← Chapters

အခန်း (၂၂၄)

Vol. 15 Ch. 224

အခန်း (၂၂၄)

Vol. 15 Ch. 224

"ကျန်းချန်.. မင်းက ဒီလောက် သေချင်နေနမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

"စီရင်စုကိုးခုပြိုင်ပွဲရဲ့ ဗိုလ်စွဲသူက ငါ့ရှေ့မှာ ဘာလုပ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်တယ်"

မုန့်ချန်၏ မျက်လုံးများက အေးစက်နေ၏။

သူက လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ သွေးရောင်လှံတစ်လက်သည် ချက်ချင်းပင် လက်ထဲ၌ ထွက်ပေါ်လာခဲ့သည်။

"အားလုံး ရပ်လိုက်ကြစမ်း"

မုန့်ချန်က ကျန်းချန်ကို တိုက်ခိုက်တော့မည့် ဆဲဆဲ​တွင် ဒေါသတကြီး အော်ဟစ်သံ တစ်သံသည် ရုတ်တရက် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

မုန့်ချန်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

သူက ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ရာ ရှားတုန်ဟွမ်က ကောင်းကင်ကနေ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။

"မင်းတို့မှာ ဘယ်လို မကျေနပ်ချက်တွေရှိလဲ ငါဂရုမစိုက်ဘူး၊ ငါ့ရှေ့မှာ ဆက်ပြီးတိုက်ခိုက်မယ်ဆို ဒီကနေ ထွက်သွားလိုက်"

"မင်းတို့ ဒီလောက် တိုက်ခိုက်ချင်ရင် ယန်ဟွမ်ကျောင်းတော်ကို ရောက်မှ တိုက်ခိုက်လည်း နောက်မကျသေးဘူး.. ငါပြောတာနားလည်လား"

"နားလည်ရင် အားလုံးပဲ ငါ့နောက်ကနေ ထပ်ကြပ်မခွာ လိုက်ခဲ့ကြ"

ရှားတုန်းဟွမ်က အေးစက်စက် ပြောလိုက်ပြီး ချက်ချင်း မြို့ပြင်သို့ ထွက်သွားခဲ့သည်။

"ဟမ့်.. ယန်ဟွမ်ကျောင်းတော်ကို ရောက်ရင် မင်း ငါ့အကြောင်း ကောင်းကောင်း သိရမယ်"

မုန့်ချန်က အေးစက်စွာ ကြုံးဝါးလိုက်ပြီး သူ့လှံကို သိမ်းဆည်းလိုက်ကာ ရှားတုန်ဟွမ် နောက်သို့ လိုက်သွားခဲ့သည်။

ကျန်းချန်နှင့် တခြားသူများကလည်း လျင်မြန်စွာပင် လိုက်သွားကြသည်။

ယန်ဟွမ်ကျောင်းတော်သည် မဟာရှားနိုင်ငံ၏ အင်ပါယာ​ မြို့တော်ကနေ မိုင် သုံးရာ ခန့်ဝေးသည့် ယန်ဟွမ်တောင်တွင် တည်ရှိသည်။

တစ်နာရီခန့်အကြာတွင် ကျန်းချန်တို့သည် ယန်ဟွမ်တောင်သို့ ရောက်လာကြ၏။

ရှားတုန်ဟွမ်က သူတို့အုပ်စုကို ဦးဆောင်၍ ယန်ဟွမ်တောင်ထဲ ဆယ်မိနစ်မျှ လျှောက်ပြီးနောက်တွင် အဆုံးသတ်၌ တောအုပ်တစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။

ထို့နောက် ရှားတုန်းဟွမ်က လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ထူးဆန်းသည့် အလင်းရောင်များ လင်းလက်နေသည့် စည်းတံဆိပ် တစ်ခုသည် ချက်ချင်းပင် ပျံထွက်သွားခဲ့သည်။

ကျန်းချန်တို့က ထိုမြင်ကွင်းကြောင့် အံ့သြတုန်လှုပ်နေသောအချိန်မှာပင် သူတို့ရှေ့ ဆယ်မီတာအကွာရှိ နေရာသည် အာကာပြင် တွန့်လိမ်ကာ ပုံပျက်သွားခဲ့သည်။

ခဏအကြာတွင် ထိုတွန့်လိမ့်ပုံပျက်နေသည့် နေရာ၌ ထူးဆန်းသော အလင်းရောင်များ ထုတ်လွှတ်နေသည့် အလင်းတံခါးတစ်ခု ပေါ်ထွက်လာခဲ့၏။

"ယန်ဟွမ်ကျောင်းတော်က ဒီမှာပဲ.. ငါနဲ့အတူ လိုက်ဝင်ခဲ့ကြပါ"

ရှားတုန်ဟွမ်က ပေါ့ပါးစွာ ပြောလိုက်ပြီး သူ့ရှေ့မှ အလင်းတံခါးထဲသို့​ ဝင်ရောက်သွားခဲ့သည်။

ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်နှင့် တခြားသူများကလည်း တုံ့ဆိုင်းမနေဘဲ လျင်မြန်စွာ လိုက်ဝင်ခဲ့ကြ၏။

နောက်ထပ် တစ်ခဏတွင် အထပ်မြင့် မျှော်စင်များနှင့် အမျိုးမျိုးသော ထူးဆန်းသည့် အဆောက်အအုံများသည် သူတို့၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။

"ဒါက ယန်ဟွမ်ကျောင်းတော်ပဲ"

"ယန်ဟွမ်ကျောင်းတော်ရဲ့ ဘိုးဘေးတွေက အစီအရင်ပညာရပ်တွေကို သုံးပြီး ယန်ဟွမ်ကျောင်းတော်ကို ယန်ဟွမ်တောင်ထဲမှာ ဖုံးကွယ်ထားတယ်လို့ ကောလဟာလတွေ ကြားဖူးခဲ့တာ.. ဒီနေ့မြင်ရတော့ တကယ်ကို ထိုက်တန်မှု ရှိပါပေတယ်"

ကျောင်းသား အများအပြားသည် ချီးကျူးစကား မပြောဘဲ မနေနိုင်ခဲ့ကြပေ။

"ကောင်လေးတွေ.. အခုကစပြီး မင်းတို့က ယန်ဟွမ်ကျောင်းတော်ရဲ့ တရားဝင် ကျောင်းသားတွေ ဖြစ်သွားပြီ"

ရှားတုန်ဟွမ်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။

"ယန်ဟွမ်ကျောင်းတော်ကို ဝင်ပြီးတဲ့နောက်မှာ မင်းတို့တွေအနေနဲ့ အကဲဖြတ်မှု တစ်ခုကို ရင်ဆိုင်ရလိမ့်မယ်.. ငါ့နောက်ကနေ အကဲဖြတ်တဲ့ နေရာကို လိုက်လာခဲ့ကြပါ"

ရှားတုန်ဟွမ်၏ စကားများကို ကြားလျှင် ကျောင်းသားများကြားတွင် ဆွေးနွေးမှုများဖြင့် ဆူညံသွားကြသည်။

"ငါတို့က ယန်ဟွမ်ကျောင်းတော်ရဲ့ ကျောင်းသားတွေ ဖြစ်နေပြီမဟုတ်လား.. ငါတို့က ဘာလို့ အကဲဖြတ်မှုမှာ ပါဝင်ရတာလဲ"

"ယန်ဟွမ်ကျောင်းတော်က ကျောင်းသားသစ်တွေရဲ့ အလားအလာကို အကဲဖြတ်ဖို့ ဒီဝင်ခွင့်အကဲဖြတ်မှုကို ပြုလုပ်ခဲ့တာပဲ.. အကဲဖြတ်မှုအတွင်း ကောင်းကောင်း လုပ်ဆောင်နိုင်တဲ့သူတွေက အတွင်းစည်း တပည့် အဖြစ် တိုက်ရိုက်မြှင့်တင် ခံရနိုင်တယ်လို့ ပြောကြတယ်"

"တကယ်လား.. ဒါဆို ငါက ဒီအခွင့်အရေးကို ဖမ်းဆုပ်ပြီး အတွင်းစည်းတပည့်အဖြစ် တိုက်ရိုက် သတ်မှတ်ခံရအောင် ကြိုးစားမယ်"

ဝင်ခွင့်အကဲဖြတ်မှုတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် အတွင်းစည်းတပည့် အဖြစ် တိုက်ရိုက် မြှင့်တင်ခံရနိုင်သည်ဟု ကြားလျှင် လူအများအပြားသည် တက်ကြွသွားကြသည်။

ရှားတုန်ဟွမ်၏ ဦးဆောင်မှုဖြင့် ငါးမိနစ်ခန့် အကြာတွင် ကျန်းချန်နှင့် တခြားသူများသည် ကြီးမားသည့် ရင်ပြင်တစ်ခုဆီသို့ ရောက်လာခဲ့ကြ၏။

ရင်ပြင်ပေါ်တွင် လူရာပေါင်းများစွာ စုရုံးနေကြသည်။

ကျန်းချန်တို့ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်များသည် ကျန်းချန်တို့ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့၏။

အခန်း(၂၂၄) ပြီး၏

All Chapters