← Chapters

သခင်ကြီး ချီယန်

Vol. 1 Ch. 7

သခင်ကြီး ချီယန်

Vol. 1 Ch. 7

သူသည် လက်သီးတစ်ချက်ဖြင့် ကြက်သွေးရောင်မြွေဘုရင်ကို ချေမှုန်းပစ်ကာ မြွေအလုံးအရင်းများစွာကိုလည်း ဖျက်ဆီးပစ်လိုက်သည်။ မီတာရာနှင့်ချီရှည်လျားသော မြောင်းကြီးနှင့် အဆုံးတွင် မထင်မှတ်ထားလောက်အောင် လဲကျနေသည့် သစ်ပင်များကို စိုက်ကြည့်ကာ ကျောင်းသားများနှင့် ဆရာများ အံ့အားသင့်သွားကြသည်။

ဒီလိုမြင်ကွင်းမျိုးကို ဇာတ်ကားထဲမှာသာ မြင်ဖူးခဲ့ကြသဖြင့် သူတို့အားလုံးကို ရိုးတွင်းထဲထိ ရှော့ခ်ရသွားစေသည်။

စုယီသည် အသက်ပြင်းပြင်းရှုလိုက်သည့်အခါ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းရှိ ကြွက်သားလိုင်းများသည် တိကျပြတ်သားစွာ ထွက်ပေါ်လာသည်။နေရောင်အောက်တွေ ကြေးနီရောင် တောက်နေသော သူ့ခန္ဓာကိုယ်၏ ပေါက်ကွဲအားကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

သူ၏ရင်ဘတ်ဗလာကို ကြည့်ပြီး နန်ရှောင်ပေါင်သည် မှင်တက်သွားသည်။ လှုပ်နိုးမှသာ သတိပြန်ဝင်လာကာ ခုန်ပေါက်ပြီး အောင်ပွဲခံလေတော့သည်။

“ရေး—အရူးလေးက အရမ်းမိုက်တာဘဲ!”

သူမ၏အသံသည် တိတ်ဆိတ်မှုကို ဖြိုခွဲသွားပြီး ကွင်းပြင်တစ်ခုလုံးအား စိတ်လှုပ်ရှားမှုများ ပေါက်ကွဲစေခဲ့သည်။

ထောင်ချီသော ဆရာများနှင့် ကျောင်းသားများသည် အော်ဟစ်ကာ အားပေးကြသည်။တစ်ချို့ဆို ပျော်ရွှင်၍ ငိုနေကြပေသည်။

“ငါတို့ ဘေးကင်းပြီ!”

“သူဘဲ!မနေ့က မြွေတွေကို သတ်မယ်ဆိုပြီး ဓားကိုင်ထားတဲ့ကျောင်းသား!”

“အရမ်းသန်မာတာဘဲ! ဘုရားရေ! သူက နတ်သားများလား?”

“ငါတို့ကျောင်းမှာ ဒီလို ရက်စက်တဲ့သူ ရှိတာဘဲ! သေစမ်း!”

“ငါ အရင်က ဒီကျောင်းသားကို မြင်ဖူးတယ် ထင်တာဘဲ။သူ အရမ်း အင်အားကြီးမယ်လို့တော့ မထင်ခဲ့မိဘူး”

ကြက်သွေးရောင် မြွေဘုရင် သေသွားသည့်အခါ ကျန်မြွေများသည် တစ်ကွဲတစ်ပြားစီ ပြေးသွားကြသည်။ကျောင်းသားများသည် စိတ်လှုပ်ရှားနေကြပြီး မိန်းကလေးများကတော့ ကျယ်လောင်စွာ ငိုကြွေးနေကြသည်။

ကြောက်မက်ဖွယ်ရာ ညတစ်ညသည် အဆုံးတွင်တော့ ပြီးဆုံးသွားခဲ့ပြီ!

လီဖေးနှင့် စုယီ၏ အတန်းဖော်များအားလုံးသည် အံသြသွားကြပြီး အခြားကျောင်းသားများ၏ ရွှင်မြူးနေသော မြင်ကွင်းနှင့် သိသိသာသာပင် ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူတို့အားလုံး စုယီက ဆင်းရဲသော သာမန် ကျောင်းသားတစ်ယောက်မှန်း သိကြသည်။ဒီလို မြင့်မြတ်တဲ့ စွမ်းအားမျိုးကို သူက ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ?

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်…”

လီဖေးသည် သူ့ကိုယ်သူ ပါးရိုက်ကြည့်ပြီး တံတွေးတောင် မျိုမချနိုင် ဖြစ်နေသည်။သူ့ရှေ့ရှိ မှော်ဆန်သော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

စုယီသည် သူ၏ ညာဘက်လက်သီးကို မြှောက်ရင်း ကြည်နူးပီတိ ဖြစ်နေလေသည်။

နဂါးဆယ့်တစ်ကောင်ရဲ့ စွမ်းအားကတောင် ဒီလောက် ကြောက်စရာ ကောင်းနေရင် နဂါးတစ်ရာစွမ်းအားသာဆို ပင်လယ်တွေကို ပိုင်းခြားပြီး တောင်တွေကိုပါ ဖြိုချပစ်နိုင်လောက်မလား?

နန်ရှောင်ပေါင်သည် စုယီကို သိုင်းဖက်လိုက်ပြီး စိတ်လှုပ်ရှားစွာ အပေါ်၊အောက် ခုန်နေခဲ့သည်။သို့သော် သူမ၏ အားလေးနဲ့ သူ့ကို ရွေ့အောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?

“ဂုဏ်ပြုပါတယ်။ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး မိန်းမကို ရှင် ပိုင်ဆိုင်သွားပြီ!”

နန်ရှောင်ပေါင်က ရွှတ်နောက်နောက် ပြောသည့်အခါ စုယီက သူမ၏ပါးကို ညှစ်လိုက်လေသည်။

ခေတ်သစ်မြို့ကြီးမှာ သူ့ခံစားချက်တွေကို ထုတ်မပြဝံ့ပေမယ့် ရှေးဟောင်းတောထဲမှာတော့ ငွေဟာ အရာခပ်သိမ်းရဲ့ အတိုင်းအတာမဟုတ်တော့သဖြင့် သူ့နှလုံးသားထဲမှာရှိသည့် အရာများကို နှိမ့်ချနေစရာ၊ ဖုံးကွယ်နေစရာ မလိုတော့ပေ။

နန်ရှောင်ပေါင်၏ ဆံပင်များကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။ “ ဒါဆို ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောကျာ်းကို ပိုင်ဆိုင်ရတော့မယ့် မင်းကိုရော ငါ ဂုဏ်ပြုပေးသင့်လား?”

နှစ်ယောက်သား အပြုံးချင်းဖလှယ်ကြသည်။ချိုမြိန်မှုသည် ကြာရှည်မခံဘဲ တစ်ယောက်ကိုတစ်ယောက် ရန်ဖြစ်‌နေကြသော်လည်း ထိုအခိုက်အတန့်မှာ အဖိုးတန်လှသည်။

ထိုအချိန်တွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများသည် အသက်ကယ်‌ပေးမည့် ကောက်ရိုးမျှင်တစ်စကို ရှာတွေ့လိုက်သကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်လာကြသည်။

“ကျောင်းသားလေး၊နာမည် ဘယ်လိုခေါ်လဲ?မင်းအပေါ်ကို အကြွေးကြီးကြီး တင်သွားပြီ။မဟုတ်ရင် တကယ် ဒုက္ခရောက်တော့မှာ”

ကျောင်းအုပ်ကြီးသည် မုန့်ကျဲပန့်ဖြစ်ပြီး အသက်(၇၀)နီးပါး ရှိပြီ ဖြစ်သည်။တံတားဖြူ တက္ကသိုလ်တွင် ဆယ်စုနှစ် နှစ်ခုနီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး လေးစား ဂုဏ်ပြုခြင်း ခံခဲ့ရသူ ဖြစ်သည်။

တံတားဖြူ တက္ကသိုလ်တွင် လီဖေးကဲ့သို့ ကျင့်ဝတ်စံနှုန်းနိမ့်ကျသော ဆရာများ ရှိသော်လည်း ဆရာအများစုမှာ ထူးခြားပြီး တက္ကသိုလ်သည်လည်း မြို့တွင်းရှိ ထိပ်တန်းအဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။မုန့်ကျဲပန့်သည်လည်း နိုင်ငံတကာနာမည်ကြီးကျောင်းများတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပါသည်။

သာမန်အားဖြင့်ဆိုလျှင် စုယီသည် မုန့်ကျဲပန့်လိုလူမျိုးနှင့် ဆက်ဆံရန် အခွင့်အလမ်းရှိမည် မဟုတ်ပေ။

သို့ရာတွင် သူ၏ ပင်ကိုယ်သဘာဝမှာ စကားနည်းသူ ဖြစ်သည့်အပြင် နန်ရှောင်ပေါင်နှင့် ပတ်သက်သည်ကိုသာ စကားကြွယ်တတ်သူ ဖြစ်သဖြင့် မုန့်ကျဲပန့် ကျေးဇူးတင်သည်ကို ခေါင်းညိတ်ရုံဖြင့်သာ တုန့်ပြန်သည်။

“သူ့နာမည်က စုယီ။သူ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး!”

နန်ရှောင်ပေါင်သည် စုယီအစား ဖြေပေး‌သည်။သူမ၏ သတ္တိရှိမှုသည် ဆရာမအချို့ကို သိသိသာသာ ပြုံးသွားစေသည်။

ဒါရိုက်တာတစ်ဦးက ဝင်ပြောသည်။ "ကျောင်းသားစုယီရဲ့ ခွန်အားက ကြီးမားပါတယ်။သူက ငါတို့ကျောင်းရဲ့ အဖိုးတန်ပဲ။ဒါပေမယ့် အန္တရာယ်က မပြီးသေးဘူး။ ဆရာနဲ့ ကျောင်းသားတွေ အားလုံး စည်းလုံးညီညွတ်ရမယ်။ ပြီးတော့ စုယီက ကူညီပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။”

သူသည် အရမ်းကို တိုက်ရိုက်ပြောလိုက်ခြင်း ဖြစ်သည်။ရှေးဦးစွာ စုယီကို ချီးမြှင့် မြှောက်ပင့်လေသည်။သာမန် ကျောင်းသားများသာဆိုလျှင် အလွယ်တကူ သဘောတူလက်ခံမည်မှာ သေချာသော်လည်း စုယီကတော့ တုန်လှုပ်ခြင်း မရှိပေ။

သူ့မှာ ပန်းတိုင်ရှိပြီးသား ဖြစ်သည့်အပြင် အလကား အလုပ်သမားလည်း မဖြစ်ချင်ပါ။

တံတားဖြူ တက္ကသိုလ်သည် သူ့အား နွေးထွေးစွာ ကြိုဆိုခဲ့ခြင်းမရှိပါ။ကြက်သွေးရောင် မြွေဘုရင်က မည်သူ့ကိုမျှ မစားသုံးမီ သူက အားလုံး၏အသက်ကို ကယ်တင်လိုက်သဖြင့် သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။

လူတိုင်းသည် အသက်ရှင်နိုင်ရန်အတွက် မိမိကိုယ်ကို အားကိုးသင့်သည်။

ထိုအတွေးဖြင့် စုယီသည် လှည့်လိုက်ကာ မြွေတို့၏ အသားစများနှင့် သွေးများပြန့်ကျဲနေသည့် ကွဲအက်နေသော မြောင်းရှိရာသို့ ဦးတည် လျှောက်သွားလိုက်သည်။

ကြက်သွေးရောင် မြွေဘုရင်သည် အသွင်ပြောင်းသွားသည်။သေချာသည်မှာ နတ်ဆိုးအမြု‌တေအဖြစ် ကျန်ရှိမည် ဖြစ်သည်။

နတ်ဆိုးအမြု‌တေသည် သူ့အား ပိုမို သန်မာလာစေရန် ကူညီပေးနိုင်သည့်အတွက် ၎င်းအား မလွဲချော်ချင်ပါ။

သူ၏လုပ်ရပ်သည် ခုနက ဒါရိုက်တာအား ချက်ချင်းပင် အရှက်ရစေကာ ကျန်ဆရာ၊ဆရာမများလည်း ဘာပြောရမယ် မသိဘဲ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကြည့်နေကြသည်။

“ရှင့်လိုလူမျိုး အများကြီး ရှိတာဘဲ။ပထမဆုံး ရှင် အကုန် စုစည်းပြီး လက်နက်တွေကို ရှာဖွေသင့်တယ်။ကောင်လေးတွေကို အဖွဲ့ ဖွဲ့ထားပြီး စတင် လေ့ကျင့်ပေးရမယ်။နောက်တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်…”

ထိုအချိန်တွင် နန်ရှောင်ပေါင်သည် စတင် စကားပြောလာကာ ဆက်တိုက်ပင် အဆုံးမရှိ ပြောနေခဲ့သည်။

သူမသည် စုယီအား တမင်တကာ ထည့်မပြောသည်မှာ သူတို့ကိုယ်သူတို့ အားကိုးစေလိုကြောင်း ထင်ရှားသည်။

ရှေးဟောင်းတောသို့ မရောက်ခင်ကပင် သူမသည် စုယီကို အလွန်သဘောကျခဲ့သည်ဖြစ်ရာ သူ့အပေါ် အခြားသူများ၏ အမြတ်ထုတ်ခြင်းကို မမြင်လိုသည်မှာ သဘာဝကျသည်။

ဆရာမတွေ မျက်မှောင်ကြုတ်နေကြသည်။စုယီ တစ်ယောက်တည်း၏ ခွန်အားသည် ထောင်ချီနေသော သူတို့အားလုံး၏ခွန်အားထပ် ဆယ်ဆမက သာလွန်ပေသည်။ထို့ကြောင့်ပင် လက်မ‌လျှော့ချင်ကြပေ။

မုန့်ကျဲပန့်သည် စကားမပြောပါ။သူ၏မျက်လုံးထဲတွင် တွေးတောနေသည့် အကြည့်ကို မြင်ရသည်။

“ကျောင်းသားတွေကို ကူညီပေးဖို့ မပြောဘူးလား?ဒီမြွေတွေရဲ့ အရေခွံက အရမ်းမာတယ်။သံချပ်ကာ အင်္ကျီလုပ်လို့ ရတယ်။သူတို့ရဲ့သွားတွေကိုတော့ လက်နက်အဖြစ် ပြောင်းလို့ရတယ်”

ထိုအချိန်တွင် ပင်ပေါင်ဘောလုံးကဲ့သို့ ကြီးမားပြီး အနီရောင်တောက်တောက်ဖြစ်သော ကြက်သွေးရောင်မြွေဘုရင်၏ နတ်ဆိုးအမြုတေကို ကောက်ယူပြီးနောက် စုယီ၏အသံသည် လွင့်ပျံလာသည်။ ယင်းကို တာအို၏ သိုလှောင်ခန်းထဲသို့ တိတ်တဆိတ်ထည့်လိုက်ပြီးနောက် နန်ရှောင်ပေါင်အား သူ့နောက်သို့ လိုက်ရန် လက်ဟန်ပြခဲ့သည်။

ထိုစဉ် ထောင်ချီသော ကျောင်းသားများသည် စုဝေးလာကြပြီး စုယီနှင့် ဆက်သွယ်ချင်ကြသည်။သို့သော် ကံဆိုးစွာပင် သူသည် သူတို့အားလုံးကို လစ်လျူရှုကာ နန်ရှောင်ပေါင်နှင့်အတူ ချက်ချင်း ထွက်လာခဲ့သည်။

“စုယီ…”

လီဖေးသည် စုယီအား လက်လှမ်းပြလေသည်။သူ၏မျက်နှာတွင် ဂန္ဓမာပန်းကဲ့သို့ ပေါ်လွင်သော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။စုယီကတော့ သူ့အား လှည့်ပင်မကြည့်ပါ။

စုယီ၏အမူအရာကို ကြည့်၍ ဆရာများ၏ ပုံစံမှာ ပျက်‌ယွင်းနေကြသော်လည်း စုယီသည် အလွန်သန်မာလွန်းသဖြင့် သူတို့၏ ခံစားချက်ကို မထုတ်ဖော်ဝံ့ကြပေ။

“စုယီ ပြောသလို လုပ်ကြရအောင်။ငါတို့ ကိုယ့်အားကိုယ် ကိုးရမယ်။ရှေးဟောင်းတောရဲ့ မကောင်းဆိုးဝါးတွေက ယခင်က ကြက်သွေးရောင် မြွေဘုရင်လိုဘဲ အကန့်အသတ်မရှိမှာ သေချာတယ်…”

မုန့်ကျဲပန့်က သူတို့ကို ကာကွယ်ရန် စုယီတွင် တာဝန်မရှိကြောင်း ဝန်ခံကာ သက်ပြင်းချလိုက်သည်။

စုယီနှင့် နန်ရှောင်ပေါင်တို့ ဝေးကွာသွားသည်ကို ကြည့်ရင်း ထောင်ချီသော ကျောင်းသား၊ကျောင်းသူများသည် စတင် ကြောက်ရွံ့လာကြသည်။နောက်ထပ် အန္တရာယ် ပေါ်ပေါက်လာပါက စုယီမရှိဘဲ ဘယ်လို ရင်ဆိုင်ရမည်ကို တွေးကာ စိတ်ပူနေကြသည်။

စုယီက ဘာလို့ အာ့လောက် သန်မာရတာလဲဟု စဉ်းစားတတ်သည့် လျင်သော ကျောင်းသားအချို့လည်း ရှိသည်။

ရွှမ်ယွမ်လူသား ဧကရာဇ်သည် သူတို့အား လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ရှေးဟောင်းတောထဲသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ယေဘုယျအားဖြင့် ဆိုလျှင် သေတွင်းထဲသို့ သေချာပို့ခြင်း မဖြစ်နိုင်ပေ။သူတို့အား စောင့်မျှော်နေသည့် အခွင့်အလမ်းတွေ သေချာပေါက် ရှိကိုရှိရမည်!

...

ထောင်ချီသော ဆရာများနှင့်ကျောင်းသားများသည် မြွေ အရေခွံနှင့် သွားများကို စုဆောင်းရင်း အလုပ်ရှုပ်နေကြချိန်တွင် စုယီနှင့် နန်ရှောင်ပေါင်သည် သူတို့၏ အိပ်ဆောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ရှပ်အင်္ကျီအသစ် လဲပြီးနောက် စုယီသည် သူ၏ အဝတ်အစားများအားလုံးကို တာအိုထဲသို့ ပြန်သိမ်းလိုက်သည်။ပြီးနောက် နန်ရှောင်ပေါင်၏အိပ်ဆောင်သို့ လိုက်သွားသည်။

“သေချာထုပ်ပိုးထား။အချိန်မရွေး ငါတို့ ထွက်ခွာရနိုင်တယ်”စုယီသည် ပြောပြောဆိုဆိုဖြင့် သူတို့နောက်က တံခါးအား ပိတ်လိုက်သည်။

နန်ရှောင်ပေါင်သည် ခေါင်းငြိမ့်ရင်း သူမ၏ပစ္စည်းများကို စတင် သိမ်းဆည်းလေသည်။

စုယီသည် တခြားအိပ်ယာတစ်ခုပေါ်တွင် ထိုင်ထျလိုက်ပြီး သူ၏မိုဘိုင်းဖုန်းကို ထုတ်လိုက်သည်။ဘက်ထရီသည် များများစားစား မကျန်တော့သဖြင့် ဘယ်အချိန်တွင် ပါဝါကျမည်မှန်း မသိနိုင်ပါ။

သူ ဖုန်းကိုဖွင့်လိုက်သည့်အခါ စကရင်တွင် ဧကရာဇ်စုဂိုဏ်းကို မပြသဘဲ မက်ဆေ့ဂ်ျတစ်ကြောင်းနှင့် နာမည်စာရင်းများကိုသာ တွေ့ရသည်။

ဧကရာဇ်စုဂိုဏ်းတွင် ပါဝင်ရန်အတွက် အောက်ပါနာမည်များမှ အချို့အား ကျေးဇူးပြုပြီး ဖိတ်ခေါ်ပါ။

လီဟွာဟွင်း!

သခင်ကြီးချီယန်!

မိုးကုတ်စက်ဝိုင်း၏ ဓားသခင်!

ရှုံးပါထျန်း!

တောခွေးများ၏ဘုရင်!

…

စုစုပေါင်း နာမည် နှစ်ဆယ့်ငါးခု ရှိသည်။စုယီ မျက်လုံးများပင် ကျိန်းသွားသည်။

အဖွဲ့ဝင်အသစ်တွေကို ဖိတ်ခေါ်ဖို့ နောက်ထပ်အခွင့်အရေးလား?

ဒီနာမည်တွေက ဘယ်ကလာတာလဲ ဟူ၍ သူ သိချင်နေမိသည်။ရှေးဟောင်းတောက လာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

ကြက်သွေးရောင်မြွေဘုရင်က ဒီနေရာဟာ ချီလင်နယ်မြေ ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုက အုပ်ချုပ်တဲ့နယ်မြေဖြစ်တယ်လို့ ပြောခဲ့ဖူးသည်။

သခင်ကြီးချီယန်များ ဖြစ်နိုင်မလား?

စုယီ၏ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သခင်ကြီးချီယန်ဆိုသည့် နာမည်ကို ချက်ချင်းပင် နှိပ်လိုက်သည်။

သခင်ကြီးချီယန်သာ ကြက်သွေးရောင် မြွေဘုရင်၏ ခေါင်းဆောင် အမှန်တကယ် ဖြစ်မည်ဆိုလျှင် သူသည် ဧကရာဇ်စုဂိုဏ်းထဲမှာပင် သူ့အား ချေမှုန်းနိုင်လိမ့်မည်။

All Chapters