အဲ့ဒီလမ်းကြောင်းက မပြတ်တောက်သေးဘူး
Vol. 130 Ch. 1938
“ဘုရင်ထျန်ရှင်းလား”
ဆူဇီမိုက လှောင်ရယ်လိုက်၏။
ဤကိစ္စမှာ နောက်ဆုံးအကျိုးအမြတ်ရရှိမည့်သူက ဘုရင်ကျင်းဖြစ်၏။
ဘုရင်ထျန်ရှင်းသည် ဤအကျဥ်းသားကို အကောက်ကြံခဲ့သော်လည်း သူက အပြစ်ပေးမှုတစ်စုံတစ်ရာကို လက်ခံရရှိခြင်းမရှိဘဲ ထိုအစား သူက ဘုရင်ကျင်း၏ တန်ဖိုးထားခြင်းကိုပင် ခံခဲ့ရ၏။ ဘုရင်ကျင်းက ဤကိစ္စမှာ သေချာပေါက်ပါဝင်ပတ်သက်နေပေလိမ့်မည်။
ယခု သူသည် တုန်လှုပ်စရာကောင်းသော လျှို့ဝှက်ချက်ကို ကြားရသောအခါ အံ့အားသင့်တုန်လှုပ်မှုအပြင် သူသည် သံသယအချို့ရှိလာခဲ့၏။
“ဒီဝင်္ကပါဆယ်ခုက အန္တိမပကတိအင်မော်တယ်တစ်ယောက်ကို ချုပ်နှောင်ပေးထားနိုင်လောက်အောင် တကယ်ပဲစွမ်းအားကြီးမားတာလား”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အဲ့ဒီပညာရှင်က အကွက်ချကြံစည်ခံခဲ့ရတယ်... သူ့ရဲ့အဆင့်ချိုးဖျက်တက်လှမ်းမှုမှာ ကျရှုံးခဲ့ရတယ်ဆိုရင်တောင် သူက အန္တိမပကတိအင်မော်တယ်တစ်ယောက်ဖြစ်နေတုန်းပဲ... သူ့ရဲ့ကျင့်ကြံမှုက ရှိနေသေးသရွေ့ သူ့ရဲ့တာအိုက ဖျက်ဆီးခံရမှာ...”
ထိုနေရာအရောက်တွင် သူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်အလား သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူက ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
ထျန်ကျစ်ရီက ခေါင်းညိတ်လိုက်၏။
“ရှင်ထင်တာမှန်တယ်... အဲ့ဒီလူက အဆင့်ချိုးဖျက်တက်လှမ်းတဲ့အချိန်မှာ သူက ဘုရင်ထျန်ရှင်းရဲ့ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တယ်”
“အဲ့ဒီလူက သူ့ရဲ့ဒဏ်ရာတွေ သက်သာပျောက်ကင်းလာရင် လက်စားပြန်ချေမှာကို ဘုရင်ထျန်ရှင်းက စိုးရိမ်နေခဲ့တယ်... အဲ့ဒါကြောင့် သူက အဲ့ဒီလူရဲ့တာအိုသစ်သီးကို ခြေမွှဖျက်ဆီးခဲ့တယ်”
ဆူဇီမိုက တုန်လှုပ်သွား၏။
အောက်ဘုံလောကမှာတုန်းက သူသည် တျဲယွဲ့ထံကနေတစ်ဆင့် တာအိုသစ်သီးအကြောင်း ကြားသိခဲ့ရ၏။
ဆူဇီမိုသည် တာအိုသစ်သီးနှင့်ပတ်သက်၍ များစွာမသိရှိပေ။ သူသိထားသည်မှာ တာအိုသစ်သီးသည် ပကတိအင်မော်တယ်တစ်ပါး၏ အခြေခံအုတ်မြစ်နှင့် အမြုတေဖြစ်၏။
တာအိုသစ်သီးကို ခြေမွှခံရခြင်းက ထိုသူ၏ ကျင့်ကြံမှုက တစ်ခါတည်းပျက်စီးသွားပြီဟု အဓိပ္ပါယ်ရ၏။
ထိုသူသည် အနာဂတ်မှာ ပြန်လည်ကျင့်ကြံနိုင်ဖို့ အခွင့်အရေးမရှိတော့ချေ။
အဲ့ဒါသည် ကျင့်ကြံသူများအတွက် ကြီမားသောရိုက်ချက်တစ်ခုဖြစ်၏။
သူတို့က စိတ်အားညှိုးငယ်ပြီး သာမန်လူများအဖြစ်သို့ လျှောကျသွားမည်ဆိုလျှင်ပင် အဲ့ဒါက ကောင်းမွန်သောအဆုံးသတ်တစ်ခုဖြစ်နေပေဦးမည်။
သူတို့၏ တာအိုနှလုံးသားက လဲပြိုသွားပြီး သူတို့၏ စိတ်ဝိညာဥ်က ယိုယွင်းပျက်စီးသွားမည်ဆိုလျှင် သူတို့သည် သိပ်ကြာကြာရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။
“အဲ့ဒီစီနီယာက အကျဥ်းချခံထားရတာ ဘယ်လောက်ကြာသွားပြီလဲ”
ဆူဇီမိုက မေးလိုက်၏။
“နှစ်သိန်းပေါင်းအတော်များများပဲ”
ထျန်ကျစ်ရီက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီပကတိမိုးကြိုးမြို့တော်နဲ့ ပကတိတစ်ဆယ်ငရဲက သူ့အတွက် တည်ဆောက်ထားတာပဲ”
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။
သို့သော်လည်း စောစောက သူကြားသိခဲ့သောသတင်းက အရမ်းကိုတုန်လှုပ်စရာကောင်းပြီး သူကအဲ့ဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောနိုင်ခြင်း မရှိပေ။
“သူက နှစ်သိန်းပေါင်းများစွာ အကျဥ်းချခံထားရပြီး သူ့ရဲ့တာအိုသစ်သီးကိုလည်း ဆုံးရှုံးထားရတယ်ဆိုတော့... သူကသေသွားလောက်တာ ကြာနေပြီထင်တယ်”
ဆူဇီမိုက သူခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
သူတို့၏ တာအိုသစ်သီးဆုံးရှုံးသွားရသည်ကို မပြောနှင့် သာမန်လူတစ်ယောက်ပင်လျှင် ဤကဲ့သို့နှစ်သိန်းပေါင်းများစွာ ဖိနှိမ်ခံထားရသည့်ရိုက်ချက်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
နေ့အလင်းရောင်နဲ့ အနာဂတ်မျှော်လင့်ချက်မရှိဘဲ မှောင်မိုက်နေပြီး အဆုံးမဲ့အထီးကျန်မှုနှင့် အရှက်ခွဲခံရမှုတို့က အချိန်တိုင်းမှာ ဖိစီးနှိပ်စက်နေမည်ဖြစ်၏။
ထိုနာကျင်မှုက စဥ်းစားကြည့်၍ မရနိုင်အောင်ပင်။
“ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
ထျန်ကျစ်ရီက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
ဆူဇီမိုက ဒေါသတကြီးပြောလိုက်၏။
“ဘုရင်ထျန်ရှင်းက အဲ့ဒီလူရဲ့တာအိုသစ်သီးကိုဖျက်ဆီးပြီးတာတောင် သူက အဲဒီလူရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးကို အကျဥ်းချထားချင်သေးတယ်... သူကတကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့သူပဲ”
ထျန်ကျစ်ရီက တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။ သို့သော်လည်း သူမ၏ မျက်ဝန်းအနက်ပိုင်းထဲတွင် မသိသာမထင်ရှားသော ဝမ်းနည်းမှုတစ်ခုက ဖျတ်ခနဲပေါ်ထွက်လာပြီး အလျင်အမြန်ပျောက်ကွယ်သွား၏။
ရုတ်တရက် ဆူဇီမိုက အဖြေတစ်ခုကို တွေးမိသွား၏။
အဲ့ဒါသည် စောစောက သူမေးခဲ့စဥ် ထျန်ကျစ်ရီမဖြေခဲ့သော မေးခွန်းဖြစ်၏။
အမဲလိုက်စုဝေးပွဲကို နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ကျင်းပမည်ဖြစ်၏။ အဲ့ဒါသည် အပြင်ဘက်မှ အဆင့်မြင့်အင်မော်တယ်များကို ဖျော်ဖြေမှုပေးဖို့အပြင် အဲ့ဒီမှာ တခြားသောဘာရည်ရွယ်ချက်တွေ ရှိနေမလား..။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လျှို့ဝှက်ချက်အကြောင်းကို သူကြားသိရသောအခါ ဤအမဲလိုက်စုဝေးပွဲမှာ ပို၍ပင်အရေးကြီးသော ရည်ရွယ်ချက်တစ်ခုရှိနေလိမ့်မည်ဟု သူက နားလည်သဘောပေါက်လိုက်၏။
အဲ့ဒါသည် ယခင်... အန္တိမပကတိအင်မော်တယ်ကို အရှက်ခွဲဖို့နှင့် သူ၏ တာအိုနှလုံးသားကို ဖျက်ဆီးဖို့ဖြစ်ပေလိမ့်မည်။
မင်းက အောက်ဘုံက သက်ရှိတွေကို ကာကွယ်ဖို့အတွက် အင်မော်တယ်နိုင်ငံတစ်ခု တည်ထောင်ချင်တယ်ဆိုမှတော့... ပကတိတစ်ဆယ်ငရဲမှာ အဲ့ဒီလူတွေတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရတာကို မင်းကိုငါကြည့်ခွင့်ပေးမယ်။
အောက်ဘုံက တက်လှမ်းလာတဲ့အဲ့ဒီသက်ရှိတွေက မွေးမြူထားတဲ့တောကောင်တစ်အုပ်လို... ငါတို့ရဲ့ထိန်းချုပ်ခြင်း ခံနေရတယ်ဆိုတာကို ငါမင်းကိုကူကယ်ရာမဲ့စွာ ကြည့်ခွင့်ပေးမယ်။
မင်းက... အဲ့ဒီစိတ်ပိုင်းဆိုင်ရာဖိစီးနှိပ်စက်မှုကို မင်းတစ်ဘဝလုံး ခံစားနေရမယ်။
မင်းရဲ့ယုံကြည်မှုက တစ်စတစ်စပဲ့ကြွေပြီး မင်းရဲ့တာအိုနှလုံးသား လဲပြိုကျသွားအောင်ငါလုပ်ပြမယ်။
ဤအန္တိမပကတိအင်မော်တယ်ကို အကျဥ်းချထားသည်မှာ ပကတိဝင်္ကပါဆယ်ခုသာလျှင်မဟုတ်ပေ။ အဲ့ဒါက နှစ်ပေါင်းသိန်းချီကြာအောင် ဤကုန်းမြေမှာ သေဆုံးသွားခဲ့သည့် အောက်ဘုံမှကျင့်ကြံသူများစွာ၏ သွေးများနှင့်အလောင်းများလည်းပါဝင်၏။
အဲ့ဒါသည် တစ်ခါတည်းသတ်ဖြတ်လိုက်ခြင်း သို့မဟုတ် နှစ်ပေါင်းသိန်းချီကြာအောင် အကျဥ်းချထားခြင်းထက်ပင် အဆတစ်ထောင်ပို၍ရက်စက်ကြမ်းကြုတ်နေ၏။
ဆူဇီမိုက အဲ့ဒါကိုစဥ်းစားတွေးတောရင်း ဆတ်ခနဲတုန်ယင်သွား၏။
ထျန်ကျစ်ရီက ပြောလိုက်၏။
“တကယ်တော့... ပကတိမိုးကြိုးမြို့တော်ပဲဖြစ်ဖြစ်... ပကတိတစ်ဆယ်ငရဲပဲ ဖြစ်ဖြစ်... အမဲလိုက်စုဝေးပွဲပဲဖြစ်ဖြစ် အဲ့ဒီမှာ နောက်ထပ်အဓိပ္ပါယ်တစ်ခုရှိနေတယ်”
“အဲ့ဒါက ကျင့်ကြံသူတွေနဲ့သက်ရှိတွေအားလုံးကို ခြိမ်းခြောက်ဖို့အတွက်ပဲ”
အောက်ဘုံက သက်ရှိတွေအတွက် အင်မော်တယ်နိုင်ငံတစ်ခုတည်ထောင်ပေးဖို့တွေးထားတဲ့ ဘယ်သူမဆို ဒီအန္တိမပကတိအင်မော်တယ်ပညာရှင်လိုပဲ အဆုံးသတ်သွားရလိမ့်မယ်ဆိုတဲ့သဘောပဲ”
“အဲ့ဒီအန္တိမပကတိအင်မော်တယ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းမယ့်ဘယ်သူမဆို... အဲ့လိုပဲ သေရလိမ့်မယ်လို့ ဘုရင်ထျန်ရှင်းက ပြောချင်နေတာပဲ”
ထျန်ကျစ်ရီက ပြောလိုက်၏။
“ဘုရင်ထျန်ရှင်းရဲ့လုပ်ရပ်က အောင်မြင်ခဲ့တယ်ဆိုတာကို အချက်အလက်တွေက သက်သေပြပေးနေတယ်”
“ပြီးခဲ့တဲ့နှစ်ပေါင်းသိန်းချီအတွင်း ဂမ္ဘီရမိုးကောင်းကင်ကုန်းမြေတိုက်မှာ ဘယ်သူကမှ အောက်ဘုံက တက်လှမ်းလာတဲ့သက်ရှိတွေအတွက် ရှေ့ထွက်ပြီး မပြောဆိုရဲတော့ဘူး”
“အဲ့ဒီအန္တိမပကတိအင်မော်တယ် ကျဆုံးသွားတာနဲ့အတူ အဲ့ဒီလမ်းကြောင်းကလည်း ဖြတ်တောက်ခံလိုက်ရပြီ”
ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။
“ဒီလမ်းကြောင်းက မပြတ်တောက်သေးဘူး”
“ဟမ်..”
ထျန်ကျစ်ရီက ဘေးတိုက်တစ်ချက် စွေကြည့်လိုက်၏။
ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဲ့ဒီလမ်းကြောင်းကို ငါဆက်လျှောက်မယ်... အဲ့ဒါက ဖြတ်တောက်ခံထားရတယ်ဆိုရင်တောင်... ငါအဲ့ဒါကို ပြန်ဆက်မယ်”
“ရှင်... အဲ့ဒီလမ်းကိုဆက်လျှောက်လို့ရမှာ မဟုတ်တော့ဘူး... ရှေ့မှာရှိတဲ့လမ်းကြောင်းက ဖြတ်တောက်ခံထားရပြီးပြီ...ရှင်က ရှေ့ကိုခြေတစ်လှမ်းထပ်တိုးမယ်ဆိုရင် အဆုံးမဲ့အသူရာချောက်နက်ထဲကို ကျဆင်းသွားလိမ့်မယ်”
ထျန်ကျစ်ရီက သူမ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
ဆူဇီမိုက ပြောလိုက်၏။
“ရှေ့မှာရှိတဲ့လမ်းကြောင်းက အဆုံးမဲ့ချောက်နက်ဆိုရင်တောင်မှ ငါမကြောက်ဘူး... ငါကအဲ့ဒီထဲကိုကျဆင်းပြီး သေရမယ်ဆိုရင်တောင် ငါ့မှာနောင်တရှိမှာ မဟုတ်ဘူး”
ထျန်ကျစ်ရီက ရင်တစ်ချက်ထိတ်သွားပြီး ဆူဇီမိုကို မယုံကြည်နိုင်စွာကြည့်လိုက်၏။
ထိုအခိုက်အတန့်မှာ ဆူဇီမို၏ လေသံက ပြတ်သားနေပြီး သူ၏ အကြည့်က ခိုင်မာနေ၏။ သူ၏ မျက်လုံးထဲကနေ ထွက်ပေါ်လာသည့်အလင်းက နေနှင့်လတို့ကိုပင် ဖိနှိမ်နိုင်မည်ဟုထင်ရ၏။
ဆူဇီမိုသည် တရားမျှတမှုမရှိခြင်း၏ ပြင်းထန်သောခံစားချက်ကိုရရှိနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက လောကရှိသက်ရှိများက ကျင့်ကြံနိုင်ခြင်းမရှိဘဲ ထိုသူများက ကျင့်ကြံသူများ၏ အနိုင်ကျင့်ခံရခြင်း၊ မိစ္ဆာသားရဲများ၏ သတ်ဖြတ်ခံရခြင်းတို့ကို သူတွေ့မြင်ခဲ့ရသည့်အခါ သူသည် ဤကဲ့သို့သော တရားမျှတမှုမရှိခြင်း၏ ပြင်းထန်သောခံစားချက်ကို ရရှိခဲ့၏။
ထိုအချိန်တုန်းက သူသည် သိုင်းတာအိုကိုတည်ထောင်ပြီး သက်ရှိများအားလုံးကို ကောင်းချီပေးမည်ဟု ကျိန်ဆိုခဲ့၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် အောက်ဘုံမှတက်လှမ်းလာသော သက်ရှိများ၏ ကံကြမ္မာကို ပြောင်းလဲပေးချင်၏။
သူသည်လည်းပဲ အောက်ဘုံကနေတင်လှမ်းလာသူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
မျောက်၊ စိတ်ဝိညာဥ်ကျား၊ ချင်ချင်၊ ညဝိညာဥ်၊ မြေခွေးလေး... စသည်ဖြင့် သူ၏ ဤညီကိုမောင်နှမများသည်လည်းပဲ အောက်ဘုံကနေ တက်လှမ်းလာကြမည်ဖြစ်၏။
ပေမင်ရွှယ်နှင့်ရှောင်းယောင်... သူ၏ တပည့်နှစ်ယောက်သည်လည်း အောက်ဘုံကနေ တက်လှမ်းလာမည်ဖြစ်၏။
သူ၏ မိတ်ဆွေဟောင်းများအားလုံးသည် အောက်ဘုံကနေတက်လှမ်းလာမည်ဖြစ်၏။
သူသည် အောက်ဘုံမှ တက်လှမ်းလာသောသက်ရှိများ၏ အနိုင်ကျင့်ခံရခြင်း၊ တရားမမျှတစွာ ဆက်ဆံခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကို စာနာနားလည်ပေးနိုင်၏။
ဤအန္တိမပကတိအင်မော်တယ်၏ တွေ့ကြုံဖြတ်သန်းခဲ့ပုံအကြောင်း သူကြားသိရသောအခါ ဆူဇီမိုသည် သူ၏ နှလုံးသားထဲရှိ တရားမျှတမှုမရှိသော ဤခံစားချက်ကို ဆက်လက်၍ မဖိနှိမ်နိုင်တော့ပေ။
“အဲ့ဒါက တရားမျှတမှုမရှိဘူးလို့ ငါခံစားရမယ်ဆိုရင် ငါက... အဲ့ဒီမတရားမှုကို အပြီးတိုင်ချေမှုန်းဖျက်ဆီးမယ်... ငါက အောက်ဘုံကနေလာတဲ့ အထီးကျန်သိုင်းသခင်ပဲ.... တစ်နေ့မှာ အောက်ဘုံက သက်ရှိတွေအတွက် စစ်မှန်တဲ့ကုန်းမြေတိုက်တစ်ခုကို ငါဖန်တီးမယ်”
ဆူဇီမိုသည် သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“နောင်တစ်ချိန်မှာ အထက်ဘုံက အဲ့ဒီသက်ရှိတွေအားလုံးက အထီးကျန်သိုင်းသခင် ဆိုတဲ့နာမည်ကို သိရှိသွားရအောင် ငါလုပ်မယ်”
“ရှင်...ရှင်...”
ထျန်ကျစ်ရီက မချင့်မရဲဖြစ်သွားပြီး ဆူဇီမိုကို အတိုက်အခံပြောဆိုချင်၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမိုထုတ်ဖော်ပြသထားသည့် သူရဲကောင်းဆန်သောအော်ရာက သူမကို ဖော်မပြတတ်သော ခံစားချက်တစ်ခုပေးနေ၏။
ခဏကြာအောင် သူမသည် နေရာမှာပင်မှင်တက်နေပြီး ဆူဇီမိုကို ငေးငိုင်စွာကြည့်နေ၏။
နောက်ခဏ၌ သူမသည် တစ်စုံတစ်ရာကို နားလည်သိရှိသွားသည့်အလား သူမကအလောတကြီးလှည့်ပြီးပြောလိုက်၏။
“ရှင်က... အဲ့ဒါနဲ့အဝေးကြီးလိုသေးတယ်”
အထက်ဘုံမှာလျှောက်လှမ်းရမည့်လမ်းကြောင်းက များစွာပိုမိုခက်ခဲကြမ်းတမ်းနေသည်ကို ဆူဇီမိုက သိရှိထားပြီဖြစ်၏။
သူ၏ လက်ရှိခွန်အားအရ သူသည်စစ်မှန်သော ကုန်းမြေတိုက်တစ်ခုကို တည်ထောင်ဖို့နေနေသာ မဟာကျင်းအင်မော်တယ်နိုင်ငံမှာ သူ့ကိုယ်ပိုင်နေရာတစ်ခုကိုပင် ခြေကုပ်ရယူဖို့ အင်မတန်ခက်ခဲနေ၏။
တစ်ခါက ဤအကျဥ်းသားသည် အလွန်တရာပါရမီအရည်အချင်းရှိခဲ့၏။ သို့သော်လည်း အဆုံးသတ်မှာတော့ သူသည် သေသည်ထက်ပင်ဆိုးရွားသော ဤကဲ့သို့သောအခြေအနေဖြင့် အဆုံးသတ်သွားရ၏။
ထျန်ကျစ်ရီပြောသည့်အတိုင်းပင် သူသည် ထိုအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုနေသေး၏။
လိုဏ်ဂူက အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်သွား၏။
ဆူဇီမိုနှင့် ထျန်ကျစ်ရီက တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေပြီး သူ့အတွေးနှင့်သူ ကိုယ့်အတွေးနှင့်ကိုယ် ရှိနေကြ၏။ မည်သူကမှ စကားမပြောဆိုကြပေ။
“ဟင်း....”
ရုတ်တရက် ဆူဇီမိုသည် သက်ပြင်းချသံတစ်သံကို ကြားလိုက်ရ၏။
ထိုသက်ပြင်းချသံက ရှေးကျပြီး အချိန်သဲမြစ်ထဲကနေ ပေါ်ထွက်လာပုံရ၏။ ထိုသက်ပြင်းချသံက လူတစ်ယောက်စိတ်ကိုလှုပ်ရှားသွားစေမည့် နက်ရှိုင်းသောစိတ်ခံစားချက်တစ်ခုကို သယ်ဆောင်ထား၏။