အကျဥ်းသားများ
Vol. 130 Ch. 1937
ဖျော်ဖြေဖို့အတွက်တဲ့လား...။
စောင့်ကြည့်ဖို့တဲ့လား။
“ဟားဟား...”
ဆူဇီမိုက သွားဖြဲ၍ အေးစက်နေသောအကြည့်နှင့်အတူ သူ၏ အမူအရာက ညိုမည်းလာ၏။
ထိုအဆင့်မြင့်အင်မော်တယ်များသည် သူတို့ကို အလွယ်တကူစုစည်းနိုင်ပြီး မွေးမြူထားသောတောကောင်များကဲ့သို့ နေရာလွတ်တစ်ခုထဲမှာ သူတို့ကိုထည့်ကာ သူတို့စိတ်ရှိတိုင်းသတ်ဖြတ်ခံနေရသည်ကို ပျော်ရွှင်ခံစားနေကြခြင်းဖြစ်၏။
အဲ့ဒါသည် အမဲလိုက်စုဝေးပွဲ သို့မဟုတ် မျှတသောအခွင့်အလမ်းတစ်ရပ် မဟုတ်ပေ။ အဲ့ဒါသည် ထိုအဆင့်မြင့်အင်မော်တယ်များ သေသေချာချာကြံစည်ပြင်ဆင်ထားသည့် အမဲလိုက်ကစားပွဲတစ်ခုဖြစ်၏။
ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာသော မဟူရာအင်မော်တယ်များအားလုံးသည် ထိုအဆင့်မြင်အင်မော်တယ်များ၏ သားကောင်များသာဖြစ်၏။
အစစ်အမှန် မုဆိုးများက စွမ်းအားကြီးမားသော မြို့တော်အရှင်များနှင့် အပြင်ဘက်ရှိ ထိုအဆင့်မြင့်အင်မော်တယ်များဖြစ်လေသည်။
အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ရှိ မဟူရာအင်မော်တယ်တစ်ရာက ပကတိတစ်ဆယ်ငရဲကနေ အသက်ရှင်လျက်ပြန်ထွက်နိုင်ခဲ့မည်ဆိုလျှင်တောင် သူတို့အနေဖြင့် အနာဂတ်မှာထွန်းတောက်ဖို့မလွယ်ကြောင်း ဆူဇီမိုက ယုံကြည်၏။
နက်မှောင်နေသောလိုဏ်ဂူထဲမှာ ထျန်ကျစ်ရီက ဆူဇီမ်ို၏ အပြုံးကို တွေ့မြင်ရသောအခါ ရင်တစ်ချက်ထိတ်သွားပြီး ဆတ်ခနဲတုန်ယင်သွား၏။
သူမ၏ ဓားမြှောင်နှစ်လက်က သူမ၏ လည်ပင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီး သူမက အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အချိန်မှာတောင် သူမက ကြောက်ရွံ့မနေခဲ့ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမို၏ အကြည့်က အနည်းငယ်ကြောက်စရာကောင်းနေသည်ဟု သူမက ရုတ်တရက်ခံစားလိုက်ရ၏။
“ဒီလိုမျိုးအမဲလိုက်စုဝေးပွဲကို ဘယ်နှစ်နှစ်မှာ တစ်ကြိမ်ကျင်းပတာလဲ”
ဆူဇီမိုက မေးလိုက်၏။
ထျန်ကျစ်ရီက ပြန်ဖြေပေးလိုက်၏။
“ပုံမှန်အခြေအနေမှာဆိုရင် အဲ့ဒါကို နှစ်တစ်သောင်းမှ တစ်ကြိမ်ကျင်းပတာ... ဒါပေမဲ့ အဲ့ဒါကို ပြီးခဲ့တဲ့တစ်ခေါက်ကျင်းပခဲ့တာက နှစ်ထောင်ဂဏန်းတချို့ပဲရှိသေးတယ်... အဲ့ဒါကို ဘာလို့ရုတ်တရက်ရှေ့တိုးပြီး ကျင်းပလာသလဲ ကျွန်မလည်း မသိဘူး”
ဆူဇီမိုက ခဏမျှတွေးတောပြီး ရုတ်တရက်မေးလိုက်၏။
“အဲ့ဒီအဆင့်မြင့်အင်မော်တယ်တွေက အဲ့ဒါကို ပျော်ရွှင်ခံစားဖို့အပြင် ဒီအမဲလိုက်စုဝေးပွဲမှာ တခြားရည်ရွယ်ချက်တစ်ခုခု ရှိနေတာလား”
ထျန်ကျစ်ရီ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသော်လည်း သူမက ပြန်မဖြေပေ။
ဤကိစ္စသည် လျှို့ဝှက်ချက်တချို့နှင့် ပါဝင်ပတ်သက်နေနိုင်ကြောင်း ဆူဇီမိုက သဘောပေါက်သွား၏။ သူကမေးမြန်းမည်ဆိုလျှင်တောင် အဖြေကိုရရှိလိမ့်မည် မဟုတ်ပေ။
ထိုသို့အတွေးဖြင့် ဆူဇီမိုက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ကျုပ်က ပကတိတစ်ဆယ်ငရဲပတ်လည်မှာ လှည့်ပတ်လျှောက်သွားပြီးတော့ ဒီအကျဥ်းတိုက်ရဲ့အလယ်မှာ နဲနဲထူးဆန်းနေတဲ့ ကြီးမားတဲ့ဧရိယာတစ်ခုရှိတာကို ရှာတွေ့ခဲ့တယ်... အဲ့ဒီနားမှာ ဘာသက်ရှိမှ မရှိဘူး.. ကမ္ဘာမြေသားရဲတွေတောင်မှ ခပ်ဝေးဝေးမှာခွာနေကြတယ်... အဲ့ဒါက ဘာပါလိမ့်”
အဲ့ဒါသည် တားမြစ်ကုန်းမြေတစ်ခုနှင့်တူနေ၏။
ဆူဇီမိုသည် ထိုနေရာကနေ ကမ္ဘာမြေသားရဲတစ်ကောင်၏ ခြိမ်းခြောက်နိုင်စွမ်းထက်ပင်ကျော်လွန်သော အလွန်တရာသန်မာသည့် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားခဲ့ရ၏။
ထို့ကြောင့် သူသည် အဝေးကနေသာကြည့်ရှုခဲ့ပြီး အနားသို့ချဥ်းကပ်ခဲ့ခြင်း မရှိပေ။
“အဲ့ဒါက ပကတိတစ်ဆယ်ငရဲရဲ့ ဗဟိုချက်ပဲ... တားမြစ်ကုန်းမြေတစ်ခုဆိုလည်း ဟုတ်တယ်”
ထျန်ကျစ်ရီက ပြောလိုက်၏။
“အဲ့ဒီဧရိယာမှာဆို.... လောကကို ချိပ်ပိတ်ထားနိုင်တဲ့ တုန်လှုပ်စရာကောင်းတဲ့ အင်မော်တယ်ဝင်္ကပါဆယ်ခုရှိနေတယ်... သူတို့ထဲမှာ လေဟစ်ကြွေးဝင်္ကပါ... ဆီးနှင်းဝင်္ကပါ... ရွှေအလင်းဝင်္ကပါ... သွေးအသွင်ပြောင်းဝင်္ကပါ... ဒေါသူပုန်ထမီးတောက်ဝင်္ကပါ... စိတ်အားညှိုးငယ်ဝိညာဥ်ဝင်္ကပါ... ရေခဲမိုးဝင်္ကပါနဲ့ အနီရောင်ပိုးချည်ဝင်္ကပါတွေကို အရပ်မျက်နှာ ရှစ်ခုမှာ နေရာချပြီးတော့... ဘေးပတ်ပတ်လည်ကို ချိပ်ပိတ်ထားတယ်”
“နောက်ဆုံးမှာတော့ ကောင်းကင်ပကတိဝင်္ကပါနဲ့ ကမ္ဘာမြေခွဲဝင်္ကပါနဲ့ အဲ့ဒီနေရာရဲ့ အပေါ်နဲ့အောက်ထွက်ပေါက်တွေကို ချိပ်ပိတ်ထားတယ်... အဲ့ဒါက ထိုးဖောက်လို့မရတဲ့အကျဥ်းထောင်တစ်ခုပဲ.. ဘယ်သူကမှ အဲ့ဒီထဲကို မဝင်နိုင်ဘူး... အဲ့ဒီထဲကနေလည်း ဘယ်သူကမှ ပြန်မထွက်နိုင်ဘူး”
“ကမ္ဘာမြေသားရဲတွေကို မပြောနဲ့ ကောင်းကင်သားရဲတွေတောင်မှ အဲ့ဒီဝင်္ကပါထဲကို အတင်းတိုးဝင်မယ်ဆိုရင် သူတို့က အသက်ရှုချိန်အနည်းငယ်အတွင်း သေသွားရလိမ့်မယ်”
“ပကတိတစ်ဆယ်ဆိုတဲ့အဓိပ္ပါယ်က သေခြင်းရှင်ခြင်းလမ်းကြောင်းရဲ့ အရပ်မျက်နှာဆယ်ခုကို ပကတိဖြတ်တောက်ထားတယ်လို့ ဆိုလိုတာပဲ”
ဆူဇီမိုက တုန်လှုပ်သွားရ၏။
လက်စသတ်တော့... ပကတိတစ်ဆယ်ငရဲ၏ မူလဇာစ်မြစ်သည် ဝင်္ကပါဆယ်ခုဖြစ်နေ၏။
“ကောင်းကင်နဲ့မြေကြီးကို ချိပ်ပိတ်ထားတော့.. အဲ့ဒီနေရာမှာ ရှင်သန်ဖို့ အခွင့်အရေးတောင်ရမှာ မဟုတ်ဘူး... အဲ့ဒီပကတိတစ်ဆယ်ဝင်္ကပါက အရမ်းကိုရက်စက်ကြမ်းတမ်းလွန်းတယ်...အဲ့ဒီထဲမှာ ဘယ်သူ့ကိုဖိနှိမ်ထားတာလဲ”
ဆူဇီမိုက လေးနက်သောအသံဖြင့် မေးလိုက်၏။
ထျန်ကျစ်ရီက အသံတိတ်သွား၏။
ထျန်ကျစ်ရီက ပြန်ဖြေမှာမဟုတ်ဟု ဆူဇီမိုက တွေးလိုက်မိစဥ် သူမက ရုတ်တရက်ပြောလာ၏။
“လွန်ခဲ့တဲ့နှစ်ပေါင်းသိန်းချီ အချိန်ကာလတစ်ခုက တစ်စုံတစ်ယောက်က အောက်ဘုံလောက်ကနေ တက်လှမ်းလာခဲ့တယ်”
“အဲ့ဒီလူရဲ့ပါရမီအရည်အချင်းနဲ့ အလားအလာက လောကမှာ ပြိုင်ဘက်ကင်းခဲ့တယ်... သူက အောက်ဘုံကနေ လာခဲ့တယ်ဆိုပေမဲ့ သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ နှစ်နှစ်ထောင်ပဲ အချိန်ယူခဲ့တယ်... သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တယ်”
“နှစ်ခြောက်ထောင်ကြာပြီးတဲ့နောက် သူက ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်လာပြီးတော့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ အသက်ငယ်ဆုံး ကောင်းကင်အင်မော်တယ်တွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်... အဲ့ဒီနောက် သူက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်နေရာကိုရယူပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ နံပါတ်တစ်ကောင်းကင်အင်မော်တယ်ဖြစ်လာခဲ့တယ်... သူက အဲ့ဒီကနေ နာမည်ကြီးကျော်ကြားလာခဲ့တယ်”
ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး အဆင့်သတ်မှတ်ချက်များကို မသိရှိသော်လည်း သူက ထိုစကားမှာ နစ်မျောသွား၏။
အောက်ဘုံကနေတက်လှမ်းလာသူများအနေဖြင့် သူတို့သည် အထက်ဘုံမှာကျင့်ကြံချင်သည်ဆိုလျှင် သူတို့သည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် အခက်အခဲများကို တွေ့ကြုံခံစားရပေလိမ့်မည်။
ဤလူအနေဖြင့် ဤကဲ့သို့သော အောက်မြင်ထွန်းတောက်မှုများကို ရရှိနိုင်ခဲ့သည်က တကယ့်ကိုလွယ်ကူခဲ့လိမ့်မည် မဟုတ်ပေ။
ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။
“ကောင်းကင်နဲ့မြေကြီးအဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်တဲ့ ဘယ်သူမဆို ပကတိအင်မော်တယ်တစ်ယောက် သေချာပေါက်ဖြစ်လာလိမ့်မယ်... နောက်ပြီး အဲ့ဒီလူက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်ဧကရာဇ်ရဲ့ တန်ဖိုးထားခြင်းခံရပြီး သူ့ရဲ့အမွေခံတပည့်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရတယ်”
သူသည် အောက်ဘုံမှ တက်လှမ်းလာခဲ့သော်လည်း ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ တပည့်အဖြစ်လက်ခံခြင်းကိုခံခဲ့ရ၏။ ဤလူက ဘယ်လောက်တောင် သန်မာခဲ့သလဲ သိသာနေ၏။
ထျန်ကျစ်ရီက ခဏမျှရပ်လိုက်၏။
“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတွေ့ဆုံပွဲမှာ အဲ့ဒီလူက လူတိုင်းကိုဖိနှိမ်ပြီး တခြားအင်မော်တယ်မဟာနယ်မြေတွေက ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေအားလုံးကို အနိုင်ယူခဲ့တယ်... သူက ပကတိအင်မော်တယ်တွေကြားမှာ ပြိုင်ဘက်ကင်းပြီး ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဖြစ်လာခဲ့တယ်... သူက အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ခံယူနိုင်ခဲ့တယ်”
အန္တိမသည် သူ့ထက်သာလွန်တာ ဘာမှမရှိတော့ဟု အဓိပ္ပါယ်ရလေသည်။
မည်သူကမှ သူ့အထက်မှာ မရပ်တည်နိုင်ပေ။
အဲ့ဒါက အန္တိမဖြစ်၏။
ထျန်ကျစ်ရီသည် စိတ်ခံစားချက်အတက်အကျမရှိဘဲ အဲ့ဒါကိုအလွန်တရာတည်ငြိမ်စွာ ပြောဆိုနေလျှင်တောင် ထိုအကြောင်းအရာများက လူတစ်ယောက်၏ သွေးကိုဆူပွက်ပြီး ကြက်သီးမွေးညင်းများ ထစေနိုင်၏။
“အဲ့ဒီအန္တိမပကတိအင်မော်တယ်ကို ဒီပကတိတစ်ဆယ်ငရဲမှာ ဖိနှိမ်ထားတာလား”
ဆူဇီမိုက မေးမြန်းလိုက်၏။
ထျန်ကျစ်ရီက တိတ်ဆိတ်ငြိမ်သက်နေပြီး အဲ့ဒါကို အသံတိတ် ဝန်ခံလိုက်၏။
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါလိုက်၏။
ဤကဲ့သို့သော ပြိုင်စံရှားတစ်ယောက်အနေဖြင့် ဤကဲ့သို့သောအခြေအနေဖြင့် အဆုံးသတ်သွားရသည်ကို စဥ်းစားကြည့်ဖို့ တကယ်ပင် မလွယ်ပေ။
“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”
ဆူဇီမိုက မျက်မှောက်ကြုတ်၍မေးလိုက်၏။
ထျန်ကျစ်ရီက ပြောလိုက်၏။
“အဲ့ဒီအန္တိမပကတိအင်မော်တယ်က အောက်ဘုံကနေတက်လှမ်းလာခဲ့တာပဲ... သူက အထက်လုံလောကက ဒေသခံအဆင့်မြင့်အင်မော်တယ်တွေနဲ့ သဘောထားကွဲလွဲမှုတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့တယ်”
“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်နယ်မြေမှာရှိတဲ့ သက်ရှိတွေအားလုံးက အောက်ဘုံကပဲလာလာ အထက်ဘုံကပဲဖြစ်ဖြစ် သူတို့အားလုံးက တူညီစွာဆက်ဆံခံရသင့်တယ်လို့ အဲ့ဒီအန္တိမပကတိအင်မော်တယ်က ခံစားမိခဲ့တယ်”
“အောက်ဘုံက တက်လှမ်းလာတဲ့ သက်ရှိတွေကို လုံလောက်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေ ထောက်ပံပေးသင့်တယ်... အဲ့ဒါမှသာ အောက်ဘုံကနေတက်လှမ်းလာတဲ့ သက်ရှိတွေက မျှတတဲ့အခွင့်အရေးတစ်ခုကို ရရှိနိုင်မှာလို့ သူကထောက်ခံပြောဆိုခဲ့တယ်”
“သူက အမြုတေစုဖွဲ့ဆေးလုံးနဲ့ ပင်မအမြုတေစုဖွဲ့ဆေးလုံးတွေလိုမျိုး အင်မော်တယ်ဆေးလုံးတွေရဲ့ ဖော်စပ်ပုံအညွှန်းကို ဖြန့်ဝေပေးဖို့လည်း ဆုံးဖြတ်ချက်ချခဲ့တယ်”
“သူက အောက်ဘုံကနေ တက်လှမ်းလာတဲ့သက်ရှိတွေကို တခြားအဆင့်မြင့်အင်မော်တယ်တွေရဲ့ အနိုင်ကျင့်ခံရခြင်းမရှိဘဲ ကောင်းကောင်းမွန်မွန်ကျင့်ကြံနိုင်ဖို့အတွက် အင်မော်တယ်နိုင်ငံတစ်ခုကို တည်ထောင်ပေးချင်ခဲ့တယ်”
ထိုနေရာအရောက်တွင် ဆူဇီမိုက ကြည်ညိုလေးစားလာခဲ့၏။
ထိုသူသည် အန္တိမပကတိအင်မော်တယ်ဘွဲ့ကိုသာ ခံယူနိုင်ခဲ့သည်ဆိုလျှင် ဘာမှပြောပလောက်စရာ မဟုတ်သေးပေ။
သို့သော်လည်း သူက ဤကဲ့သို့သော သဘောထားကြီးမြတ်မှုတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ တကယ့်ကို ရှားရှားပါးပါး ဖြစ်၏။
ထျန်ကျစ်ရီက ဆက်ပြောလိုက်၏။
“အဲ့ဒီအချိန်တုန်းက မဟာကျင်းအင်မော်တယ်နိုင်ငံဆိုတာ မရှိသေးဘူး... ဒီနယ်မြေကို ဘယ်အင်မော်တယ်ဘုရင်ကမှလည်း မအုပ်စိုးရသေးဘူး”
“အဲ့ဒီအချိန်တုန်းက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်ဧကရာဇ်ရဲ့ လက်အောက်မှာရှိတဲ့ အင်မော်တယ်ဘုရင်တချို့က ဒီနေရာမှာ ဘုရင်လုပ်ဖို့အတွက် ယှဥ်ပြိုင်ချင်ခဲ့ကြတယ်... နောက်ဆုံးမှာတော့.. အဲ့ဒီမှာ ရွေးချယ်စရာနှစ်ယောက်ပဲ ကျန်တော့တယ်”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွား၏။
“လက်ရှိ မဟာကျင်းအင်မော်တယ်ဘုရင်က အဲ့ဒီနှစ်ယောက်ထဲက တစ်ယောက်မလား”
ထျန်ကျစ်ရီက ခေါင်းညိတ်ပြလိုက်၏။
“အခြားတစ်ယောက်ကတော့... အဲ့ဒီအန္တိမပကတိအင်မော်တယ်ပဲ... ဒါပေမဲ့ သူက အဲ့ဒီအချိန်တုန်းက အင်မော်တယ်ဘုရင်အဆင့်ကို မတက်လှမ်းရသေးဘူး”
“သူ့ရဲ့ပါရမီအရည်အချင်းအရဆို သူက ဘုရင်ဘွဲ့ကို ခံယူပြီးတာနဲ့ အင်မော်တယ်ဘုရင်တွေကြားမှာ ထိပ်သီးပညာရှင်တစ်ဦးသေချာပေါက်ဖြစ်လာမယ်ဆိုတာ လူတိုင်းသိထားကြတယ်”
“အဲ့ဒီအန္တိမပကတိအင်မော်တယ်က အောက်ဘုံလောကက သက်ရှိတွေကို ကာကွယ်ဖို့အတွက် သူ့ကိုယ်ပိုင်အင်မော်တယ်နိုင်ငံတစ်ခုကို တည်ထောင်ချင်ခဲ့တယ်... အဲ့ဒါကြောင့် သူက ဘုရင်ကျင်းနဲ့ တတ်နိုင်သမျှမြန်မြန်ယှဥ်ပြိုင်တိုက်ခိုက်ဖို့အတွက် အတင်းအကျပ် အဆင့်ချိုးဖျက်တက်လှမ်းပြီး ဘုရင်ဘွဲ့ကို ခံယူချင်ခဲ့တယ်”
“အဲ့ဒီအချိန်အတွင်းမှာ တစ်ခုခုဖြစ်ခဲ့တာလား”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
ထျန်ကျစ်ရီက ပြောလိုက်၏။
“သူတံခါးပိတ်ကျင့်ကြံနေတုန်း... အတိမ်းအစောင်းမခံနိုင်တဲ့အချိန်မှာ သူက အကွက်ချကြံစည်ခံခဲ့ရပြီးတော့ သူ့ရဲ့အဆင့်ချိုးဖျက်တက်လှမ်းမှုက ကျရှုံးသွားခဲ့တယ်”
ဆူဇီမိုသည် သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး နေရာမှာပင် မှင်တက်သွား၏။
ထိုစကားက တိုတောင်းသော်လည်း အဲ့ဒီကနေ အဆုံးမဲ့ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှု၊ စိတ်ပျက်အားငယ်မှုနှင့် မချင့်မရဲခံစားချက်တို့က ပေါ်ထွက်လာခဲ့၏။
အဲ့ဒါက စဥ်းစားကြည့်၍ မရနိုင်သော သွေးမုန်တိုင်းတစ်ခုဖြစ်ခဲ့ပေလိမ့်မည်။
“ဘုရင်ကျင်းက တိုက်ခိုက်ခဲ့တာလား”
ဆူဇီမို၏ မျက်လုံးက အေးစက်မှုဖြင့် တဖျတ်ဖျတ်လက်သွား၏။
ဤကိစ္စကနေ အကျိုးအမြတ်ရရှိမည့်သူမှာ လက်ရှိမဟာကျင်းအင်မော်တယ်ဘုရင်ဖြစ်လေသည်။
ဖြစ်နိုင်ခြေအရှိဆုံးမှာ မဟာကျင်းအင်မော်တယ်ဘုရင်သည် ခြိမ်းခြောက်မှုကိုခံစားခဲ့ရပြီး ထိုသူကို ကြိုတင်ကြံစည်ကာ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
“တိုက်ခိုက်ခဲ့တဲ့သူက ဘုရင်းကျင်းမဟုတ်ဘူး”
ထျန်ကျစ်ရီက ပြောလိုက်၏။
“အဲ့ဒီတုန်းက တိုက်ခိုက်ခဲ့တဲ့သူက အခုဆိုရင် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခုရှိတယ်... သူက လူတစ်ယောက်တည်းရဲ့အောက် အခြားလူတိုင်းရဲ့အထက်မှာ ရပ်တည်နိုင်တဲ့သူပဲ... သူက အာဏာပါးကွက်သားအစောင့်တပ်သားအဖွဲ့ကို တစ်ယောက်တည်းတည်ထောင်ခဲ့တဲ့... ဘုရင်ထျန်ရှင်းပဲ”