အခန်း (၂၁၇)
Vol. 15 Ch. 217
ယဲ့ချမ်ချိုး၏ ရုတ်တရက် ပေါက်ကွဲထွက်လာသည့် အင်အားသည် ရင်ပြင်ထဲရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
"လခွမ်း.. ယဲ့ချမ်ချိုးက တစ်ညထဲနဲ့ မူလဘူတ နယ်ပယ်အဆင့်၄ကို ဖောက်ထွက်သွားတာလား"
"ယဲ့ချမ်ချိုးက ဓားရေးပါရမီရှင်တစ်ယောက်ပဲ.. သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အရင်ကတည်းက အံ့သြစရာကောင်းနေခဲ့ပြီ.. အခု သူက မူလဘူတ နယ်ပယ်အဆင့်၄ကို ဖောက်ထွက်သွားပြီ ဆိုတော့ သူနားလည်ထားတဲ့ ဓားဆန္ဒနဲ့သာ ပေါင်းစပ်လိုက်ရင် သူ့ကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး"
ယဲ့ချမ်ချိုး၏ အဆင့်တက်မှုသည် ကျန်းချန်ကို ပို၍ အန္တရာယ်ရှိသွားစေခဲ့သည်။
ကျင့်ကြံသူ တစ်ယောက်သည် ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာသည်နှင့်အမျှ တိုက်ခိုက်ရေးစွမ်းအားပါ တိုးတက်လာမည် ဖြစ်၏။
အထူးသဖြင့် ကိုယ်ခံပညာ၏ အစစ်အမှန် အဓိပ္ပာယ် ဖြစ်သည့် ဓားဆန္ဒကို နားလည်သော ယဲ့ချမ်ချိုးလို ပါရမီရှင်ဆိုလျှင် တိုက်ခိုက်ရေးစွမ်းအားသည် နှစ်ဆတိုးလာလိမ့်မည် ဖြစ်သည်။
ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အလွန်တရာ အားကောင်းပြီး သာမန် မူလဘူတအဆင့် ကျင့်ကြံသူသည် သူ့ကို ထိခိုက်ဖို့ ခဲယဉ်းလိမ့်မည် ဖြစ်၏။
သို့ရာတွင် ယဲ့ချမ်ချိုးသည် သာမန် မူလဘူတအဆင့် ကျင့်ကြံသူ မဟုတ်ပေ။
သူနားလည်ထားတဲ့ နက်နဲသော ဓားဆန္ဒနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ တိုက်ခိုက်မှုသည် ပိုမို၍ ကြောက်စရာကောင်းလာနိုင်သည်။
ကျန်းချန်က ယဲ့ချမ်ချိုး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ဖို့ဆိုသည်မှာ လွယ်ကူသော အလုပ် မဟုတ်သည်မှာ သေချာ၏။
သို့သော်လည်း ရင်ပြင်ထဲရှိ လူတိုင်း၏ စိုးရိမ်ပူပန်မှုနှင့် နှိုင်းယှဉ်လျှင် ကျန်းချန်သည် အလွန်ပင် တည်ငြိမ်မှု ရှိနေခဲ့သည်။
သူက တစ်ဖက်မှ ယဲ့ချမ်ချိုးကို ကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"ဟောင်ထျန်းကျောင်းတော်ရဲ့ ဓားရေးပါရမီရှင်ဆိုတဲ့ နာမည်နဲ့ထိုက်တန်ပါတယ်.. မင်းက သတ်ဖြတ်ခြင်း အစီအရင်ရဲ့ ကောင်းကင်လျှပ်စီး စွမ်းအားနဲ့ ဖိနှိပ်ခံရပြီး မူလဘူတအဆင့်၄ကို ဖောက်ထွက်နိုင်မယ်လို့ ငါတကယ် မထင်ထားမိဘူး"
"ကျန်းချန်.. မင်းက ငါ့ရဲ့အနိုင်မှတ်တမ်းကို အဆုံးသတ်ချင်တယ် မဟုတ်လား"
ယဲ့ချမ်ချိုးက ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
"သိပ်မကြာခင် ငါတို့ထဲမှာ အရှုံးသမားက ဘယ်သူလဲ ဆိုတာ မင်းသိလာလိမ့်မယ်"
"ဟားဟား... မင်းက မူလဘူတ နယ်ပယ်အဆင့်၄ကို ဖောက်ထွက်သွားနိုင်တာနဲ့ မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်သွားပြီလို့ တကယ်ပဲ ထင်နေတာလား"
"မင်းသိထားရမှာက နေရာတိုင်းမှာ မင်းထက် သာတဲ့သူတွေ ရှိတယ်ဆိုတာပဲ"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောကာ ပြောလိုက်သည်။
နောက်ထပ် တခဏတွင် ကျန်းချန်ဆီကနေ မူလဘူတနယ်ပယ် အဆင့်၄၏ ခွန်အားက လျင်မြန်စွာ ပေါက်ကွဲထွက်လာခဲ့၏။
"မူလဘူတ နယ်ပယ်အဆင့် ၄ပါလား"
"ဒါဆို ကျန်းချန်ကလည်း မူလဘူတ နယ်ပယ်အဆင့် ၄ကို ရောက်ရှိသွားခဲ့ပြီပေါ့"
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ရင်ပြင်ထဲရှိ လူတိုင်းသည် မယုံနိုင်လောက်အောင် အံ့သြတုန်လှုပ်နေကြ၏။
ကျန်းချန်သည် ပြိုင်ပွဲတစ်လျောက်လုံး သူ၏ အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စွမ်းရည်ကိုသာ လူတိုင်းရှေ့တွင် ပြသခဲ့သည်။
ထို့ကြောင့် ကျန်းချန်က မူလဘူတ နယ်ပယ်အဆင့် ၄ကို ရောက်ရှိနေမည်ဟု မည်သူမှ မတွေးမိခဲ့ကြပေ။
မူလဘူတ နယ်ပယ်အဆင့် ၄ခွန်အားနှင့် အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ကျန်းချန်သည် ယဲ့ချမ်ချိုးနှင့် ကောင်းစွာ ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပါလား။
"မင်း.. မင်းမှာ မူလဘူတ နယ်ပယ်အဆင့်၄ ခွန်အား ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
သူ့ထက် အားမနည်းသည့် ကျန်းချန်၏ အားကောင်းသော စွမ်းအင်ကို ခံစားရလျှင် ယဲ့ချမ်ချိုး၏ မျက်လုံး၌ ကြောက်လန့် တုန်လှုပ်သော အရိပ်အယောင်များ ဖုံးကွယ်မရစွာ ဖြစ်ပေါ်လာသည်။
အစောပိုင်းတွင် ယဲ့ချမ်ချိုးသည် ကျန်းချန်ကို ဂရုမစိုက်ခဲ့ပေ။
ယမန်နေ့က ကျန်းချန်ကို သူရှုံးနိမ့်ခဲ့၏။
ရှုံးနိမ့်ရသည့် အကြောင်းရင်းမှာ ကျန်းချန်သည် အစီအရင် ကျွမ်းကျင်မှုကို အခွင့်ကောင်းယူကာ အနိုင်ယူသွားခဲ့သောကြောင့်ပင်။
ကျန်းချန်တွင် မူလဘူတ နယ်ပယ်အဆင့်၄၏ ခွန်အား ရှိနေမည်ဟု ယဲ့ချမ်ချိုးက ဘယ်သောအခါမှ မမျှော်လင့်ခဲ့ပေ။
မနေ့ညကသာ အဆင့်၄ကို ဖောက်ထွက်နိုင်မည့် အခွင့်အရေး မရှိလျှင် သူ၏ ကျင့်ကြံခြင်း အခြေခံသည် ကျန်းချန်ထက် အများကြီး နိမ့်နေလိမ့်မည် ဖြစ်သည်။
ယခင်က တစ်ယောက်မှ စိတ်မဝင်စားသည့် သူ့ပြိုင်ဘက်သည် ယခုအခါတွင် သူ့ထက်ပင် ပို၍ ပါရမီထူးချွန်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် အဖြစ်ကို ပြောင်းလဲသွားခဲ့သည်။
ယင်းမှာ သူ့ကိုယ်သူ အမြဲလိုလို တန်ဖိုးထားသည့် ယဲ့ချမ်ချိုးကို သောက်ခွက်ဖြတ်ရိုက်လိုက်သည်နှင့် မခြားပေ။
"မင်းလိုကောင်က မူလဘူတ နယ်ပယ်အဆင့် ၄ကို ဖောက်ထွက်နိုင်ရင် ငါက ဘာလို့ မဖောက်ထွက်နိုင်ရမှာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ခနဲ့လိုက်၏။
သူ၏ မောက်မာသော လေသံသည် လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်သွားခဲ့၏။
"ယဲ့ချမ်ချိုး...အဓိပ္ပာယ်မရှိတဲ့ အပိုစကားတွေ ငါ့ဆီ လာမပြောနဲ့"
"ငါ့ရဲ့ကျင့်ကြံခြင်း အခြေခံက မင်းထက် အားကောင်းရုံတင်မကဘူး.. မင်းကို လုံးဝ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာ ချက်ချင်း သက်သေပြပေးမယ်"
အခန်း(၂၁၇) ပြီး၏