← Chapters

နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအား

Vol. 1 Ch. 3

နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအား

Vol. 1 Ch. 3

 တိတ်ဆိတ်ခြင်း...

 မြွေကြီးကြောင့် ပြေးလွှားနေကြသူများသည်လည်း သူတို့၏ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး နန်ရှောင်ပေါင်ကဲ့သို့ပင် စုယီအားလှမ်းကြည့်လိုက်မိသည်။

 လက်ရှိအချိန်တွင် စုယီသည် အနည်းငယ်ပိန်ပိန်ပါးပါးပုံစံရှိသော်လည်း သူသည်ထိုက်တောင်တန်းကြီးသဖွယ် လုံခြုံစိတ်ချရသော ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။

 "ဟူး...ဟူး..."

 စုယီသည် အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်နေခဲ့သည်။ယခုလေးတင် သူထုတ်ဖော်ခဲ့သောဓားချက်က သူ့တစ်ကိုယ်လုံးမှ အားအင်များကုန်ဆုံးသွားစေသလို ခံစားနေရပေသည်။

 အခြားသောသူများကလည်း သတိပြန်၀င်လာကြပြီးနောက် အလွန်အံ့ဩနေသောလေသံဖြင့် အော်ဟစ်ပြောဆိုလိုက်ကြသည်။

 "သေစမ်း...ဒါကသောက်ရမ်းကြမ်းလွန်းတယ်..."

 "သူကဘယ်သူလဲ...သူ့လက်ထဲကဓားက အရမ်းကိုအစွမ်းထက်လွန်းတယ်..."

 "ငါဘာတွေမြင်လိုက်ရတာလဲ..."

 "ဒါကတကယ်ကောဟုတ်ရဲ့လား...ဒီကောင်က သိုင်းပညာရှင်တစ်ယောက် ဖြစ်နေတာလား"

 "သိုင်းပညာရှင်...သူကပယောဂနှင်တဲ့တာအိုဆရာတစ်ယောက်နဲ့ ပိုတူနေတယ်"

 ကျောင်းသား၊ကျောင်းသူများနှင့် ဆရာများသည် ထိတ်လန့်အံ့ဩနေကြပြီး အားကစားကွင်းထဲမှ ကျောင်းသားအချို့ပင် ထိုမြင်ကွင်းအား တွေ့မြင်ခဲ့ရသည်။ကွန်ပျူတာအထူးပြုလုပ်ချက်နှင့်တူသော စိမ်းပြာရောင်ဓားချီပုံရိပ်သည် သူတို့၏နှလုံးခုန်နှုန်းအား လွန်စွာမြန်ဆန်စေခဲ့သည်။

 လူသားများသည် သဘာ၀လွန်ဖြစ်ရပ်များအပေါ် စူးစမ်းလေ့လာလိုစိတ် အမြဲရှိကြပေသည်။

 နန်ရှောင်‌ပေါင်သည် စုယီ၏နံဘေးသို့ အမြန်ချည်းကပ်သွားခဲ့ကာ စိုးရိမ်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။

 "စုယီ နင်အဆင်ပြေလား..."

 "ငါအဆင်ပြေတယ်...ဖြစ်နိုင်ရင် လူမရှိတဲ့နေရာတစ်ခုမှာ ကူညီပေးရင်တော့ ပိုကောင်းတာပေါ့..."

 စုယီက တိတ်တခိုးရယ်မောလိုက်ကာ တစ်ကိုယ်လုံးအားနည်းနေသည့် ခံစားချက်ကိုဖုံးကွယ်လိုက်သည်။လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်ကသာ ကျိုးဝူဓားကိုလုယူလိုပါက သူဟန့်တားနိုင်မည်မဟုတ်ပေ။

 ရှေးဟောင်းတောနက်ထဲတွင် သန်မာမှုကသာ အသက်ရှင်သန်နိုင်မည့် အာမခံချက်ဖြစ်သည်။

 အသက်ငယ်ငယ်ဖြင့် လူ့အဖွဲ့အစည်းထဲတိုး၀င်လာခဲ့သော စုယီသည် ထိုသို့လိမ်ညာလှည့်ဖြားမှုများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီးဖြစ်သည်။

 ထိုအကြောင်းကို ကောင်းကောင်းနားလည်ထား၍ နန်ရှောင်ပေါင်ကို သူ့အားဤနေရာမှခေါ်ထုတ်သွားရန် အကူအညီတောင်းခဲ့သည်။

 ကျောင်းသားများနှင့်ဆရာများသည် စုယီအကြောင်းကိုသိချင်နေကြသော်လည်း လိုက်မသွားခဲ့ကြပေ။သူတို့သည် ဧရာမမြွေကြီး မည်သည့်နေရာမှရောက်ရှိလာကြောင်း တွေးတောနေခဲ့ကြသည်။

 မကြာမှီ ဆရာများသည် ကျောင်းသားများကိုစုစည်း၍ ကျောင်း၀င်းတဝိုက်ရှိ သစ်ပင်အမြင့်ကြီးများကို စစ်ဆေးကြည့်ခဲ့ကြသည်။သူတို့သည် ကျောင်း၀င်းအပြင်ဘက် တောအုပ်ထိပါ စူးစမ်းလေ့လာရန်ပြင်ဆင်ခဲ့ကြသော်လည်း ထိုသို့လုပ်ဆောင်ခြင်းက သေလမ်းကိုလျှောက်သည်နှင့်မခြားပေရာ ထိုအကြံကိုလက်လျော့ခဲ့ကြသည်။

 အခြားနေရာတစ်ခု၌...

 နန်ရှောင်ပေါင်သည် စုယီအား သူမ၏အိပ်ဆောင်ရှိရာသို့ ကူညီခေါ်ဆောင်လာခဲ့သည်။စုယီသည် မိန်းကလေးများအိပ်ဆောင်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခဲ့ခြင်းဖြစ်သည်။သို့သော်လည်း သူခံစားနေရသော ပူပင်သောကကြောင့် အခြားသောအသေးအမွှားပြသနာများကို ဘေးဖယ်ထားခဲ့ပေသည်။

 "မင်းရဲ့အဆောင်မှာ ဘယ်သူမှမရှိကြဘူးလား..."

 စုယီကစိတ်၀င်တစားမေးမြန်းလိုက်သည်။

 "သူတို့ဒီနေ့အတန်းမသွားကြဘူး...ဈေး၀ယ်ထွက်သွားကြတယ်"

 နန်ရှောင်ပေါင်က ပြန်ဖြေလိုက်သည်။သူမ၏လှပသောမျက်လုံးများက စုယီအားစူးစူးစိုက်စိုက်ကြည့်ရှုနေခဲ့ကာ စပ်စုလိုခြင်း အံ့ဩမှင်သက်မိခြင်းတို့အပြင် လေးနက်သောဂရုစိုက်မှုကိုပါ ထုတ်ဖော်ပြသနေခဲ့သည်။

 အမှန်တော့ နန်ရှောင်ပေါင်က သူအပေါ်ထားရှိသည့် သဘောထားကို စုယီရိပ်မိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။သို့သော် ယခင်ကစုယီသည် စာမေးပွဲအောင်မြင်ရန်သာ စိတ်ထဲထားခဲ့ပြီး နန်ရှောင်ပေါင်ကဲ့သို့ မိန်းကလေးက သူနှင့်ထိုက်တန်မှုမရှိကြောင်း ကောင်းကောင်းသိနေခဲ့သည်။

 နန်ရှောင်ပေါင်သည် ချမ်းသာသည့်အသိုင်းအဝိုင်းမှ ဆင်းသက်လာခြင်းမဟုတ်သော်လည်း သူမကိုယ်တိုင်က လွန်စွာအရည်အချင်းကောင်းမွန်သည့်အပြင် ကောင်းမွန်သည့်မိသားစုနောက်ခံအား ပိုင်ဆိုင်ထားပေသည်။သို့ဖြစ်ရာ သူမအားလိုက်ခံပိုးပန်းသူများစွာရှိနေသည်မှာ မဆန်းလှပေ။မည်သို့ပင်ဆိုစေ နန်ရှောင်ပေါင်သည် ထိုယောကျာ်းလေးအားလုံးကို ငြင်းပယ်ခဲ့ပေသည်။ 

 တတိယထပ်သို့ရောက်သည့်အခါတွင် နန်ရှောင်ပေါင်သည် စုယီအား အိပ်ဆောင်အခန်းတစ်ခုရှိ အိပ်ရာတစ်ခုပေါ်သို့ ကူညီ၍နေရာချပေးလိုက်ပြီး အတွင်းမှနေ၍ သော့ခတ်လိုက်သည်။

 အိပ်ဆောင်အတွင်း၌ မိန်းကလေးများ၏ အ၀တ်အစားအချို့ပြန့်ကျဲနေသည့်အတွက်ကြောင့် စုယီ၏မျက်နှာက အနည်းငယ်နီရဲသွားခဲ့သည်။

 နန်ရှောင်ပေါင်သည် စုယီ၏အမူအရာကို သတိထားလိုက်မိချိန်တွင် ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။

 "ငါအ၀တ်အစားလဲလိုက်မယ်...ခဏလောက်စောင့်အုံး"

 ထိုသို့ပြောပြီးနောက် နန်ရှောင်ပေါင်သည် ကုတင်ပေါ်မှအ၀တ်တစ်ထည်ကိုယူကာ ရေချိုးခန်းထဲသို့၀င်သွား၍ တံခါးကိုဖြည်းညှင်းစွာ ပိတ်လိုက်သည်။

 ဒီကောင်မလေး...

 စုယီသည် ကူကယ်ရာမဲ့စွာပြုံးလိုက်ကာ ခေါင်းခါယမ်း၍ ဧကရာဇ်စုဂိုဏ်း၀င်များ ပြောဆိုနေကြသည်ကိုစစ်ဆေးရန် ဖုန်းကိုဆွဲထုတ်လိုက်သည်။

 ကျိုးဝူဓားသည် လွန်စွာအစွမ်းထက်ကြောင်း သိသာသော်လည်း ၎င်းကိုသုံးစွဲရသည်မှာ အန္တာရယ်များလှပေသည်။

 သူသည် ဖုန်းကိုဖွင့်လိုက်ချိန်တွင် ဖုန်းစခရင်ပေါ်၌ ဧကရာဇ်စုဂိုဏ်း၏ စကားပြောခန်းကို ပြသနေဆဲဖြစ်သည်။သူသည် ဖုန်းထဲရှိအခြားလုပ်ဆောင်ချက်တစ်ခုကို ပြောင်းလဲရန် သို့့မဟုတ် ဖုန်းခေါ်ဆိုရန်ပင် မလုပ်ဆောင်နိုင်သေးပေ။

 ဧကရာဇ်စု - သေမျိုးတစ်ယောက်က ကျိုးဝူဓားကိုသုံးရင် ဘာတွေဖြစ်လာနိုင်လဲ...

 ကျားနက်ဧကရာဇ်- ဟင်...ဧကရာဇ်စု...ဘာလို့အဲလိုတုံးအတဲ့မေးခွန်းမျိုးကို မေးမြန်းရတာလဲ...ကျိုးဝူဓားကို သေမျိုးတွေအသုံးပြုမယ်ဆိုရင် အသုံးပြုသူက သေချာပေါက်သေဆုံးသွားရလိမ့်မယ်...

 နတ်ဆိုးဘုရင် ချင်းယန် - ကျိုးဝူဓားက အင်မော်တယ်ဓားတစ်လက်ဖြစ်တယ်...သေမျိုးတစ်ယောက်က ဘယ်လိုကိုင်ဆောင်နိုင်မှာလဲ...

 ထိုစာကိုဖတ်ပြီးနောင် စုယီ၏တစ်ကိုယ်လုံး အေးစက်စက်ချွေးများဖြင့်စိုရွဲသွားကာ စိတ်ထဲ၌ကျိန်ဆဲမိလိုက်သည်။

 ထိုမေးခွန်းကြောင့် ကျားနက်ဧကရာဇ်နှင့်နတ်ဆိုးဘုရင်ချင်န်တို့သည် စုယီအပေါ် အနည်းငယ်သံသယ၀င်လာစေခဲ့သည်။ထို့ကြောင့် စုယီသည် သူတို့ပြောဆိုနေသည့်အကြောင်းအရာကို လျင်မြန်စွာပြောင်းလဲလိုက်သည်။

 ဧကရာဇ်စု - နတ်ဆိုးသခင်ချင်းယန်၊ဝူချင်းယောင်...မင်းတို့ရဲ့အရင်းအမြစ်တွေကို ပံ့ပိုးပေးဖို့အချိန်ရောက်ပြီ...ဒါမှမဟုတ်ရင် ဧကရာဇ်စုဂိုဏ်းကနေ နှင်ထုတ်ခံရလိမ့်မယ်...

 နတ်ဆိုးသခင် ချင်းယန် - ဂိုဏ်းကနေနှင်ထုတ်ခံရတာက တစ်ခုတည်းသော ရွေးချယ်စရာလား...

 ကျားနက်ဧကရာဇ် - ဟားဟား...နောင်တော်ဧကရာဇ်စုက ကြီးကျယ်မြင့်မြတ်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်လေ...ဘာလို့ရတနာအချို့ကို မလွဲပေးရမှာလဲ...ဒီလိုလုပ်တာက အခွင့်အရေးကို ဆုံးရှုံးရတာထက်စာရင် ပိုကောင်းတာပေါ့...

 ဝူချင်းယောင် - ငါ့ဆီမှာ ခန့်ညားတဲ့အင်မော်တယ်၀တ်စုံတစ်ခုရှိတယ်...ဒါကို ဧကရာဇ်စုဂိုဏ်းဆီ ဆက်သပါမယ်...

 ထိုအခိုက်အတန့်တွင် ပြိုးပြိုးပျက်ပျက်တောက်ပနေသည့် ငွေရောင်ကြာပန်းများပြည့်နှက်နေသော ၀တ်စုံတစ်ထည်က စုယီ၏လက်ထဲရောက်ရှိလာခဲ့သည်။ထို၀တ်စုံကို ကိုင်ဆောင်ထားသည့် စုယီ၏လက်များ က အေးမြမှုကိုခံစားနေရပေသည်။ဝူချင်းယောင်စကားပြောနေချိန်တွင် ၀တ်စုံက စုယီလက်ထဲရောက်ရှိလာပြီဖြစ်သည်။

  သို့သော်လည်း ထိုအင်မော်တယ်၀တ်စုံမှာ သူစိတ်ကူးမထားသည့် အမျိုးသမီး၀တ်ဂါ၀န်တစ်ထည်ဖြစ်သည်။

 စုယီ၏အတွေးများသည် ရုတ်တရက်အေးခဲသွားသလို ခံစားလိုက်ရပြီး ထိုအင်မော်တယ်၀တ်စုံအား တာအိုသိုလှောင်ခန်းထဲ ချက်ချင်းထည့်သိမ်းလိုက်သည်။

 တာအိုသိုလှောင်ခန်းသည် သူ၏ဖုန်းအတွင်း၌ အမှီအခိုကင်းစွာတည်ရှိနေသော အရာဖြစ်သည်။သူသည် အတွေးတစ်ချက်ဖြင့် ထိုသိုလှောင်ခန်းထဲရှိ ပစ္စည်းများအား အသွင်းအထုတ်ပြုလုပ်နိုင်သည်။

 စုယီသည် ကျိုးဝူဓားကို သိုလှောင်ခန်းထဲသို့ ထည့်သိမ်းလိုက်ကာ ကျိုးဝူဓားကို စိတ်ထဲ၌တွေးကြည့်လိုက်သည်နှင့် ဓားကသူ့လက်ထဲပြန်ရောက်လာခဲ့သည်။ထိုသို့သိမ်းဆည်းခြင်းနှင့်ပြန်လည်ထုတ်ယူခြင်းအရှိန်နှုန်းသည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေခဲ့ကာ စုယီတစ်ယောက်လွန်စွာနှစ်သက်သွားခဲ့သည်။

 ခဏအကြာတွင် စုယီသည်သူ၏ဖုန်းအား ပြန်၍အာရုံစိုက်လိုက်သည်။

 ထိုအချိန်တွင် ကျားနက်ဧကရာဇ်သည် နတ်ဆိုးသခင်ချီယန်အား ဓကရာဇ်စုဂိုဏ်းသို့ သူ၏ရတနာများကို ပေးအပ်စေရန်အတွက် ဆွဲဆောင်စည်းရုံးနေခဲ့သည်။

 ကျားနက်ဧကရာဇ် - နတ်ဆိုးသခင်...ဒါကအခွင့်အရေးတစ်ခုပဲ...ဒါကလှည့်စားမှုတစ်ခုဆိုရင်တောင် ငါတို့အများကြီးဆုံးရှုံးမှာမဟုတ်ဘူး...ဒါပေမဲ့ အခွင့်အရေးတစ်ခုသာဆိုရင် ငါတို့တစ်သက်လုံး နောင်တရနေလိမ့်မယ်...

 နတ်ဆိုးသခင် ချင်းယန် - ....

 ကျားနက်ဧကရာဇ် - စဉ်းစားကြည့်ပါအုံး...ငါတို့ကိုပေါင်းစည်းပေးနိုင်တဲ့ နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်တဲ့ အစွမ်းထက်ပုဂ္လိုလ်မျိုးကို မင်းကြုံဖူးလား...သေချာတာတော့ ငါတစ်ခါမှမကြားဖူးဘူး...

 ဝူချင်းယောင် - ဘာလို့ဒီကျားနတ်ဆိုးကို မထုတ်ပယ်ရတာလဲ...သူနဲ့တူတူရှိနေရတယ်ဆိုတဲ့အတွေးက င့ါကိုရွှံရှာစေတယ်...

 နတ်ဆိုးသခင် ချင်းယန် - ဟင်း...ငါဒီမှာဆက်နေဖို့ရွေးချယ်တယ်...င့ါဆီမှာ နဂါးခွန်အားဆေးလုံး ၁၀ပုလင်းရှိတယ်...ပုလင်းတစ်ခုမှာ ဆေး၁၀လုံးပါတယ်...ဆေးတစ်လုံးကိုစားလိုက်တိုင်း နဂါးတစ်ကောင်ရဲ့ခွန်အားကို ပိုင်ဆိုင်လိမ့်မယ်....

 နတ်ဆိုးသခင်ချင်းယန်၏ စကားအဆုံးတွင် သူ့လက်ထဲသို့‌ အဖြူရောင်ကျောက်စိမ်းပုလင်း၁၀လုံး ရောက်ရှိလာကြောင်း စုယီသတိထားမိလိုက်သည်။

 စုယီသည် ကျောက်စိမ်းပုလင်းများအနက် တစ်ခုကိုဖွင့်ကြည့်လိုက်ရာ ရွှေဆေးပြား၁၀လုံးအား တွေ့ရှိလိုက်ရသည်။

 "နဂါးတစ်ကောင်၏စွမ်းအား..."

 စုယီသည် အလွန်ပင်စိတ်အားထက်သန်နေခဲ့သည်။ဟွာရှတွင် နဂါးသည်အမြင့်မြတ်ဆုံးသော သားရဲတစ်ကောင်ဟု သတ်မှတ်ခံထားရကာ ၎င်း၏စွမ်းအားကို အသေးစိတ်ဖော်ပြနေရန် မလိုအပ်ပေ။

 ထိုချိန်တွင် ဧကရာဇ်စုဂိုဏ်းအတွင်း၌...

 ကျားနက်ဧကရာဇ် - နဂါးခွန်အားဆေးပြားတစ်ရာ ၊ နတ်ဆိုးသခင်က တော်တော်ရက်ရောတာပဲ...အဲ့လိုဆိုမှတော့ ငါ့ရဲ့ကျင့်စဉ်ကိုလည်း ပေးအပ်ရတော့မှာပေါ့...ဒီဟာက ငါရဲ့ကိုယ်ပိုင်ရတနာတွေထဲက အဖိုးတန်ဆုံးအရာဆိုလည်းမမှားဘူး...ငါဒီနေ့ရရှိလာတဲ့အောင်မြင်မှုတွေအတွက် ဒီကျင့်စဉ်ကိုကျေးဇူးတင်ရလိမ့်မယ်...

 နတ်ဆိုးသခင် ချင်းယန် - မင်းကိုယ်မင်းအစွမ်းထက်တဲ့သူတစ်ယောက်လို ပြောနေတာပဲ...

 ကျားနက်ဧကရာဇ်၏စကားအဆုံးတွင် စုတ်ပြတ်သတ်နေပုံရသော ရှေးဟောင်းစာအုပ်တစ်ခုက စုယီ၏ဘယ်ဘက်လက်ထဲသို့ ရောက်ရှိလာခဲ့သည်။ထိုစာအုပ်အဖုံးပေါ်၌ နက်နဲကာနားလည်ရခက်ခဲသည့် လျှိ့ဝှက်ဆန်းကြယ်သော စာလုံး၄လုံးပါရှိပေသည်။

 "ဒါကဘာလဲ..."

 စုယီသည် စူးစမ်းလိုစိတ်အပြည့်ဖြင့် ထိုစာလုံး၄လုံးအား အာရုံစိုက်ကြည့်ရှုလိုက်ချိန်တွင် ထိုစာလုံးများ၏အဓိပ္ပာယ်ရှင်းလင်းချက်က သူ့စိတ်ထဲ၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

 နတ်ဆိုးဧကရာဇ်၏ နတ်ဘုရားစွမ်းအား...

 ဟုတ်လှချည်လား...ဒါကနောက်ထပ်ရတနာတစ်ခုထင်တယ်...

 စုရီသည် ထိုစာသားများအား သူမည်သို့နားလည်သွားသည်ကို စဉ်းစားမရဖြစ်နေခဲ့သည်။ဤအရာသည် သူ့ဖုန်းကြောင့်ဖြစ်နိုင်သည်လား။

 ထိုသို့တွေးတောရင်း သူသည် နဂါးခွန်အားဆေးပြားများကို တာအိုသိုလှောင်ခန်းထဲ၌ ဦးစွာသိမ်းဆည်းလိုက်သည်။ထို့နောက် နတ်ဆိုးဧကရာဇ်၏နတ်ဘုရားစွမ်းအားကို စတင်ဖတ်ရှုလိုက်သည်။စာအုပ်ထဲ၌ ရေးသားထားသောစာလုံးများသည် ထူးထူးခြားခြားလေးနက်နေသော်လည်း သူစတင်ဖတ်ရှုလိုက်သည်နှင့် မှော်ဆန်သောခံစားချက်ကိုရရှိကာ အရာအားလုံးကို နားလည်လာခဲ့သည်။

 ခဏအကြာတွင် စုယီသည် နတ်ဆိုးဧကရာဇ်၏နတ်ဘုရားစွမ်းအားကျင့်စဉ်ကို လျင်မြန်စွာဖြင့် အလွတ်ကျက်မှတ်လိုက်သည်။

 ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏ ကျင့်ကြံမှုလမ်းစဉ်ဖြစ်ကာ နေနှင့်လတို့၏အနှစ်သာရကိုစုပ်ယူ၍ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား တိုးတက်အောင်လုပ်ဆောင်ရခြင်းဖြစ်သည်။

 နတ်ဆိုးဧကရာဇ်၏နတ်ဘုရားစွမ်းအားကို အဆင့်၅ဆင့် ခွဲခြားထားပေသည်။

 ပထမအဆင့် - နတ်ဆိုးချီအသွင်ပြောင်းခြင်း

 ဒုတိယအဆင့် - နတ်ဆိုးအမြူတေစုစည်းခြင်း

 တတိယအဆင့် - နတ်ဆိုးဧကရာဇ်ချီ

 စတုတ္ထအဆင့် - နတ်ဆိုးနှင့်မှင်စာကိုဝါးမြိုခြင်း

 ပဉ္စမအဆင့် - သန့်စင်သောခန္ဓာကိုယ်

 ဤကျင့်စဉ်သည် မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်သည်ဟု ခံစားရပေသည်။

 ငါဘာလို့ချက်ချင်းကြီးမှတ်မိနေရတာလဲ...ငါကကျင့်ကြံမှုလမ်းစဉ်မှာ ပါရမီရှင်တစ်ယောက်ဖြစ်နိုင်မလား...

 စုယီသည် သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ပုံမှန်ဆိုလျှင် ဤစာအုပ်ထဲရှိ အကြောင်းအရာများကို အလွတ်ကျက်မှတ်ခြင်းက သူ၏ခေါင်းကိုကိုက်ခဲစေနိုင်သော်လည်း ယခုမူကျင့်စဉ်ကို အချိန်ခဏလေးဖြင့် အလွတ်ကျက်မှတ်နိုင်ခဲ့ခြင်းမှာ မယုံနိုင်ဖွယ်ကောင်းလှပေသည်။

All Chapters