"ဒါ.. ဒါက အရမ်းအားကောင်းလွန်းတာပဲ"

ကျန်းချန်၏ တစ်ဖက်မှ ရှစ်ရှန်သည်လည်း ပရိသတ်များနှင့် အတူတူပင် ထိတ်လန့်အံ့သြသွားခဲ့သည်။

ဒီကောင်ရဲ့ ခန္ဓာကိုယ်အင်အားက ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ"

"သူက ခန္ဓာကိုယ် ခွန်အားသက်သက်နဲ့ ငါ့ရဲ့ မူလဘူတအဆင့် စွမ်းအားပါဝင်တဲ့ လက်ဝါးရိုက်ချက်ကို အလွယ်တကူ ပိတ်ဆို့လိုက်တာလား"

"ရှစ်ရှန်.. မင်းရဲ့ လက်ဝါးရိုက်ချက်က အရမ်းအားနည်းလွန်းတယ်.. မင်းရဲ့ ခွန်အားကို အကုန်အစင်သာ ထုတ်သုံးလိုက်စမ်းပါ"

ရှစ်ရှန် အံ့အားသင့်နေသည့်အချိန်တွင် ကျန်းချန်၏ မထီမဲ့မြင် ရေရွတ်သံသည် သူ့နားထဲတွင် ထွက်ပေါ်လာခဲ့၏။

"ကျန်းချန်.. မင်းက ငါ့ကို အထင်သေးလွန်းတယ်"

"မင်းရဲ့ ခန္ဓာကိုယ် ဘယ်လောက်ထိ အားကောင်းလဲ ဆိုတာကို ငါကြည့်ချင်တယ်"

ရှစ်ရှန်က အံကြိတ်ပြီး အော်ဟစ်လိုက်သည်။

သူက သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်သည်နှင့် ပြင်းထန်သော မူလဘူတအဆင့် စွမ်းအင်သည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်အလယ်တွင် အမြင့်သုံးပေရှိသည့် ဧရာမ လက်သီးအဖြစ် တိုက်ရိုက် စုစည်းလိုက်သည်။

ဤတစ်ခေါက်တွင် ရှစ်ရှန်သည် အနည်းငယ်မျှပင် ထိန်ချန်မထားဘဲ သူအားအကိုးရဆုံး လက်သီးသိုင်းကို တိုက်ရိုက်ထုတ်ဖော်လိုက်ခြင်း ဆိုလည်းမမှားပေ။

"ကမ္ဘာမြေတုန်ဟီး လက်သီး"

ရှစ်ရှန်က မာန်သွင်း၍ အော်ဟစ်လိုက်သည်။

သူ၏ ကမ္ဘာမြေတုန်ဟီးလက်သီးသည် ကျန်းချန်ဆီသို့မိုးကြိုးပစ်ချလိုက်သည်နှယ် ကျရောက်လာခဲ့သည်။

"ဝုန်း"

မျက်စိတစ်မှိတ်အတွင်း အမြင့်သုံးပေရှိသည့် ဧရာမလက်သီးသည် ကျန်းချန်ဆီသို့ ကျရောက်လာခဲ့၏။

ရှစ်ရှန်၏ အားကောင်းသော ထိုးနှက်ချက်အောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် နှစ်လှမ်း သုံးလှမ်းခန့် နောက်ဆုတ်ပြီးမှ တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့သည်။

"ဒင်.. သင်က မူလဘူတ အဆင့်ကျင့်ကြံသူထံကနေ အပြည့်အဝ ထိုးနှက်ချက်ကို လက်ခံရရှိပြီး အတွေ့အကြုံရမှတ် ၁၀၀၀ကို အဆ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်က ဒုတိယအဆင့်ကို ရောက်ရှိသွားပါပြီ"

သူ၏ စိတ်ထဲမှ ရင်းနှီးသော သတိပေးချက်အသံကို ကြားလျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

တိုက်ခိုက်မှုများကို အဆက်မပြတ် ခံယူပြီးသည့်နောက်တွင် သူ၏ မပျက်စီးနိုင်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်သည် အဆုံးသတ်တွင် နောက်တစ်ဆင့်သို့ ဖောက်ထွက်သွားခဲ့ပြီ ဖြစ်၏။

ယခုအခါတွင် သူသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သီးသန့်ဖြင့်ပင် မူလဘူတ နယ်ပယ်အဆင့်၄ ကျင့်ကြံသူနှင့် ယှဉ်နိုင်ဖို့ လုံလောက်နေပြီ ဖြစ်သည်။

"ဟားဟား... ဒီထိုးနှက်ချက်က စိတ်ဝင်စားစရာကောင်းသားပဲ"

ကျန်းချန်က တစ်ဖက်မှ ရှစ်ရှန်ကို ပြုံး၍ ကြည့်လိုက်ပြီး လက်ယပ်၍ ပြောလိုက်သည်။

"လာစမ်းပါ.. မင်းမှာ တခြားနည်းစနစ်တွေ ထပ်ရှိသေးလား.. ရှိရင် အကုန်သာ ထုတ်သုံးလိုက်"

ကျန်းချန်၏ မထီမဲ့မြင် အကြည့်ကို ခံစားရလျှင် ရှစ်ရှန်သည် ဒေါသထွက်လာခဲ့ပြီး နောက်ထပ် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် လက်သီးတစ်လုံးကို ကျန်းချန်ဆီ ပစ်သွင်းလိုက်၏။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်ကို နောက်မဆုတ်သွားစေရုံတင် မကဘဲ သူကသာ ခုနစ်လှမ်း ရှစ်လှမ်းလောက်အထိ နောက်ဆုတ်သွားခဲ့ရသည်။

"လခွမ်း...ကျန်းချန်ရဲ့ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ပိုအားကောင်းလာတယ်လို့ ခံစားရတာလဲ"

"သူက သူ့ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်ကို အဆင့်တက်အောင် လုပ်ဖို့ ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို သုံးနေတာပဲ.. ကြည့်ရတာ ဒီကောင် အဆင့်တက်သွားပုံရတယ်"

"ဒီကောင်က တကယ်ကို နတ်ဆိုးဆန်တဲ့ကောင်ပဲ"

ပြိုင်ပွဲစင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ပြီး ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော လူများသည် အသက်ရှူဖို့ပင် မေ့လျော့နေခဲ့ကြသည်။

ကျန်းချန်၏ ခန္ဓာကိုယ်ခွန်အားသည် အစကတည်းကပင် အလွန်အားကောင်းပြီးသား ဖြစ်၏။

ယခု သူက ​ပြိုင်ဘက်၏ တိုက်ခိုက်မှုကို အသုံးချပြီး ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို အောင်မြင်စွာ အဆင့်တက်စေခဲ့သည်။

အစောပိုင်းတွင် ရှစ်ရှန်သည် လက်သီးချက်ဖြင့် ကျန်းချန်ကို နောက်ဆုတ်စေခဲ့သော်လည်း ယခုအခါတွင် ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့်ပင် ရှစ်ရှန်လို မူလဘူတ နယ်ပယ်အဆင့်မှ ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ပြီ ဖြစ်၏။

ကျန်းချန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ဖျက်ဆီးနိုင်သောလူသည် စီရင်စုကိုးခုမှ ကျောင်းသားများ ထဲတွင် လူအနည်းငယ်သာ ရှိသည်။

"ဒီကောင်က အတိုက်ခံရလေ ခံနိုင်ရည်ပိုကောင်းလေလား"

အခန်း(၂၁၅) ပြီး၏

All Chapters