အခန်း (၂၂၁)
Vol. 15 Ch. 221
"ကျန်းချန်က တကယ်ပဲ စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲရဲ့ အနိုင်ရသူ ဖြစ်သွားခဲ့ပြီ"
"ဆဋ္ဌမအဆင့် အဂ္ဂရိတ်သခင် ယန်ချင်းရွှယ်ရဲ့ သဘောကျမှုနဲ့ထိုက်တန်ပါပေတယ်.. သူက တကယ်ပဲ ဒီလောက်အထိ အားကောင်းလွန်းတယ်"
"ဟားဟား... ငါက ကျန်းချန်ဘက်ကနေ အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး၅၀၀ လောင်းကြေးထပ်ထားတယ်.. ဒီတစ်ခေါက် ငါချမ်းသာတော့မယ်ကွ"
ယင်ခိုင် ရှုံးနိမ့်သွားသည်ကို ကြည့်ပြီး ရင်ပြင်ပေါ်မှ လူတိုင်းသည် သူတို့၏ အံ့သြ တုန်လှုပ်မှုကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာခဲ့၏။
တချို့လူတွေက ကျန်းချန် ဗိုလ်စွဲရန် မဖြစ်နိုင်ဟု ထင်ခဲ့ကြပြီး ယင်ခိုင်နဲ့ တခြားသူများအပေါ် လောင်းကြေးထပ်မိသည်ကို နောင်တရနေကြသည်။
ယန်ချင်းရွှယ်နှင့် ယွဲ့ယန်ကျိုးတို့ နောက်ကိုလိုက်၍ ကျန်းချန်ဘက်ကနေ လောင်းထားသူများကမူ အလွန်တရာ စိတ်လှုပ်ရှားနေခဲ့ကြသည်။
၁၀၀လေး ၁လေး။
ဤတစ်ခေါက် သူတို့သည် တကယ်ကို ငွေအများအပြား ရခဲ့ကြ၏။
ကျန်းချန်နှင့် ယင်ခိုင်ကြားက အထွတ်အထိပ် တိုက်ပွဲ ပြီးသွားသည့်နောက်တွင် နောက်လာမည့် ဒသမအဆင့် တိုက်ပွဲသည် စိတ်ဝင်စားစရာ မကောင်းတော့ပေ။
အကြောင်းရင်းမှာ အနိုင်ရရှိသူက ထွက်ပေါ်ခဲ့ပြီ ဖြစ်သောကြောင့်ပင်။
နာရီဝက်ခန့်အကြာတွင် ဒသမအဆင့် တိုက်ပွဲက ပြီးဆုံးသွားခဲ့၏။
ရှားတုန်ဟွမ်က ကျောင်းသားများ၏ မှတ်တမ်းကို စစ်ဆေးပြီး အမှတ်တူသည့် ကျောင်းသားများကို ထပ်မံ ရင်ဆိုင်ခိုင်းလိုက်သည်။
ဤသို့ဖြင့် သိပ်မကြာခင်မှာပင် စီရင်စုကိုးခု ပြိုင်ပွဲ၏ ထိပ်တန်း ၆၄ ယောက်၏ အဆင့်ကို ရှားတုန်ဟွမ်က ထုတ်ပြန်လိုက်သည်။
ကျန်းချန်က ဆယ်ကြိမ်အနိုင်ရရှိ၍ ခြွင်းချက်မရှိ ပထမနေရာရခဲ့သည်။
ယင်ခိုင်နှင့် ယဲ့ချမ်ချိုး တို့က ရမှတ်အတူတူ ဖြစ်သော်လည်း ယင်ခိုင်က တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးထားခဲ့၍ ယဲ့ချမ်ချိုးနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ယဲ့ချမ်ချိုးက ဒုတိယနေရာကို ရရှိပြီး ယင်ခိုင်က တတိယနေရာကို ရရှိခဲ့သည်။
ပြိုင်ပွဲ၏ အဆင့်ကို ကြေညာပြီးသည့်နောက်တွင် ရှားတုန်ဟွမ်သည် အဆင့်အလိုက် ဆုများကို ပေးအပ်ရန် စတင်လိုက်၏။
ပထမ ရရှိသည့် ကျန်းချန်ကို အဆင့်နိမ့်မှော်စွမ်းအင် ကျောက်တုံး တစ်သိန်း ဆုချီးမြှင့်ခဲ့သည်။
ထို့အပြင် ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်သည့် အခါတွင် နက်နဲမှု အဆင့်မြင့် အဆင့် ကျင့်စဥ်တစ်ခုကို ရွေးချယ်နိုင်ပြီး သိုင်းသခင်နယ်ပယ်၏ ကိုယ်ခံပညာ အစစ်အမှန် အဓိပ္ပာယ်ကို အခမဲ့ သုံးကြိမ် လေ့လာနိုင်မည့် အခွင့်ထူးကိုပါ ရရှိခဲ့၏။
ဒုတိယကနေ ဒသမ အဆင့်အထိ ဝင်ရောက်သူများကိုမူ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ၅၀၀၀၀ ဆုချီးမြှင့်ခဲ့သည်။
၎င်းတို့က ယန်ဟွမ်ကျောင်းတော်သို့ ဝင်ရောက်သောအခါတွင်နက်နဲမှု အလယ်အလတ်အဆင့် ကျင့်စဥ်တစ်ခုကို ရွေးချယ်နိုင်ပြီး သိုင်းသခင်နယ်ပယ်၏ ကိုယ်ခံပညာ အစစ်အမှန်အဓိပ္ပာယ်ကို အခမဲ့ လေ့လာနိုင်မည့် အခွင့်အရေး တစ်ကြိမ် ရရှိလိမ့်မည် ဖြစ်သည်။
ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ မဝင်ရောက်နိုင်ခဲ့သူ များသည်လည်း အတိုင်းအတာ တစ်ခုအထိ ဆုလဒ်များကို ရရှိခဲ့ကြ၏။
"အားလုံးပဲ စီရင်စုကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ ငါကြေညာတယ်"
"ထိပ်တန်းကျောင်းသား ၆၄ ယောက်က ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်ဖို့ အရည်အချင်း ပြည့်မီတယ်"
"ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိတဲ့သူတွေက မနက်ဖြန်မနက် ရှစ်နာရီ၊ မြောက်ဘက်တံခါးမှာ စုရုံးပေးကြပါ"
ရှားတုန်းဟွမ်က စကားဆုံးသည်နှင့် ချက်ချင်းပင် လေထဲကို ခုန်တက်လိုက်ပြီး ရင်ပြင်ကနေ တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
ရှားတုန်းဟွမ် ထွက်သွားပြီးနောက်တွင် ကျောင်းသား ၆၄ ယောက်သည် သူတို့၏ အဖွဲ့ဆီသို့ အသီးသီး ပြန်သွားကြ၏။
"ဟားဟား... ကောင်လေး.. အရမ်းတော်တယ်"
ရင်ပြင်အလယ်ကနေ လမ်းလျှောက်လာသည့် ကျန်းချန်ကို ကြည့်ပြီး ယန်စန်းမင်က အဆုံးသတ်တွင် အားပါးတရ ရယ်မောလိုက်သည်။
ယန်စန်းမင်၏ အနောက်ရှိ လင်ယွင်ကျောင်းတော်မှ ကျောင်းသား အားလုံးသည် ကျန်းချန်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြ၏။
"ဟားဟား... ညီလေးကျန်းချန်.. ဂုဏ်ပြုပါတယ်"
ထိုအချိန်မှာပင် ယန်ချင်းရွှယ်နှင့် ယွဲ့ယန်ကျိုးတို့ကလည်း ကျန်းချန်ကို ဂုဏ်ပြုရန် ရှေ့တက်လာခဲ့ကြသည်။
"အကိုယန်နဲ့ အကိုယွဲ့.. ဒီတစ်ခေါက် အကိုတို့ နှစ်ယောက်အတွက် ကျွန်တော် ငွေအများကြီးရှာပေးခဲ့တယ်.. အကိုတို့နှစ်ယောက် ကျွန်တော့်ကို ဘယ်လိုကျေးဇူးတင်မလဲဆိုတာ ကျွန်တော် သိချင်တယ်"
ကျန်းချန်က ယန်ချင်းရွှယ်နှင့် ယွဲ့ယန်ကျိးကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ဟားဟား.. ငါမင်းကို တကယ်ပဲ အများကြီး ကျေးဇူးတင်သင့်တယ်"
ယွဲ့ယန်ကျိုးက ပြုံး၍ ပြောလိုက်သည်။
"ညီလေးကျန်းချန်.. အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေးအဖွဲ့ကနေ အနိုင်ရခဲ့တဲ့ အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ဆယ်သန်းကို မင်းအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးမယ်"
"အကြီးအကဲယွဲ့က ဒီလောက်ရက်ရောမှတော့ ငါအဘိုးကြီးကလည်း ကပ်စေးနည်းလို့ဘယ်ဖြစ်မလဲ.. ငါလည်း မင်းကို အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ဆယ်သန်းပေးမယ်.. မင်း ပထမနေရာကို အနိုင်ရရှိတဲ့အတွက် လက်ဆောင်ပေါ့"
ယန်ချင်းရွှယ်က ကျန်းချန်အတွက် စိတ်ရင်းထဲကနေ ပျော်ရွှင်နေခဲ့သည်။
ယန်ချင်းရွှယ်က သူ့ကို ဤမျှလောက် ပမာဏကို လက်ဆောင်ပေးမည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။
သူက အကြိမ်ကြိမ် ငြင်းဆန်ခဲ့သော်လည်း အဆုံးသတ်တွင် နှစ်ယောက်စလုံးထံမှ ရက်ရောသည့် လက်ဆောင်များကို လက်ခံခဲ့ရသည်။
သူအနိုင်ရခဲ့သည့် တစ်သန်းနှင့် ပေါင်းလိုက်လျှင်
ကျန်းချန်သည် တစ်ချီတည်းဖြင့် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး ၂၁ သန်း ရရှိသွားပြီ ဖြစ်၏။
အခန်း(၂၂၁) ပြီး၏