အခန်း (၂၂၅)
Vol. 15 Ch. 225
"ဒါက ဒီနှစ် ယန်ဟွမ်ကျောင်းတော်က ခေါ်ယူထားတဲ့ ကျောင်းသားသစ်တွေလား.. သိပ်ပုံမလာသလိုပဲ"
"ဟားဟား... ဒီနှစ်မှာ အင်ပါယာမြို့တော်ရဲ့ အဓိကမိသားစုတွေမှာ တောက်ပတဲ့ ပါရမီရှင် မရှိဘူး.. စီရင်စုကိုးခု ပြိုင်ပွဲမှာဆိုရင် အောက်ဆုံးအဆင့်မှာရှိတဲ့ လင်ယွင်ကျောင်းတော်ကတောင် ပထမနေရာကို ယူသွားခဲ့တယ်"
"ချီး.. လင်ယွင်ကျောင်းတော်က လူတွေတောင် စီရင်စုကိုးခု ပြိုင်ပွဲရဲ့ ပထမနေရာကို ရနိုင်တယ်လား...ဒီနှစ်ရဲ့ ကျောင်သားတွေက အရည်အချင်း အတော်နည်းတာပဲ.. ဒီအတိုင်းဆို အတွင်းစည်း တပည့်တွေအဖြစ် တိုက်ရိုက် ဝင်ရောက်နိုင်တဲ့ ပါရမီရှင် မရှိလောက်ဘူးလို့ ထင်တယ်"
ရင်ပြင်ထဲတွင် ပေါ်လာသည့် ကျန်းချန်နှင့် တခြားသူများကို ကြည့်၍ ကျောင်းသားဟောင်းများသည် အချင်းချင်း ပြောဆိုနေခဲ့ကြသည်။
"အကြီးအကဲရှား နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့.. ဒီနှစ်ရဲ့ကျောင်းသားသစ်တွေ အခြေအနေ ဘယ်လိုလဲဆိုတာ ငါသိပါရစေ"
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြင်နာတတ်သော မျက်နှာထားရှိသည့် ရင်ပြင်အလယ်မှ အဘိုးအိုတစ်ယောက်သည် ရှားတုန်ဟွမ်ကို ပြုံး၍ မေးလိုက်သည်။
"ဒီနှစ်ရဲ့ကျောင်းသားသစ်တွေထဲမှာ ပျိုးပင်ကောင်းလေးတွေ ရှိတယ်"
ရှားတုန်ဟွမ်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"သူတို့က အတွင်းစည်းတပည့်တွေတောင် တိုက်ရိုက်ဖြစ်လာနိုင်တယ်လို့ ငါထင်တယ်"
"အိုး ဟုတ်လား...ဒါဆို စိတ်ဝင်စားစရာပဲ"
အဖြူရောင်ဝတ်ရုံနှင့် အဘိုးအို၏ အိုမင်းသည့်မျက်လုံးများက လင်းလက်သွားသည်။
ချက်ချင်းပင် သူ၏ အကြည့်သည် ကျန်းချန်နှင့် တခြားသူများ အပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏ ကျယ်လောင်သော အသံက လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။
"ကောင်လေးတွေ.. ငါက ယန်ဟွမ်ကျောင်းတော်၏ အကြီးအကဲ ပိုင်ရှန့်ရှင်းပဲ.. မင်းတို့ရဲ့ ဝင်ခွင့်အကဲဖြတ်မှုကို ကြီးကြပ်ဖို့ တာဝန်ရှိတဲ့လူ ဆိုလည်းမမှားဘူးပေါ့"
ပိုင်ရှန့်ရှင်း ပြောဆိုသည်ကို ကျန်းချန်နှင့် တခြားသူများသည် အာရုံစူးစိုက်ကာ ဂရုတစိုက် နားထောင်နေကြ၏။
"ယန်ဟွမ်ကျောင်းတော်ရဲ့ ကျောင်းသားအဆင့်တွေကို အဆင့်ငါးဆင့်ခွဲထားတယ်.. သာမန်၊ အလယ်အလတ်၊ အဆင့်မြင့်၊ အတွင်းစည်း နဲ့ နဂါးစာရင်း ဆိုပြီးပေါ့"
"ဒီဝင်ခွင့်အကဲဖြတ်မှုက တကယ်တော့ အဆင့်ခွဲဝေမှု တစ်ခုပါပဲ"
"မင်းတို့အနေနဲ့ အကဲဖြတ်မှုတွေကို ဖြတ်သန်းပြီး မင်းတို့ရဲ့ အဆင့်အတန်းကို တိုးမြှင့်နိုင်တယ်"
ပိုင်ရှန့်ရှင်းက ပေါ့ပါးစွာ.ပြောလိုက်သည်။
"ပထမအမျိုးအစား အကဲဖြတ်မှုက ချီကာကွယ်ရေးအဆင့်၉ ကျောင်းသားတစ်ယောက်ကို စိန်ခေါ်ဖို့ဖြစ်ပြီး အနိုင်ရခဲ့ရင် အလယ်အလတ်အဆင့် ကျောင်းသား ဖြစ်ခွင့်ရမယ်"
"ချီကာကွယ်ရေးအဆင့်၉ ကျောင်းသားကို အနိုင်ယူရမှာလား"
ကျောင်းသားသစ် အများအပြားက ခါးသီးစွာ ရေရွတ်လိုက်ကြသည်။
သိထားရမည်မှာ ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက်နိုင်တဲ့သူများအားလုံးသည် သာမန်ထပ် အားမနည်းသည့် ကိုယ်ခံပညာ ပါရမီရှင်များ ဖြစ်ကြ၏။
အပေါ်ယံကြည့်လျှင် မူလဘူတအဆင့်ကို မရောက်သေးသည့် ကျောင်းသားတစ်ယောက်ကို အနိုင်ယူရန်မှာ မခက်ခဲပုံရသော်လည်း တကယ်တမ်းတွင် ပြောသလောက် မလွယ်ကူနိုင်ပေ။
သာမာန် ကျောင်းသားတစ်ယောက်ကနေ အလယ်အလတ် အဆင့် ကျောင်းသားအဖြစ် အဆင်မြှင့်တင်ရန်မှာ လူအများစုအတွက် မလွယ်ကူပုံ ရ၏။
"ဒုတိယအမျိုးအစား အကဲဖြတ်မှုက မူလဘူတအဆင့် ကျောင်းသားတစ်ယောက်ကို စိန်ခေါ်ဖို့ဖြစ်ပြီး အနိုင်ရခဲ့ရင် အဆင့်မြင့် ကျောင်းသားအဖြစ် မြှင့်တင်ခံရလိမ့်မယ်"
"နောက်ဆုံးအကဲဖြတ်မှု အတွက်ကတော့ နဂါးစာရင်းက ကျောင်းသားတွေကို စိန်ခေါ်ဖို့ပဲ.. နဂါးစာရင်းက ကျောင်းသားတွေက သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မင်းတို့နဲ့ အဆင့်တူအထိ ဖိနှိပ်ပြီး ယှဥ်ပြိုင်မှာဖြစ်တယ်.. မင်းတို့အနေနဲ့ ဆယ်ကွက်အထိ မရှုံးနိမ့်ဘဲ ရင်ဆိုင်နိုင်မယ်ဆိုရင် အတွင်းစည်း ကျောင်းသားတွေ အဖြစ် အဆင့်မြှင့်တင်ခံရမှာ ဖြစ်တယ်"
ပိုင်ရှန့်ရှင်းက ကျန်ရှိသည့် အကဲဖြတ်မှုနှစ်ခုကို ရှင်းပြလိုက်ရာ ကျောင်းသားသစ် အများအပြားသည် နဖူးပေါ်မှ ချွေးစေးများကို တိတ်တဆိတ် သုတ်လိုက်ကြသည်။
ယင်ခိုင်နှင့် ယဲ့ချမ်ချိုးတို့၏ အမူအရာကမူ ယခင်ထက် ပိုမို၍ လေးနက်သွားခဲ့သည်။
သူတို့က ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းမှ ကျောင်းသားများ အကြောင်းကို သိထားကြ၏။
ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းတွင် ကျောင်းသားတစ်ရာ ရှိပြီး အဆင့်အနိမ့်ဆုံးပင် မူလဘူတ နယ်ပယ်အဆင့်၆ ခွန်အား ရှိသည်ဟု ဆိုကြသည်။
ထို့အပြင် ထိုလူတွေအားလုံးသည် အဆင့်ကျော် တိုက်ခိုက်နိုင်သည့် ပါရမီရှင်များလည်း ဖြစ်ကြ၏။
အဆင့်တူမှာပင် နဂါးစာရင်းမှ ပါရမီရှင်များ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမာန်ကျင့်ကြံသူများ ယှဉ်နိုင်မည် မဟုတ်ပေ။
"ငါက အကဲဖြတ်မဲ့စည်းမျဉ်းတွေကို မိတ်ဆက်ပြီးသွားပြီ...မင်းတို့မှာ ကန့်ကွက်စရာမရှိရင် စလိုက်ကြတာပေါ့"
ပိုင်ရှန့်ရှင်းက စကားဆုံးသည်နှင့် သူ့မျက်လုံးများဖြင့် ကျန်းချန်နဲ့ တခြားသူများကို လှမ်းကြည့်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူ အရင်လာမှာလဲ"
သူ၏ စကားဆုံးသည်နှင့် ပုံရိပ်တစ်ခုသည် ရင်ပြင်အလယ်ရှိ စင်မြင့်ထက်သို့ ပျံဝဲ၍ တက်သွားခဲ့သည်။
ထိုလူ၏ မောက်မာသော အသံသည် လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။
"ငါ နဂါးစာရင်းက ကျောင်းသားတွေကို စိန်ခေါ်မယ်"
အခန်း(၂၂၅) ပြီး၏