အလွန်တရာ အရှက်မဲ့ခြင်း
Vol. 130 Ch. 1941
ပကတိတစ်ဆယ်ငရဲ လိုဏ်ဂူထဲတွင်…
ဆူဇီမိုသည် သူ၏ လက်ထဲမှာ ဓားမြှောင်နှစ်လက်ကို ကစားပြီး မိုးကြိုးဧကရာဇ်အကြောင်း စဉ်းစားတွေးတော၏။
ရုတ်တရက် ထျန်ကျစ်ရီက မေးလိုက်၏။
“စောစောက ရှင် ဘာဖြစ်သွားခဲ့တာလဲ”
မိုးကြိုးဧကရာဇ်နှင့် ဆူဇီမိုသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့် တစ်ချိန်လုံး ဆက်သွယ်ပြောဆိုနေခဲ့ကြပြီး ထျန်ကျစ်ရီက အဲဒါကို လုံးဝ မကြားခဲ့ရပေ။
သို့သော်လည်း သူမသည် ဆူဇီမို၏ တစ်မူထူးခြားနေမှုကို သတိထားမိလိုက်ဆဲဖြစ်၏။
“ဘာရယ် မဟုတ်ပါဘူး”
ဆူဇီမိုက တည်ငြိမ်သော အမူအရာနှင့်တူ သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။
မိုးကြိုးဧကရာဇ်၏ အရေးကိစ္စက အလွန်တရာ အရေးကြီးပြီး သူက အခြားလူများကို အလွယ်တကူ ပြောမပြနိုင်ပေ။
ထျန်ကျစ်ရီ၏ အကြည့်က ဆူဇီမို၏ လက်ထဲရှိ ဓားမြှောင်နှစ်လက်ပေါ် ရောက်ရှိသွား၏။
ရုတ်တရက်ဆိုသလို..
သူမ၏ သူငယ်အိမ်နှစ်ဖက်က အနည်းငယ် တင်းကျပ်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူမက မနေနိုင်ဘဲ မေးမြန်းလိုက်၏။
“ရှင့်လက်ပေါ်က ဒဏ်ရာက ပျောက်သွားပြီလား”
ထိုဓားမြှောင်များက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သူမ ကောင်းကောင်းသိထား၏။
ထိုဓားမြှောင်များက ထက်ရှရုံသာမက သူတို့သည် ဒဏ်ရာများကို ပွင့်ထွက်စေပြီး ကြီးမားသော အသက်ဓာတ်အား ပမာဏတစ်ခုကို ဖျက်ဆီးပစ်နိုင်၏။ သွေးများကိုလည်း အဆက်မပြတ် စီးကျစေနိုင်၏။
သူမ၏ ကိုယ်ကာယက အရမ်းကို သန်မာပြီး သူမ၏ ပြန်လည်ကုသနိုင်စွမ်းက တုန်လှုပ်စရာကောင်းလေသည်။
ထိုသို့ဆိုလျှင်တောင် စောစောက ဓားမြှောင်ကနေ ရရှိခဲ့သည့် သူမ၏ လည်ပင်းပေါ်မှ ဒဏ်ရာက သက်သာပျောက်ကင်းခါစဖြစ်ပြီး သွေးစတချို့ကို တွေ့မြင်ရသေး၏။
သို့သော်လည်း သူမ ရှေ့ရှိ ထိုလူ၏ လက်ဖဝါးပေါ်ရှိ ဒဏ်ရာက သူမ လည်ပင်းပေါ်မှ ရရှိခဲ့သော ဒဏ်ရာထက် ပို၍ နက်ရှိုင်းပြီး ပို၍ ပြင်းထန်ခဲ့၏။
ယခု အဲဒါက မည်သည့် အမာရွတ်မှ မရှိဘဲ ပျောက်ကင်းသွားခဲ့ပြီဖြစ်၏။
ဒီလူရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ။
ဆူဇီမိုက တစ်စုံတစ်ရာ ဖြေဆိုခြင်း မရှိဘဲ ပြုံးရုံသာ ပြုံးပြလိုက်၏။
သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်ပြီး အဲဒါကို ပေါက်ကြားစေလို့ မဖြစ်ပေ။
ဆူဇီမိုသည် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ သူက မလှမ်းမကမ်းတွင် ရှိသော ထျန်ကျစ်ရီကို ကြည့်ကာ မေးမြန်းလိုက်၏။
“အဲဒီ အန္တိမ ပကတိအင်မော်တယ်အကြောင်း မင်းဘယ်လောက်များများ သိထားလဲ”
ထျန်ကျစ်ရီ၏ အမူအရာက မှင်သေသေဖြင့် ရှိနေပြီး ဆူဇီမိုနှင့် အကြည့်ချင်းဆုံလိုက်၏။ သူမက အကြည့်ကို ရှောင်လွှဲခြင်း မရှိဘဲ မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ကျွန်မ အဲဒါကို တခြားတစ်နေရာကနေ ကြားခဲ့တာပဲ.. အဲဒါတွေ အားလုံးက ကောလာဟလတွေပဲ.. အဲဒါက အမှန် ဟုတ် မဟုတ် ကျွန်မလည်း မသိဘူး”
တကယ်တော့ ထျန်ကျစ်ရီသည် စောစောက ထုတ်ဖော်ပြောဆိုခဲ့မိသည့်အတွက် အနည်းငယ် နောင်တရနေခဲ့ပြီဖြစ်၏။
သို့သော်လည်း သူမ၏ စိတ်နေစရိုက်အရ သူမသည် စိတ်ခံစားချက် တစ်စုံတစ်ရာကို ထုတ်ဖော်ပြသလိမ့်မည် မဟုတ်ပေ။
ပုံမှန်အခြေအနေမှာဆိုလျှင် သူမသည် ဤကဲ့သို့သော လျှို့ဝှက်ချက်များကို အပြင်လူများထံ အလွယ်တကူ သေချာပေါက် ပြောပြလိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူတို့နှစ်ယောက်က တစ်ယောက်နှင့် တစ်ယောက် မသိရှိခဲ့ကြဘဲ အမှတ်မထင် တွေ့ဆုံခဲ့ရုံမျှသာ ဖြစ်၏။
သူမသည် ထိုလျှို့ဝှက်ချက်များကို ပြောပြခဲ့သည်မှာ ယခင်က အစိမ်းရောင်ဝတ်ကျင့်ကြံသူ ပြောခဲ့သော စကားကြောင့်ဖြစ်၏။
သူ၏ မာန်မာနနှင့် ရဲဝံ့မှုက သူမ၏ စိတ်ကို လှုူပ်ရှားစေခဲ့၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူက အခြားသူများနှင့် မတူကွဲပြားနေကြောင်း သူမက အာရုံခံမိနိုင်၏။
သူသည် သူမ တွေ့မြင်ဖူးသမျှလူတိုင်းနှင့် ကွဲထွက်နေ၏။
“မင်း သွားလို့ ရပြီ”
ထျန်ကျစ်ရီက အတွေးလွန်နေစဉ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
ဤလူက တကယ်ပင် သူ့ကတိကို တည်ခဲ့ပြီး သူမကို တိုက်ခိုက်မလာခဲ့ပေ။
သို့သော်လည်း ထျန်ကျစ်ရီက ထွက်ခွာမသွားသေးပေ။
သူမသည် ဆူဇီမို၏ လက်ထဲရှိ ညိုမည်းနေသော ဓားမြှောင်တစ်စုံကို ကြည့်ပြီး တိတ်တဆိတ်ဖြင့် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
ဆူဇီမိုက အနည်းငယ် မှင်တက်သွားပြီးနောက် နားလည်သဘောပေါက်သွား၏။ သူက ရယ်မော၍ မေးလိုက်၏။
“ဘာလို့လဲ.. စောစောကတော့ မင်းက ငါ့ကို သတ်ချင်နေခဲ့တာ.. အခုတော့ မင်းက ဒီလက်နက်တစ်စုံကို ပြန်ယူချင်နေပြီပေါ့”
ဆူဇီမို၏ အကြည့်အောက်မှာ ထျန်ကျစ်ရီက အနည်းငယ် ရှက်ရွံ့သွားပြီး သူမ၏ ပါးနှစ်ဖက်က နီမြန်းသွား၏။
သူမ၏ အတွေးများက အနည်းငယ် ရိုးစင်းပြီး လွန်ကဲရာကျသည်ကို သူမ သိလိုက်၏။
သို့သော်လည်း ထိုလူ၏ အပြုံးက တကယ်ကို မုန်းစရာကောင်းနေ၏။
“ငါက ငါ့ကတိ ငါတည်ပြီး မင်းကို ထွက်သွားခွင့်ပေးလိုက်ပြီ… ထပ်ပြီးတော့ အတင့်မရဲနဲ့”
ဆူဇီမိုက သူ၏ လက်ကို လှုပ်ရှားပြီး ဓားမြှောင်နှစ်လက်ကို ညင်သာစွာ ထိခတ်ကာ ကြည်လင်သော အသံနှင့်အတူ မီးပွားများကို လွင့်စင်ထွက်လာစေ၏။
သူက ပြုံးစစဖြင့် ပြောလိုက်၏။
“ဒီဓားမြှောင်တစ်စုံက ငါ့ရဲ့အသားကို လှီးဖြတ်နိုင်တယ်ဆိုတော့ အဲဒါကို ရတနာတစ်ခုလို့ ဆိုရမှာပဲ.. အခုကစပြီး အဲဒါက ငါ့အပိုင်ဖြစ်သွားပြီ”
ထျန်ကျစ်ရီက အမူအရာကင်းမဲ့နေသော်လည်း သူမက စိတ်ထဲမှာ ပေါက်ကွဲတော့မည်ဖြစ်၏။
“ဒီလူက အရမ်းကို တစ်မူထူးခြားတယ်လို့ စောစောကတင် ငါတွေးနေတာ.. အခုတော့ သူက တခြားလူတွေနဲ့ အတူတူပဲဆိုတာ ငါသိလိုက်ရပြီ.. သူက အရမ်းကို အရှက်မဲ့ပြီးတော့ လောဘကြီးလွန်းတယ်”
ထျန်ကျစ်ရီက စိတ်ထဲမှာ မချင့်မရဲဖြစ်သွားပြီး သူမ၏ အကြည့်က အေးစက်လာခဲ့၏။
သူမ အဖေသည် သူမအတွက် ဤဓားမြှောင်တစ်စုံကို ကိုယ်တိုင်သွန်းလုပ်ပေးခဲ့ပြီး အဲဒါက သူမအတွက် အဓိပ္ပာယ်အများကြီး ရှိလေသည်။ သူမသည် ထိုလက်နက်တစ်စုံကို တစ်ချိန်လုံး ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ပြီး သူတို့ကို ဘယ်တုန်းကမှ ဆုံးရှုံးမခံခဲ့ပေ။
ယခု သတိတစ်ချက် ပေါ့လျော့မိသောကြောင့် သူမ၏ ဤလက်နက်တစ်စုံက ယနေ့မှာ အပြင်လူတစ်ယောက်၏ လက်ထဲသို့ ကျဆင်းသွားခဲ့လေပြီ။
အဲဒါက အခြားအချိန်မှာသာဆိုလျှင် သူမသည် ဤလူကို သတ်ဖြတ်ပစ်ခဲ့မိပေလိမ့်မည်။ သို့သော် ယခု သူမသည် ပကတိမိုးကြိုးမြို့တော်သို့ ရောက်ရှိနေခဲ့ပြီး သူမ၏ မျိုးဆက်သွေးက ဖိနှိမ်ခံထားရကာ သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အထွတ်အထိပ်အထိ ထုတ်ဖော်နိုင်ခြင်း မရှိပေ။
သူမက ယခုအချိန်မှာ တိုက်ခိုက်မည်ဆိုလျှင်တောင် သူမသည် ဤလူကို ယှဉ်နိုင်မည် မဟုတ်ဘဲ အရှက်ရရုံသာဖြစ်မည်ကို သိထား၏။
ထိုသို့အတွေးဖြင့် ထျန်ကျစ်ရီက အံကို တင်းတင်းကြိတ်ပြီး ဆူဇီမိုကို အေးစက်စွာ တစ်ချက်စိုက်ကြည့်ပြီးနောက် လိုဏ်ဂူ၏ ဝင်ပေါက်ဝဆီသို့ လှည့်ထွက်သွား၏။
ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူမက မကျေမနပ် ဖြစ်နေဆဲပင်။
သူမက ဆူဇီမိုကို ကျောပေးထားရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ အဲဒီလက်နက်တစ်စုံကို ကိုယ်တိုင်သေချာပေါက် ပြန်ယူမယ်”
ထိုသို့ပြောရင်း ထျန်ကျစ်ရီက လိုဏ်ဂူထဲကနေ ထွက်ခွာသွား၏။
ယင်ဖေးနှင့် အခြားသူများက အနီးအနားသို့ ရောက်ရှိလာပြီး သေဆုံးသွားသော ကျင့်ကြံသူအချို့၏ သိုလှောင်အိတ်များကို ရှာဖွေနေ၏။
ပကတိတစ်ဆယ်ငရဲမှာ အမြုတေချီကို ပိုင်းခြားထား၏။
ကြီးမားသော တိုက်ပွဲတစ်ခု အပြီး၌ အမြုတေချီကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးလုံးအချို့က အလွန်တရာ အရေးပါလာခဲ့၏။
“ခေါင်းဆောင်ယင်.. ဟိုလိုဏ်ဂူထဲမှာ လှုပ်ရှားမှုတစ်ခု ရှိတဲ့ပုံပဲ”
မဟူရာအင်မော်တယ်တစ်ယောက်၏ အမူအရာက ပြောင်းလဲသွားပြီး မလှမ်းမကမ်းတွင် ရှိသော လိုဏ်ဂူကို စိုက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်၏။
ဤလူ၏ သတိပေးမှု မရှိလျှင်တောင် ယင်ဖေးက အဲဒါကို အာရုံခံမိသွားခဲ့ပြီဖြစ်၏။
လိုဏ်ဂူထဲမှာ လူတချို့ ရှိနေ၏။
ယင်ဖေးက အေးစက်စက် အမူအရာတစ်ခုနှင့်အတူ သရော်ပြုံးပြုံးပြီး သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်၏။
သူ့နောက်မှာ ရှိသော ကျင့်ကြံသူများက နားလည်သဘောပေါက်သွားပြီး သူတို့၏ လက်နက်များနှင့် ဓမ္မရတနာများကို ဆင့်ခေါ်ထုတ်ကာ လိုဏ်ဂူ၏ ဝင်ပေါက်ဝကို ဝိုင်းပတ်၍ တဖြည်းဖြည်း ချဉ်းကပ်လာကြ၏။
သိပ်မကြာခင် ခရမ်းရောင် ပုံရိပ်တစ်ခုက လိုဏ်ဂူ၏ ဝင်ပေါက်ဝမှာ ပေါ်ထွက်လာ၏။ အဲဒါက ထျန်ကျစ်ရီ ဖြစ်လေသည်။
“ခေါင်းဆောင်ယင်.. သူက တစ်ယောက်တည်းပဲ”
မဟူရာအင်မော်တယ်တစ်ယောက်က စိတ်အားထက်သန်စွာဖြင့် သွားဖြီးလိုက်၏။
“အဲဒါ ဟိုတစ်ယောက်မလား”
ယင်ဖေးက ထျန်ကျစ်ရီကို မှတ်မိသွားပြီး သူ၏ မျက်လုံးကို အနည်းငယ် မှေးကျဉ်းကာ အေးစက်စက် အလင်းတစ်ခု ပေါ်ထွက်လာ၏။
ပကတိတစ်ဆယ်ငရဲသို့ မဝင်ရောက်ခင်က ထျန်ကျစ်ရီသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားကာ သွားရှုပ်၍ မရနိုင်ကြောင်း သူက စုံစမ်းသိရှိခဲ့ရပြီးဖြစ်၏။
“ခေါင်းဆောင်ယင်.. အဲဒီမိန်းမကို ကျုပ်အတွက် ထားလိုက်”
ဘေးမှာ ရှိသော အရပ်ပုပု ကျင့်ကြံသူတစ်ယောက်က ခပ်တိုးတိုးပြောလိုက်၏။
“ကျုပ်က နောက်ထပ်လူတစ်ယောက်ကို သတ်နိုင်မယ်ဆိုရင် ကျုပ်က အမဲလိုက်အဆင့်သတ်မှတ်ချက်ထဲကို ဝင်ရောက်နိုင်လောက်တယ်”
“ရတယ်လေ”
ယင်ဖေးက လေးနက်စွာ ပြောလိုက်၏။
“သတိထားဦး.. အဲဒီမိန်းမက ကိုင်တွယ်ရ ခက်ခဲမယ့်ပုံပဲ”
“မပူပါနဲ့ ခေါင်းဆောင်ယင်.. ခင်ဗျားက ကျုပ်ရဲ့ နည်းလမ်းတွေကို မယုံဘူးလား”
အရပ်ပုပု ကျင့်ကြံသူက ရယ်မော၍ ထျန်ကျစ်ရီထံသို့ ပြေးဝင်သွား၏။
အရပ်ပုပု ကျင့်ကြံသူက သာမန်လူတစ်ယောက်၏ ခါးလောက်သာ ရှိသော်လည်း သူ၏ လှုပ်ရှားမှု နည်းစနစ်က တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်ပြီး တခဏချင်းမှာပင် ထျန်ကျစ်ရီ ရှေ့သို့ ရောက်ရှိလာ၏။
သူသည် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထားပြီး ပကတိတစ်ဆယ်ငရဲ၏ ပတ်ဝန်းကျင်မှာ သူက ရေထဲသို့ လွှတ်ပေးထားသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ ဤအုပ်စုထဲမှာ သူ သတ်ဖြတ်ခဲ့သော အရေအတွက်က ယင်ဖေးပြီးလျှင် ဒုတိယနေရာမှာ ရှိ၏။
“သေစမ်း”
အရပ်ပုပု ကျင့်ကြံသူက အော်ငေါက်၍ သူ့လက်ထဲရှိ အေးစက်ပါးလွှာသော ဓားနှင့်အတူ ရှေ့သို့ ခုန်တက်ကာ ထျန်ကျစ်ရီ၏ ရင်ဘတ်ကို ပစ်ထိုးလိုက်၏။
ထျန်ကျစ်ရီက မည်သည့်အရာကိုမှ မတွေ့မြင်ရသည့်အလား လုံးဝ လှုပ်ရှားခြင်း မရှိပေ။
ပါးလွှာသော ဓားက ထျန်ကျစ်ရီ၏ ရင်ဘတ်ကို ထိုးဖောက်တော့မည့်ဆဲဆဲမှာပင် သူမ ရှေ့မှာ ရှိသော အရပ်ပုပု ကျင့်ကြံသူက ရုတ်တရက် ပျောက်ကွယ်သွား၏။
ထျန်ကျစ်ရီ၏ နောက်ဘက်မှာ အရပ်ပုပု ကျင့်ကြံသူက ပေါ်ထွက်လာပြီး ထက်ရှသော ဓားသွားနှင့်အတူ သူမ၏ ဦးခေါင်းနောက်ကို ပစ်ထိုးလိုက်၏။
အဲဒါက သူ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်၏။
ယခင် ပုံရိပ်သည် စိတ်အာရုံ ပျက်ပြားစေဖို့အတွက် သူ၏ လျှို့ဝှက်အတတ်တစ်ခုဖြင့် ဆင့်ခေါ်ထားသော ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။
သို့သော်လည်း သူ၏ အစစ်အမှန်ခန္ဓာကိုယ်က နောက်ဘက်မှာ ပုန်းကွယ်နေပြီး သေကွင်းသေကွက် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။
ဤတိုက်ခိုက်မှုူနှင့်အတူ သူသည် ပကတိတစ်ဆယ်ငရဲမှာ ဘယ်တုန်းကမှ မကျရှုံးခဲ့ပေ။
ဖောက်…
သွေးများက လေထဲမှာ ပြန့်ကျဲသွား၏။
ကျင့်ကြံသူများစွာက ငေးငိုင်နေသော အမူအရာများနှင့်အတူ သူတို့၏ မျက်လုံးများက ပြူးကျယ်သွားကြ၏။
အရပ်ပုပု ကျင့်ကြံသူ၏ ဓားသွားက ဆင်းသက်မလာခင်မှာပင် ထျန်ကျစ်ရီက သူမ၏ နောက်ကျောတွင် မျက်လုံးပါရှိသည့်အလား သူမ၏ လက်ကို နောက်ပြန်လွှဲယမ်းလိုက်၏။ သူမ၏ ကျယ်ပြန့်သော အင်္ကျီလက်စက ရုတ်တရက် သံမဏိတုတ်ချောင်းတစ်ချောင်းကဲ့သို့ ကျစ်လစ်သွားပြီး အရပ်ပုပု ကျင့်ကြံသူ၏ ဦးခေါင်းကို ခြေမွပစ်လိုက်၏။
လှုပ်ရှားကွက်တစ်ကွက်တည်း…။
အရပ်ပုပု ကျင့်ကြံသူက နေရာမှာပင် သေဆုံးသွားခဲ့ပြီဖြစ်၏။