← Chapters

အခန်း (၂၁၈)

Vol. 15 Ch. 218

အခန်း (၂၁၈)

Vol. 15 Ch. 218

"ကျန်းချန်.. မင်းက ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်ချင်နေတာလား"

"မင်းက မူလဘူတ အဆင့်၄ကို ရောက်ရင်တောင် ငါမင်းကို အနိုင်ယူနိုင်တယ်"

ယဲ့ချမ်ချိုး၏ မျက်လုံးများက အေးစက်သွားသည်။

နက်နဲသော ဓားဆန္ဒက ချက်ချင်း ပေါက်ကွဲထွက်လာပြီး လေထဲတွင် ပုံရိပ်ယောင် ဓားရိပ်တစ်ခုကို တိုက်ရိုက် စုစည်းကာ ကျန်းချန်ကို ခုတ်ချလိုက်သည်။

ကျန်းချန်က သူ့ကို အကြိမ်ကြိမ် အထင်သေးခဲ့၍ ယဲ့ချမ်ချိုးသည် အဆုံးသတ်တွင် လုံးဝ ဒေါသထွက်သွားခဲ့၏။

သူက အနည်းငယ်လေးမျှပင် မထိန်ချန်ဘဲ သူ၏ အားအကောင်းဆုံး ဓားဆန္ဒကို ထုတ်ဖော်လိုက်သည်။

သူ၏ မူလဘူတ အဆင့်၄ခွန်အားနှင့် ဓားဆန္ဒကို ပေါင်းစပ်လိုက်လျှင် မူလဘူတ နယ်ပယ်အဆင့်၆မှ ကျင့်ကြံသူပင် ခံနိုင်ရည်ရှိရန် ခဲယဥ်းမည် ဖြစ်၏။

သူ၏ ဓားဆန္ဒကို ကျန်းချန် မည်ကဲ့သို့ ပိတ်ဆို့မလဲ ဆိုသည်ကို ယဲ့ချမ်ချိုး ကြည့်ချင်မိသည်။

"ဟားဟား... ဓားဆန္ဒကို နားလည်ရုံလေးနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"

"ငါ့အနေနဲ့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် မင်းကို အလွယ်တကူ ချေမှုန်းနိုင်တယ်လို့ ပြောပြီးသားပါ"

စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်သည် ရုတ်တရက် ပြောင်းလဲသွားပြီး ယဲ့ချမ်ချိုးအောက် မနိမ့်သည့် ကောင်းကင်ကိုပင် တုန်လှုပ်စေသော ဓားဆန္ဒသည် ထွက်ပေါ်လာခဲ့သည်။

"ဝုန်း"

ဓားဆန္ဒနှစ်ခုက လေထဲတွင် ချက်ချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ယဲ့ချမ်ချိုးက ခပ်တိုးတိုး ညီးညူလိုက်ပြီး ရုတ်တရက် မျက်နှာ ဖြူဖျော့သွားကာ လူတစ်ကိုယ်လုံး တောင့်မခံနိုင်တော့ဘဲ အနောက်သို့ အနည်းငယ်ဆုတ်လိုက်ရ၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ် မတည်ငြိမ်နိုင်ခင်မှာပင် ကျန်းချန်က တည်နေရာရွှေ့ပြောင်းလိုက်သလို သူ့ရှေ့တွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ယဲ့ချမ်ချိုးက တုံ့ပြန်ဖို့ပင် အချိန်မရှိလိုက်ပေ။

ကျန်းချန်၏ လျင်မြန်သော လက်သီးချက်သည် သူ၏ ရင်ဘတ်ပေါ်သို့ နစ်ခနဲ ကျရောက်သွားခဲ့သည်။

"ဝေါ့"

ယဲ့ချမ်ချိုး၏ လည်ချောင်းက ချိုမြိန်သွားပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးက စင်မြင့်အောက်သို့ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့၏။

"ကျန်းချန်... သူ.. သူက တကယ်ပဲ အနိုင်ရသွားတာလား"

အားလုံးက ပြိုင်ပွဲစင်မြင့်ပေါ်ကနေ လွင့်စင်သွားသည့် ယဲ့ချမ်ချိုးကို ကြည့်နေကြသည်။

တစ်ခဏအတွင်း ရင်ပြင်တစ်ခုလုံးသည် တစပြင်သဖွယ် တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းက စင်မြင့်ပေါ်တွင် မာနကြီးစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်ပြီး မယုံနိုင်လောက်အောင် ကြောက်လန့်တုန်လှုပ်နေကြသည်။

ကျန်းချန်၏ အင်အားက ဤမျှလောက် အားကောင်းသည့် အဆင့်ကို ရောက်ရှိနေမည်ဟု မည်သူမှ မထင်ထားကြပေ။

အစောပိုင်းက ယဲ့ချမ်ချိုးသည် မူလဘူတ နယ်ပယ်အဆင့်၄ ခွန်အားကို ထုတ်သုံးလိုက်၍ ကျန်းချန် အန္တရာယ်ရှိမည်ဟု အားလုံးက ထင်ခဲ့ကြသည်။

ဆိုရလျှင် သူတို့သည် ယဲ့ချန်ချိုးကို ပထမနေရာ ရရှိဖို့ အလားအလာ အလွန်များသည်ဟု ထင်ခဲ့ကြ၏။

သို့သော် အဖြစ်မှန်က သူတို့ကို အံ့အားသင့်စေခဲ့သည်။

ကျန်းချန်ကလည်း ယဲ့ချမ်ချ်ိုးအောက် မနိမ့်သည့် မူလဘူတနယ်ပယ်အဆင့်၄ အင်အားကို ထုတ်ဖော်ပြသလိုက်သည်။

ယဲ့ချမ်ချိုးက နက်နဲသော ဓားဆန္ဒကို အသုံးပြုသောအခါ ကျန်းချန်ကလည်း ကိုယ်ပိုင် ဓားဆန္ဒကို ထုတ်ဖော်ကာ ယဲ့ချမ်ချိုးကို အနိုင်ယူခဲ့သည်။

ဟောင်ထျန်းကျောင်းတော်၏ ဓားရေးပါရမီရှင် ယဲ့ချမ်ချိုးသည် ကျန်းချန်၏ ရှေ့တွင် အရာအားလုံး အမှန်တကယ် ချေမှုန်းခံလိုက်ရ၏။

"ဒီကောင်က စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲ သမိုင်းမှာ အားအကောင်းဆုံး ဖျက်မြင်း ဖြစ်ဖို့ ထိုက်တန်တယ်"

"ကျန်းချန်က အရမ်း အားကောင်းလွန်းတယ်"

"ဟောင်ထျန်းကျောင်းတော်ရဲ့ ယဲ့ချမ်ချိုးက ကျန်းချန်ကို ရှုံးနိမ့်သွားလိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး.. သူက ကျန်းချန်ကို အဘက်ဘက်က ရှုံးနိမ့်သွားတာပဲ"

"ဒီကောင်လေးက သူ့ရဲ့အစွမ်းအစကို ကြောင်လက်သည်း ဝှက်သလို ဝှက်ထားတာပဲ"

"ကျန်းချန်ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ချန်လုံကျောင်းတော်ရဲ့ ယင်ခိုင်ကိုတောင် အနိုင်ယူပြီး ပြိုင်ပွဲရဲ့ ပထမနေရာကို အနိုင်ရနိုင်လောက်တယ်"

ရင်ပြင်ပေါ်ရှိ လူတိုင်းသည် သူတို့​၏ ကြောက်လန့်တုန်လှုပ်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာယူခဲ့ရသည်။

သူတို့က စင်ပေါ်ကနေ ပျံဝဲကာ ဆင်းသက်လာသည့် ကျန်းချန်ကို ကြည့်ပြီး ချီးကျူးစကား မပြောဘဲ မနေနိုင်ကြတော့ပေ။

ကျန်းချန်က စင်မြင့် ပေါ်ကနေ ဆင်းသက်လာပြီးသည့် နောက်တွင် နဝမအဆင့် ပြိုင်ပွဲသည် လျင်မြန်စွာ အဆုံးသတ်ရန် နီးကပ်လာ၏။

နောက်ဆုံးပြိုင်ရမည့်သူမှာ ချန်လုံကျောင်းတော်မှ ယင်ခိုင်ဖြစ်သည်မှာ ထင်ရှားသည်။

ယင်ခိုင်က အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် ပြိုင်ဘက်က စင်ပေါ်ကနေ လွင့်စင်သွားခဲ့၏။

ယင်ခိုင်ကလည်း ကျန်းချန်နည်းတူ ကိုးပွဲစလုံးကို အနိုင်ရထားခဲ့သည်။

ပြိုင်ဘက်ကို အနိုင်ယူပြီးသည့် နောက်တွင် ယင်ခိုင်သည် စင်အောက်မှ ကျန်းချန်ကို တိုက်ရိုက် ကြည့်လိုက်၏။

သူ၏ အသံက ရင်ပြင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ကျန်းချန်.. မင်းနဲ့ငါက မကြာခင်မှာ တိုက်ခိုက်ရမဲ့ အတူတူ ဒီနောက်ဆုံးအဆင့်မှာပဲ ယှဉ်ပြိုင်လိုက်ကြတာပေါ့"

အခန်း(၂၁၈) ပြီး၏

All Chapters