← Chapters

ကံကြမ္မာကို ထိန်းချုပ်ကိုင်တွယ်ခြင်း

Vol. 130 Ch. 1936

ကံကြမ္မာကို ထိန်းချုပ်ကိုင်တွယ်ခြင်း

Vol. 130 Ch. 1936

မြို့တော်အရှင်ဂေဟာတွင်…

“စောစောက လိုဏ်ဂူထဲမှာ တုန်ခါမှုတစ်ခု ဖြစ်သွားတဲ့ပုံပဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က မျက်မှောင် အနည်းငယ်ကြုတ်ပြီး မရေရာသော ပုံစံဖြင့် ပြောလိုက်၏။

စောစောက တုန်ခါမှုသည် ဆူဇီမို၏ နဂါးဟိန်းသံ လျှို့ဝှက်အတတ်ကြောင့် ဖြစ်ပေါ်လာခြင်းပင်။

မြို့တော်အရှင်ဂေဟာရှိ အဆင့်မြင့်အင်မော်တယ်များသည် ပကတိ တစ်ဆယ် ငရဲမှ အခြေအနေကို တွေ့မြင်နိုင်သော်လည်း သူတို့သည် အထဲမှာ ရှိသော မည်သည့်အသံကိုမှ ကြားရလိမ့်မည် မဟုတ်ပေ။

မင်းသား ယွမ်ကျောက လက်ကာပြပြီး စိတ်မပါသည့်ဟန်ဖြင့် ပြောလိုက်၏။

“မင်း အဲဒါကို အရင်ကြည့်ထားလိုက်.. တစ်ခုခုဖြစ်လာရင် ငါ့ကိုပြော.. ငါ တခြားသူတွေကို လိုက်ကြည့်လိုက်ဦးမယ်”

လိုဏ်ဂူထဲမှာ ဖြစ်နေသည့်အရာကို တွေ့မြင်နိုင်ခြင်း မရှိသည့်အတွက် သူက လိုဏ်ဂူ၏ ဝင်ပေါက်ဝကို ငေးကြည့်နေရသည်မှာ ပျင်းရိဖွယ်ရာကောင်းသည်ဟု ခံစားလာခဲ့ရ၏။

ပကတိ တစ်ဆယ် ငရဲတွင်…

ဆူဇီမိုသည် သူ၏ လက်နှစ်ဖက်ဖြင့် အနက်ရောင် ဓားမြှောင်နှစ်လက်ကို ဆုပ်ကိုင်ပြီး ထျန်ကျစ်ရီ၏ လည်ပင်းပေါ်မှာ ရွေ့လျားခြင်းမရှိဘဲ တင်ထား၏။

ဤအမျိုးသမီးလုပ်ကြံသူက ဘယ်လောက်အစွမ်းထက်သလဲ သူကောင်းကောင်းသိထားပြီးဖြစ်၏။ သူက အနည်းငယ် ပေါ့လျော့မိလျှင် ဤအမျိုးသမီးက သူ့ကို တန်ပြန်တိုက်ခိုက်လာနိုင်၏။

“မင်း ငါ့ကို ဘာလို့ လိုက်ကြည့်နေခဲ့တာလဲ”

ဆူဇီမိုက မေးလိုက်၏။

ထျန်ကျစ်ရီက အမူအရာကင်းမဲ့၍ အသံတိတ်နေဆဲဖြစ်၏။

ရုတ်တရက် ဆူဇီမိုက ပြုံးလိုက်၏။

ကြည့်ရသည်မှာ ဤအမျိုးသမီးလုပ်ကြံသူသည် စကားပြောဖို့ စိတ်ကူးမရှိသည့်ပုံပင်။

သူမ၏ လည်ပင်းပေါ်သို့ ဓားမြှောင်နှစ်လက် ရောက်နေတာတောင် ထိုအမျိုးသမီးက လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ သူ့ကိုပင် လှည့်ကြည့်မလာခဲ့ပေ။

“ဒီလိုလုပ်လေ”

ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။

“ငါတို့ အပေးအယူတစ်ခု လုပ်မယ်.. ငါ မင်းကို လွှတ်ပေးနိုင်တယ်.. ဒါပေမဲ့ မင်းက ငါ့ရဲ့ မေးခွန်းတွေကို ဖြေပေးရမယ်”

ထျန်ကျစ်ရီက အနည်းငယ် ယိမ်းယိုင်သွားပုံရပြီး ဆူဇီမိုကို လှည့်ကြည့်လာခဲ့၏။ သို့သော်လည်း သူမက မည်သည့်စကားမှ မဆိုပေ။

ဆူဇီမိုက ပြုံးလိုက်၏။

“တကယ်တော့ အဲဒါက မင်းပြောဖို့ မသင့်တော်တဲ့ လျှို့ဝှက်ချက်တစ်ခုခုနဲ့ ပတ်သက်နေမယ်ဆိုရင် မပြောဘဲ နေလို့ ရတယ်”

“နောက်ပြီး ငါ မင်းကို လွှတ်ပေးမယ်လို့ ပြောရင် ငါ့ရဲ့စကားကို ငါပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး”

ထို့သို့ပြောရင်း ဆူဇီမိုသည် ဓားမြှောင်နှစ်လက်ကို ဖယ်ရှားကာ သူ၏ စိတ်ရင်းအမှန်ကို ပြသဖို့အတွက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်၏။

ဤတစ်ခေါက်မှာတော့ ထျန်ကျစ်ရီက ထပ်မံ၍ အံ့အားသင့်သွားရ၏။

သို့သော်လည်း သူမ၏ အမူအရာက အလွန်တရာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သူကမှ သူမ၏ အတွေးကို မဖတ်နိုင်ပေ။

ဆူဇီမိုကို သူမ သတိထားမိခဲ့သည့် အကြောင်းရင်းမှာ သူမသည် ထိုသူ၏ စိတ်ကို မဖတ်နိုင်သောကြောင့် ဖြစ်၏။

အဲဒါက သူမအတွက် ပြောင်းလဲနိုင်ခြေတစ်ရပ်ဖြစ်၏။

သူမသည် ဤနေရာသို့ ရောက်လာခဲ့ရသည့် အကြောင်းရင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိနေ၏။ ထို့ကြောင့် သူမသည် သူမ၏ အစီအစဉ်အပေါ် သက်ရောက်စေနိုင်သည့် မည်သည့် အပြောင်းအလဲကိုမှ မချန်ထားရစ်လိုပေ။

ဒုတိယတစ်ချက်အနေဖြင့် သူမသည် သူ့နောက်သို့ တစ်ချိန်လုံး လိုက်လာခဲ့ပြီး သူနှင့် ပတ်သက်၍ သိချင်စိတ် ပိုတိုးလာခဲ့၏။

သူမက လွဲလျှင် ပကတိ တစ်ဆယ် ငရဲသို့ ဝင်ရောက်လာသော မဟူရာအင်မော်တယ်များ အားလုံးမှာ တူညီသော ရည်ရွယ်ချက် ရှိနေကြ၏။ သူတို့သည် တတ်နိုင်သမျှ များများသတ်ဖြတ်ပြီး အမဲလိုက်အဆင့်သတ်မှတ်ချက်ထဲသို့ ဝင်ရောက်နိုင်ဖို့ ဖြစ်၏။

သို့သော်လည်း ဤလူက မည်သူ တစ်ဦးတစ်ယောက်နဲ့မှ တိုက်ခိုက်သတ်ဖြတ်ခြင်း မရှိဘဲ တစ်နေ့လုံး လှည့်ပတ်သွားလာနေခဲ့၏။

အထူးဆန်းဆုံးအရာမှာ ဤလူသည် အခြားသူများကို တမင်ရှောင်လွှဲနေခဲ့ပုံရ၏။ တကယ်ဆို သူသည် အန္တရာယ်များကို ကြိုတင်အာရုံခံနိုင်ပြီး ကမ္ဘာမြေသားရဲအချို့၏ ကျက်စားရာနေရာများကိုပင် ရှောင်လွှဲနိုင်ခဲ့၏။

အပြင်ဘက်မှာသာဆိုလျှင် ထျန်ကျစ်ရီသည် ဆူဇီမို၏ နောက်သို့ တစ်ချိန်လုံး လိုက်ပါနေပြီး လုံလောက်သည့် စိတ်ရှည်နိုင်မှု ရှိပေလိမ့်မည်။

အဲဒါက တစ်နှစ်ကြာမည်ဆိုလျှင်တောင်.. သို့မဟုတ် ဆယ်နှစ်ကြာမည်ဆိုလျှင်တောင်…။

အရင်တုန်းက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် သူမသည် မည်သည့် အမှားအယွင်းမှ မရှိစေရန် နှစ်ပေါင်းရာချီ ကြာသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းခဲ့ဖူး၏။

တစ်ချက်တည်းနှင့် အပြီးသတ်တိုက်ခိုက်ခြင်း..။

ဤကဲ့သို့သော စိတ်နေစရိုက်တစ်ခု မရှိဘဲ သူမသည် လက်ရှိအခြေအနေအထိ ရောက်ရှိလာခဲ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ပကတိ တစ်ဆယ် ငရဲမှာ ဤလူ၏ အလေ့အကျင့်၊ ကျင့်ကြံမှုူ၊ တိုက်ခိုက်ရည်ခွန်အားနှင့် နည်းလမ်းတို့ကို စောင့်ကြည့်ဖို့အတွက် သူမမှာ အချိန်များစွာ မရှိပေ။

သူမမှာ ပို၍ အရေးကြီးသော လုပ်စရာ တစ်စုံတစ်ရာ ရှိနေ၏။

အရိုးရှင်းဆုံးနည်းလမ်းမှာ ဤပြောင်းလဲနိုင်ခြေကို သတ်ဖြတ်ပစ်ဖို့ဖြစ်၏။

သို့သော်လည်း ထျန်ကျစ်ရီ၏ ဤတစ်ခေါက် တိုက်ခိုက်မှုသည် သူမကိုယ်တိုင်အတွက် ကြီးမားသော ရိုက်ချက်တစ်ခု ဖြစ်လာခဲ့၏။

သူမ၏ ကျင့်ကြံမှု ဤအဆင့်ထိ သူမသည် အဆင့်တူများကြားမှာ တစ်ခါမှ မရှုံးနိမ့်ခဲ့ရဖူးပေ။

သူမက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဆိုလျှင်တောင် မည်သူကမှ သူမကို မယှဉ်နိုင်ပေ။

သူမသည် လုပ်ကြံသတ်ဖြတ်ခြင်း နည်းလမ်းများစွာနှင့် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုမည်ဆိုလျှင် သူမသည် ကျင့်ကြံမှု အဆင့်ကြီးတစ်ဆင့် ကျော်ဖြတ်၍ ကမ္ဘာမြေအင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်၏။

သို့သော်လည်း ဤတစ်ခေါက်မှာ မထင်မရှား ပုံစံနှင့် အားနည်းပုံရသော စာပေသမားတစ်ယောက်က အသက်ရှူချိန် အနည်းငယ်အတွင်းမှာ သူမကို ဖိနှိမ်နိုင်ခဲ့၏။

ဤလူက မည်သူပါလိမ့်။

ယခင်က ဤလူ အသုံးပြုခဲ့သော တည်နေရာခုန်ကူးခြင်းနှင့် ဆင်တူသည့် လှုပ်ရှားမှု နည်းစနစ်က ဘာပါလိမ့်။

ဤလူသည် နဂါးဟိန်းဟောက်သံနှင့် အလွန်တရာ ဆင်တူသော အသံပိုင်း လျှို့ဝှက်အတတ်တစ်ခုကို ဘာကြောင့်ထုတ်ဖော်နိုင်ရတာလဲ။ အဲဒီမှာ ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့် စိတ်ဆန္ဒတစ်ခုက ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာရတာလဲ။

ဤလူသည် သူမကိုပင် ဖိနှိမ်နိုင်ရအောင် မည်သို့သော ကိုယ်ကာယနှင့် မျိုးဆက်သွေးကို ပိုင်ဆိုင်ထားတာလဲ။

တကယ်တော့ ထျန်ကျစ်ရီမှာ နောက်ထပ် မေးခွန်းများစွာ ရှိနေသေး၏။

ထိုအခိုက်အတန့်မှာ သူမသည် ဆူဇီမို၏ အကြံပြုချက်အောက်တွင် စိတ်ယိုင်လာခဲ့ပြီဖြစ်၏။

သို့သော်လည်း သူမ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။

“ကျွန်မကလည်း ရှင့်ကို မေးခွန်းတချို့မေးချင်တယ်.. တကယ်တော့ ရှင်ဖြေဖို့ အခက်အခဲရှိရင် မဖြေလည်း ရတယ်”

“ရတယ်လေ”

ဆူဇီမိုက သဘောတူစွာ ခေါင်းညိတ်လိုက်၏။

“ရှင်က တိုက်ခိုက်ဖို့အတွက် မဟုတ်ဘဲနဲ့ ပကတိ တစ်ဆယ် ငရဲကို ဘာကြောင့် ဝင်လာခဲ့တာလဲ”

ထျန်ကျစ်ရီက ဆူဇီမိုထက်အရင် မေးမြန်းလိုက်၏။

ဆူဇီမို၏ အစွမ်းအစအရ အမဲလိုက်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်ချင်သည်ဆိုလျှင် သူ့အတွက် အဲဒါက ခက်ခဲလိမ့်မည် မဟုတ်ပေ။

“ကျုပ်တို့တွေ အားလုံးက​ အောက်ဘုံကနေ တက်လှမ်းလာကြတဲ့သူတွေပဲ.. တစ်ယောက်နဲ့တစ်ယောက်လည်း အရင်က တွေ့မြင်ဖူးကြတာ မဟုတ်ဘူး.. ကျုပ်တို့မှာ ရန်ငြိုးရန်စလည်း မရှိမှတော့ ကျုပ်က သူတို့ကို မတိုက်ခိုက်ချင်ဘူး”

ဆူဇီမိုက ခဏမျှ ရပ်တန့်လိုက်၏။

“နောက်ပြီး ပကတိ တစ်ဆယ် ငရဲကို ဝင်ရောက်လာတယ်ဆိုတာ ကျုပ်စိတ် ကျုပ်ဆန္ဒနဲ့ မဟုတ်ဘူး.. ကျုပ်က ဒီနေရာကို ရွေးချယ်ပို့ဆောင်ခံလိုက်ရတာပဲ”

ထျန်ကျစ်ရီက သူမ၏ ခေါင်းကို ခါလိုက်၏။

“ပကတိ တစ်ဆယ် ငရဲထဲကို ဝင်ရောက်လာပြီးရင် လူတိုင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး… ရှင့်အနေနဲ့ ဒီကိစ္စကနေ လက်ရှောင်နေဖို့ မဖြစ်နိုင်ဘူး”

“ဟုတ်မှာပါ”

ဆူဇီမိုက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ ကျုပ်က တခြားသူတွေ ကြိုးဆွဲတဲ့အတိုင်း မကချင်ဘူး”

အရင်တုန်းက သူသည် ကျင့်ကြံရေးလောကသို့ ဝင်ရောက်လာခဲ့သည်မှာ သူ၏ ကံကြမ္မာကို ပြောင်းလဲဖို့ဖြစ်၏။

နောက်ပိုင်းမှာ ဆူဟုန်၏ သေဆုံးမှုကြောင့် ယန်တိုင်းပြည်မှ မြို့သူမြို့သားများက သေကြေပျက်စီး၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ၏။ သူသည် အများလူထု၏ ကံကြမ္မာကိုပါ ပြောင်းလဲပေးမည်ဟု သစ္စာဆိုခဲ့၏။

သူသည် သူ၏ ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး အဲဒါကို အခြားလူများ ထိန်းချုပ်ခွင့် သို့မဟုတ် စိတ်ကြိုက်ဆော့ကစားခွင့် သေချာပေါက် ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ပကတိ တစ်ဆယ် ငရဲသို့ ဝင်ရောက်လာစဉ်ကတည်းက သူသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ မမြင်ရသော အချုပ်အနှောင်ကို ဖယ်ရှားဖို့အတွက် အခွင့်အရေးတစ်ရပ်ကို ရှာဖွေနေ၏။

သူသည် ဒီတိုင်း လှည့်ပတ်လျှောက်သွားနေသည်ဟု ထင်ရသော်လည်း သူ၏ အစစ်အမှန် ရည်ရွယ်ချက်က ပတ်ဝန်းကျင်၊ နေရာဒေသနှင့် ဤအကျဉ်းထောင်အတွင်းရှိ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ဖို့ ဖြစ်၏။

ပကတိ မိုးကြိုးမြို့တော်နှင့် ပကတိ တစ်ဆယ် ငရဲ နှစ်ခုစလုံးက အတော်လေး ထူးဆန်းနေ၏။ သူတို့၏ နောက်ကွယ်မှာ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိနေနိုင်၏။

“တခြားသူတွေ ကြိုးဆွဲတဲ့အတိုင်း မကချင်ဘူးတဲ့လား”

ထျန်ကျစ်ရီက တီးတိုးရေရွတ်ပြီး ဆူဇီမိုကို လေးနက်စွာ ကြည့်လိုက်၏။

ဤနှစ်များအတွင်း အောက်ဘုံလောကများကနေ တက်လှမ်းလာသည့် မရေမတွက်နိုင်သော မဟူရာအင်မော်တယ်များက ပကတိ တစ်ဆယ် ငရဲသို့ ဝင်ရောက်လာခဲ့ကြသော်လည်း မည်သူကမှ ထိုစကားကို မပြောနိုင်ခဲ့ကြပေ။

ထျန်ကျစ်ရီက ပြောလိုက်၏။

“ရှင်က အဲဒါကို သဘောမကျဘူးဆိုရင်တောင်မှ အလကားပဲ.. ရှင်က ပကတိ တစ်ဆယ် ငရဲကနေ အသက်ရှင်လျက် ထွက်သွားချင်တယ်ဆိုရင် ရှင်က အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ကို ရောက်တဲ့အထိ သတ်ဖြတ်နိုင်ရမယ်.. အဲဒီမှာ တခြားနည်းလမ်း မရှိဘူး”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“နောက်ဆုံးအချိန်ထိ ရှင်သန်နိုင်ခဲ့ပေမဲ့ အမဲလိုက်အဆင့်သတ်မှတ်ချက်ထဲကို မဝင်ရောက်နိုင်တဲ့သူတွေက ဘာဖြစ်မလဲ”

“သေကြရမှာ”

ထျန်ကျစ်ရီက ပြောလိုက်၏။

“ပကတိ တစ်ဆယ် ငရဲထဲမှာ ကမ္ဘာမြေသားရဲတွေ အများကြီးရှိတယ်.. ဒီနေရာမှာ အမြုတေချီကို ဖြတ်တောက်ထားလို့ ကျင့်ကြံလို့ မရဘူး.. အဲဒီ ကမ္ဘာမြေသားရဲတွေက ခါတိုင်းလိုဆိုရင် အိပ်မောကျနေလိမ့်မယ်”

“ဒါပေမဲ့ အခု မဟူရာအင်မော်တယ် အယောက်တစ်သိန်း ရောက်လာတာက အဲဒီ ကမ္ဘာမြေသားရဲတွေကို နိုးထစေသွားခဲ့ပြီ”

“ပကတိ တစ်ဆယ် ငရဲမှာ ရှိတဲ့ ကမ္ဘာမြေသားရဲတွေ အားလုံး နိုးထလာပြီးရင် ကျန်ရစ်ခဲ့တဲ့ မဟူရာအင်မော်တယ်တွေထဲ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမို၏ အမူအရာက ခါတိုင်းလိုပင် အေးစက်နေမြဲဖြစ်၏။

ထိုကမ္ဘာမြေသားရဲများကို အပြင်ဘက်မှာ ရှိသော အဆင့်မြင့်အင်မော်တယ်များက ဖမ်းဆီးထည့်သွင်းထားခြင်း ဖြစ်သည်ကို မေးစရာ မလိုဘဲ သူ ခန့်မှန်းမိလိုက်ပြီဖြစ်၏။

သူတို့သည် မဟူရာအင်မော်တယ် အယောက်တစ်သိန်းကို တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်စေချင်ရုံသာမက သူတို့သည် ဤမဟူရာအင်မော်တယ်များကို ကမ္ဘာမြေသားရဲများ၏ အန္တရာယ်နှင့်ပါ ကြုံတွေ့စေချင်၏။

“ကောင်းကင်ထက်က ဟိုမျက်လုံးကရော ဘယ်လိုမျိုးလဲ”

ဆူဇီမိုက ထပ်မံ၍ မေးလိုက်၏။

“အဲဒါက တံလျှပ်မျက်လုံးပဲ”

ထျန်ကျစ်ရီက ပြောလိုက်၏။

“မြို့တော်အရှင်ဂေဟာ အပြင်ဘက်မှာ အခုဆိုရင် တံလျှပ်ကြေးမုံတစ်ခု ရှိနေလိမ့်မယ်.. တံလျှပ်မျက်လုံးကနေတစ်ဆင့် ပကတိ တစ်ဆယ် ငရဲမှာ ရှိတဲ့ အခြေအနေကို အဲဒါက ရောင်ပြန်ဟပ်ပေးလိမ့်မယ်.. အဲဒါကို မြို့တော်အရှင်တွေနဲ့ အဆင့်မြင့်အင်မော်တယ်တွေက စောင့်ကြည့်နေကြလိမ့်မယ်… အဲဒါက သူတို့အတွက် ဖျော်ဖြေရေးတစ်ခုပဲ”

အဲဒီမှာ မည်သည့် လျှို့ဝှက်ချက်မှ မပါရှိသောကြောင့် ထျန်ကျစ်ရီက မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိဘဲ အမှန်အတိုင်း ပြောပြလိုက်၏။

All Chapters