ချီလင်နယ်မြေကို ဖြတ်ကျော်၍
Vol. 2 Ch. 28
သခင်ကြီးချီယန်သည် ဧကရာဇ်စုက သူ့အား ဒုက္ခမပေးရန်အတွက် စုယီကို ဘေးလွတ်ရာ ခေါ်သွားရန် တွေးလိုက်သည်။
သို့ရာတွင် သူသွားမည့်နေရာသည် စုယီကို သူနှင့်အတူ ခေါ်သွားရန် သင့်တော်သည့်နေရာလည်း မဟုတ်ပါ။
ငါ ဘာလုပ်သင့်လဲ?
ခဏလေး!
သခင်ကြီးချီယန်သည် ရုတ်တရက် မျက်လုံး ပိတ်လိုက်ပြီး တစ်စုံတစ်ရာကို တွေးလိုက်သည်။
ဧကရာဇ်စုဂိုဏ်း၏ စကားဝိုင်းထဲတွင်။
သခင်ကြီးချီယန်: ဧကရာဇ်စု၊ ကျွန်တော် အကူအညီ တောင်းလို့ရမလား။ကျွန်တော့်အတွက် မဟုတ်ပါဘူး။ ဧကရာဇ်စု စိတ်ဝင်စားနေတဲ့ ဓားတာအို ဉာဏ်ကြီးရှင်အတွက်ပါ။
ကျားနက်ဧကရာဇ်: အကူအညီ? ချီလင်နယ်မြေပေါ်မှာ ဖိအားတွေ ဒီလောက်များနေတာ။ မင်းအသက်ကို မင်း အရင်ကယ်သင့်တယ်!
နတ်ဆိုးဘုရင် ချင်းယန်: မင်းဆက် ခုနှစ်ဆက်လုံးက မင်းရဲ့ ချီလင်နယ်မြေပေါ်က ထူးခြားတဲ့မြို့ကို မျက်စိကျနေကြတာ။ရုန်းကန်မနေနဲ့။ဧကရာဇ်စုက လှုပ်ရှားလိုက်ရင်တောင် ကျေးဇူးတင်ခံရမှာလည်း မဟုတ်ဘူး။
မြေခွေးနတ်ဆိုး ကြယ်ပွင့်: ချီလင်နယ်မြေ? ကောင်းကင်ဘုံကနေ ထူးခြားတဲ့မြို့တော် ပေါ်ပေါက်လာတယ်ဆိုတဲ့ နေရာလား?
သခင်ကြီးချီယန်၏ အကူအညီအတွက် အသနားခံခြင်းသည် ဧကရာဇ်စုဂိုဏ်းကို လှုပ်လှုပ်ရှားရှား ဖြစ်လာစေသည်။
ဝူချင်းယောင် တောင်မှ ဝင်ပြောလာသည်။သူမသည် ထူးခြားသည့်မြို့သို့ ရောက်နေသည်ဖြစ်ရာ သခင်ကြီးချီယန်ကို ထိုမြို့ရှိလူများအား အန္တရာယ်မပေးဖို့ သတိပေးလိုက်သည်။
သခင်ကြီးချီယန်က သူမကို လစ်လျူရှုလိုက်သည်။လောရွှေဂိုဏ်းသည် အများကလက်ခံပြီး ကျော်ကြားသောဂိုဏ်း ဖြစ်သော်ငြား အနောက်တိုင်းဗုဒ္ဓမင်းဆက်နှင့် ကြီးမြတ်သောဝေ့တို့နှင့် ယှဉ်လျှင် ဘာမျှ မဟုတ်ပါ။
ဧကရာဇ်စု: မင်းအသက်အတွက် ထွက်ပြေးချင်တယ်ဆို ပြေးပါ။သူ့အတွက် စိတ်မပူနဲ့။သူ့အတွက် ငါ စီစဉ်ထားတာ ရှိပြီးသား
သခင်ကြီးချီယန်: စီစဉ်ထားတာ ရှိပြီးသား? အရမ်းမနာလိုတာဘဲ…
ဝူချင်းယောင်: ဧကရာဇ်စုတောင် ပါလာမှတော့။ မင်းဆက်ခုနှစ်ဆက်က ဧကရာဇ်စုဂိုဏ်းကို ဘယ်လို ယှဉ်လို့ရတော့မှာလဲ?
ဧကရာဇ်စု: မင်းဆက်ခုနှစ်ဆက်? နာမည်တစ်ခုထဲနဲ့ သူတို့ရဲ့ သေခြင်း၊ရှင်ခြင်းကို ငါ ဆုံးဖြတ်နိုင်နေပြီ!
မြေခွေးနတ်ဆိုး ကြယ်ပွင့်: သူက—တကယ်ကြီး စွမ်းအားကြီးတာလား?
နတ်ဆိုးဘုရင် ချင်းယန်: ကျွတ် ကျွတ်။သေချာတာပေါ့ကွ။ဧကရာဇ်စုက သေချာပေါက် အမြင့်ကနေ လာတာ
အမြဲ မာနထောင်လွှားနေတတ်တဲ့ သခင်ကြီးချီယန်ကတောင် စုယီကို “သူ”အဖြစ် သုံးနှုန်းလိုက်ရာ စုယီသည် သူ့ဘာသာ ဂုဏ်ယူနေမိသည်။
သူသည် ဟန်ဆောင်သည့်နေရာတွင် ပို၍ ကျွမ်းကျင်လာသည်။
ထိုအချိန်တွင် စုယီသည် တောအုပ်ကိုဖြတ်ကာ ပိုစွမ်းအားကြီးတဲ့ မိစ္ဆာတွေနဲ့ တွေ့နိုင်လောက်လားဟု တွေးကာ အပြင် ထွက်ကြည့်သည်။
သူသည် သခင်ကြီးချီယန်ကို တစ်ယောက်ထဲ ထွက်ပြေးခွင့်ပေးလိုက်သည့် အကြောင်းအရင်းမှာ သခင်ကြီးချီယန်၏ နတ်ဆိုးစစ်တပ်ရဲ့ထိန်းချုပ်မှုကို မခံနိုင်သောကြောင့် ဖြစ်သည်။
ချီလင်နယ်မြေတစ်ခုလုံးက နတ်ဆိုးတွေသည် သခင်ကြီးချီယန်အား သူတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားကြသည်။စုယီသာ သူတို့ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် သူ့ဘဝက ပို၍ လွယ်ကူပေလိမ့်မည်။
ထိုသို့တွေးပြီးနောက် သူသည် ဧကရာဇ်စုဂိုဏ်းတွင် စကားပြောခြင်းကို ရပ်ကာ နတ်တိုးများကို စတင် ရှာဖွေတော့သည်။
ရှီဝမ်မြို့မှ ထွက်လိုက်လျှင် နေရာတိုင်းတွင် နတ်ဆိုးများကို တွေ့ရသည်။
သို့သော် ထိုနတ်ဆိုးများထဲမှ အများစုသည် နတ်ဆိုးချီ စုဆောင်းသည့်အဆင့်သာ ရှိသည်။ထိုအဆင့်သည် ကြမ်းကြုတ်တဲ့သားရဲများထပ် သာမန်သော်ငြား တကယ့်နတ်ဆိုးတော့ မဖြစ်သေးပါ။
နတ်ဆိုးများသည် အရင်ဆုံး နတ်ဆိုးချီကို မွေးမြူရသည်။ထို့နောက် ၎င်းကို အသုံးပြုပြီး နတ်ဆိုးစွမ်းအားအဖြစ် စုစည်းရသည်။အဲ့ဒီနောက်မှာ ယင်းကို နတ်ဆိုးအမြုတေအဖြစ်သို့ ပြောင်းလဲပြီး နိုင်မှသာ တကယ့်နတ်ဆိုး ဖြစ်သည်။ထို့နောက်မှာမှ သူတို့သည် ပုံစံပြောင်းသည့် အဆင့်ကို ကျော်လွှားကာ ကြီးမြတ်တဲ့ ပုံစံပြောင်း နတ်ဆိုးအဖြစ်သို့ ရောက်သည်။ထိုအဆင့်သို့ ရောက်လျှင် သူတို့သည် ကုန်းမြေများကို ဖြတ်ကျော်ကာ တောင်များနှင့် သစ်တောများကို သိမ်းယူပြီး နတ်ဆိုးဘုရင် ဖြစ်လာကြသည်။
ချီလင်နယ်မြေတွင် ပုံစံပြောင်းနတ်ဆိုးများသည် အလွန့် အလွန်ကို နည်းသည်။သူတို့၏အစွမ်းသည် ကြက်သွေးရောင်မြွေဘုရင်နှင့် တန်းတူပင် ဖြစ်သည်။
လမ်းတစ်လျှောက် စိတ်ဝိဉာဉ် ပိုင်ဆိုင်ထားသည့် မည်သည့်နတ်ဆိုးကိုမဆို စုယီက ပြင်းပြင်းထန်ထန် အနိုင်ယူလိုက်သည်။
တဖြည်းဖြည်းနှင့် မြေခွေးနတ်ဆိုးများ၊ ကြောင်နတ်ဆိုးများ၊ ကျားနတ်ဆိုးများ၊ ဝက်ဝံနတ်ဆိုးများနှင့် တခြားနတ်ဆိုးများသည် စုယီနောက်သို့ စတင် လိုက်ခဲ့ကြသည်။သူတို့သည် သူတို့မူလအရွယ်အစားထပ် ပိုကြီးကာ လူသားစကားကို ပြောနိုင်သော်လည်း နတ်ဆိုးချီကို စုစည်းသည့် အဆင့်မှာသာ ရှိသေးသည်။
နေ့တစ်ဝက်ပင် မကြာသေးပါ။စုယီ၏ လက်အောက်တွင် နတ်ဆိုးပေါင်း နှစ်ဆယ့်သုံးကောင် ရှိနေပြီ ဖြစ်သည်။
စုယီသည် သစ်ပင်ရှေ့တွင် ထိုင်ချလိုက်ပြီး သူ့ပတ်ပတ်လည်ရှိ ကြောက်လန့်ကာ တုန်ရီနေသော နတ်ဆိုးများကို ကြည့်လိုက်ကာ စိတ်ကသိကအောက်ဖြစ်စွာ ပြောလိုက်သည်။ “မင်းတို့အားလုံး ငါ့ကို ကြောက်နေကြတာလား?”
အိမ်မွေးခွေးကဲ့သို့ ကြီးမားသော ခဲရောင်ကြွက်ကြီးသည် “ ကျွန်တော်တို့ မကြောက်ပါဘူး။အရှင့်ကို လေးစားကြတာပါ!”ဟု ပြန်ဖြေသည်။
“ဟုတ်ပါတယ်! လေးစားတာပါ! အရှင်က သခင်ကြီး ချီယန်ထပ် ပို ပိုပြီး စွမ်းအားကြီးတယ်!”
သင်းခွေချပ်တစ်ကောင်က ထပ်ပေါင်း ပြောလိုက်ပြီး တခြားနတ်ဆိုးများကို လက်ခံဖို့ရန် နှိုးဆော်လိုက်သည်။
စုယီသည် ခေါင်းငြိမ့်ကာ ပြုံးလိုက်သည်။ချက်ချင်းပင် နတ်ဆိုးဖြစ်ရတာ အရမ်းမဆိုးဘူးဟု ခံစားလိုက်ရသည်။အနည်းဆုံးတော့ သူ့မှာ ကပ်ဖားမယ့် ကပ်ပါးကောင်တွေ အများကြီး ရှိသေးတာဘဲ။
“ချီလင်နယ်မြေမှာ သခင်ကြီးချီယန်အပြင် စွမ်းအားအကြီးဆုံးက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလား?”
စုယီက မေးလိုက်သည်။သူ့ဘာသာ မျက်စိစုံမှိတ်ရှာနေခြင်းသည် အဓိပ္ပာယ်မရှိပေ။ကပ်ပါးကောင်တွေကို ရှာခိုင်းတာက ပိုကောင်းမည်။
သူသည် ချီလင်နယ်မြေရှိ နတ်ဆိုးများကို လျင်မြန်စွာ နှိမ်နင်းပြီး သူ့ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်သည်။
ဘေးက ခွန်အားတွေ ဘယ်လောက်ရှိရှိ သူကိုယ်တိုင် စွမ်းအားရှိဖို့က ပိုအရေးကြီးသည်။
“ချီလင်နယ်မြေ၏ မြောက်ဘက် နယ်မြေအဆုံးမှာ ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးဆိုတဲ့ ပုံစံပြောင်း နတ်ဆိုးကြီးတစ်ကောင် ရှိတယ်။သူက ကျွန်တော်တို့ ဝက်ဝံမျိုးနွယ်မှာဆို အားအကြီးဆုံးဘဲ!”
ဝက်ဝံနတ်ဆိုးက ပြောသည်။မျက်လုံးများကို ကစားကာ မကောင်းသည့် ရည်ရွယ်ချက်များကို သေချာ ဖုံးထားသည်။
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး?
နာမည်ကတော့ အတော်စွမ်းအားရှိပုံဘဲ!
“ငါ့ကို အာ့နေရာ လိုက်ပို့!”
စုယီက အမိန့်ပေးလိုက်သည်။ဝက်ဝံနတ်ဆိုးသည် ထိုစကားကို ကြားသည့်အခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
ထို့ကြောင့် သူသည် နတ်ဆိုးအုပ်စုကို ဦးဆောင်ကာ နယ်မြေ၏ မြောက်ဘက်ဆုံးစီသို့ လမ်းပြခဲ့သည်။လမ်းတစ်လျှောက် တွေ့သမျှ နတ်ဆိုးများသည် စုယီ၏လက်အောက်သို့ ခိုလှုံကြသည်။
လူသားမျိုးနွယ်နှင့် ယှဉ်လျှင် နတ်ဆိုးမျိုးနွယ်သည် သစ္စာတရားကို ပို၍ နားလည်ကြသည်။စွမ်းအား၏ နိယာမကို လိုက်နာခြင်းသည် မှန်ကန်သည်။တစ်ကောင်က လက်ခံလိုက်ပြီဆိုလျှင် သူတို့သည် ပိုသန်မာသည့် နတ်ဆိုးဘုရင်ကို မတွေ့မချင်း သစ္စာမဖောက်ကြပေ။
နတ်ဆိုးများက စုယီကို အရှုံးပေးရန်အတွက် ဘာမှ သိပ်မလုပ်ရပါ။စုယီက အသံရှည်နှင့် အော်လိုက်ရုံဖြင့် သူတို့အားလုံးသည် စုယီဘေးသို့ ဝင်ရောက်လာကြသည်။
ထိုစဉ် သခင်ကြီးချီယန်သည် လောင်ကျွင်းတောင်ထိပ်တွင် ရပ်ကာ ထိုမြင်ကွင်းကို မြင်သွားသည်။သူသည် တိတ်တဆိတ် မကျေနပ်သော်လည်း ဧကရာဇ်စု၏ အမိန့်ကိုလည်း မလွန်ဆန်ရဲသဖြင့် သက်ပြင်းချကာ နောက်သို့သာ ဆုတ်သွားရသည်။တိမ်တိုက်ပေါ် တက်ပြီး အဝေးသို့ ထွက်သွားလေသည်။
ချီလင်နယ်မြေကို အုပ်စိုးတဲ့ နတိဆိုးဘုရင်ကြီးက ထိုကဲ့သို့ပင် သဲလွန်စ မကျန်အောင် တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့ရသည်။
ထိုအကြောင်းကို စုယီရော ဝူချင်းယောင်ပါ မသိကြပါ။
…
တံတားဖြူတက္ကသိုလ်၏ အားကစားကွင်းထဲတွင်
ဝူချင်းယောင်သည် မျက်လုံးများကို မှိတ်ထားကာ မြက်ခင်းပေါ်တွင် တင်ပလင်ချိတ်ကာ ထိုင်နေသည်။လူအများ၏ စိတ်ဝင်စားမှုကို စွဲဆောင်နေခဲ့သည်။အားလုံးသည် သူမ၏ အလှနှင့် အရှိန်အဝါကြောင့် မူးမေ့သွားရသည်။
မိုဟောင်ရှန့်သည် သူမနှင့် စကားပြောချင်သော်လည်း သူမက သူ့အား အခွင့် မပေးပါ။သူ့ကို နောက်လိုက်အသစ်တွေ ခေါ်ဖို့ အလုပ်ခိုင်းထားသည်။
ယခုဆိုလျှင် တစ်ရာကျော်သည့်လူများကို လောရွှေဂိုဏ်းသို့ ပို့ခဲ့ပြီး ဖြစ်သည်။
ရှီဝမ်မြို့သည် နတ်ဆိုးများ၏ သွေးဆေးခြင်းကို ခံခဲ့ရသော်လည်း လူပမာဏ အတော်များများ ကျန်သေးသည်။လောရွှေဂိုဏ်းသည် ဤပွဲကို တစ်ယောက်တည်း မပြီးနိုင်ပါ။ အခြားဂိုဏ်းခွဲများက ၎င်းတို့၏ တပည့်များကို ဤနေရာသို့ စေလွှတ်ထားပြီးဖြစ်ကြောင်း သတင်းရရှိကြပြီး ဝေ့နှင့် အနောက်ဗုဒ္ဓမင်းဆက်တို့ပင် ရောက်ရှိလာခဲ့သည်။
များမကြာမီ ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် တံတားဖြူတက္ကသိုလ်အတွင်း ရုတ်တရက် ပေါ်လာသည်။သူတို့၏ အဝတ်အစားများသည် ရှီဝမ်မြို့က မဟုတ်မှန်း အပြင်လူဖြစ်မှန်း ပေါ်လွင်စေသည်။ထို့ကြောင့် မြို့သူမြို့သားများသည် သူတို့ကို လမ်းဖယ်ပေးကြသည်။
“ကြီးမြတ်သောဝေ့ရဲ့ အကြီးအကဲလေးဦး!”
မိုဟောင်ရှန့်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ကမန်းကတန်း ပြေးသွားသည်။ အခြားတပည့်များသည် အကြီးအကဲလေးဦးကို မမြင်ဖူးသော်လည်း သူတို့၏ဂုဏ်သတင်းကို ကြားသိဖူးသဖြင့် ထိတ်လန့်သွားကြသည်။
ကြီးမြတ်သောဝေ့ရဲ့ အကြီးအကဲလေးဦးရော ရောက်နေတယ်!
ဝူချင်းယောင်သည် သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။ထိုအကြီးအကဲလေးဦးသည် လောရွှေဂိုဏ်း၏ ခေါင်းဆောင်နှင့်ပင် ပညာတန်းတူဖြစ်ရာ သူမ မသိချင်ယောင် ဆောင်နေလို့ မရတော့ပါ။
“ကြီးမြတ်သောဝေ့တောင် ရောက်လာပြီဆိုတော့ ဒီထူးခြားတဲ့မြို့တော်မှာ ဘာလျှို့ဝှက်ချက်တွေများ ဖုံးကွယ်ထားလို့လဲ?”
ဝူချင်းယောင်၏အကြည့်သည် အနည်းငယ် စူးရှနေသည်။သူ၏မျက်လုံးထောင့်မှတစ်ဆင့် တစ်မြို့လုံးကို မြင်နေရသည်။
ရှီဝမ်မြို့ကလူတွေ လုံခြုံဖို့အတွက် ဒီမှာ စွမ်းအင်များများလည်း မရှိပါဘူး။အများစုက ကိုယ့်ဘာသာ အားကိုးကြသည်။
ဘုန်း—ဘုန်း—ဘုန်း—
ထို့နောက် မြေငလျင် လှုပ်ခတ်မှုနှင့်အတူ အရှေ့ပိုင်းခရိုင်မှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။တစ်စုံတစ်ခုကို မြေကြီးပေါ်တွင် ဖောက်ခွဲလိုက်သလို ဖြစ်သည်။
အကြီးအကဲလေးဦး၏ မျက်နှာများသည် ရုတ်ချည်းပြောင်းလဲသွားသည်။သူတို့သည် ချက်ချင်း ပျံတက်သွားပြီး အဆောက်အအုံကြီး၏ တစ်ဖက်ခြမ်းတွင် ပျောက်ကွယ်သွားသည်။
မိုဟောင်ရှန့်က ကြောင်နေသည်။အကြီးအကဲလေးဦးကို ဘာကများ စွဲဆောင်သွားတာပါလိမ့်?
တစ်ချိန်တည်းမှာပင်။
ချီလင်နယ်မြေ၏မြောက်ဘက်ပိုင်း မြက်ခင်းပြင်ပေါ်တွင် နတ်ဆိုးအုပ်စုလိုက်ကြီး မြေပြင်ပေါ် တွင် လဲကျနေခဲ့သည်။အလွယ် ရေတွက်ရင်တောင် ခေါင်းတစ်ရာ ကျော်လိမ့်မည်။အားလုံးသည် ထိတ်လန့်ကြောက်ရွံ့ကာ တုန်လှုပ်နေကြသည်။
သူတို့၏အလယ်တွင် စုယီသည် ဗလတောင့်တောင့် လူကြီးပေါ်တွင် ရပ်နေသည်။
ထိုအမျိုးသားသည် တိရစ္ဆာန်အရေခွံဖြင့် ပြုလုပ်ထားသည့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ရင်ဘတ်ဗလာနှင့်ဖြစ်ကာ သူ့ကျောဘက်တွင် ခရမ်းရောင်အမွှေးများ ပေါက်နေသည်။သူ၏မျက်နှာမှာတော့ ဝက်ဝံတစ်ကောင်၏မျက်နှာမျိုး ဖြစ်သည်။
ယင်းမှာ သေချာပေါက် ပုံစံပြောင်း နတ်ဆိုးဖြစ်သည် ကျောခရမ်းရောင် ဝက်ဝံဘုရင်ပင်!
“မင်းငါ့ကို သတ်ရင်တောင်မှ ငါ မင်းကို အရှုံးပေးမှာ မဟုတ်ဘူး!”
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။သူ၏အသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ကာ ကွင်းပြင်ကို ဖြတ်တိုက်သည့် လေများပင် ဖြစ်ပေါ်လာသည်။
စုယီသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ညာခြေကို ပြင်းပြင်းထန်ထန် ဖိချလိုက်ရာ မြေကြီးသည် ထက်ခြမ်း ကွဲသွားကာ ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီး၏ ကျောရိုးသည် ကျိုးသွားသည်။
“ရပ်ပါတော့! ငါ မှားပါတယ်! ငါ အရှုံးပေးတယ်!”
ကျောခရမ်းရောင် ဝက်ဝံဘုရင်ကြီးသည် ပြင်းပြင်းထန်ထန် အော်ညည်းလေသည်။သူသည် အလွန်အမင်း နာကျင်သွားကာ သူ၏ပါးစပ်မှ သွေးများ မရပ်မနား စီးကျလာခဲ့သည်။