← Chapters

အင်မော်တယ်ဝေလအသံ

Vol. 130 Ch. 1942

အင်မော်တယ်ဝေလအသံ

Vol. 130 Ch. 1942

သူမကျင့်ကြံမှု၏ ဤအဆင့်ထိ ထျန်ကျစ်ရီသည် အဆင့်တူခြင်းမှာရှိသော ကျင့်ကြံသူတစ်ယောက်၏ လက်ထဲမှာ ပထမဆုံးအကြိမ် အရေးနိမ့်သွားရခြင်းဖြစ်ပြီး သူမ၏ ကိုယ်ပိုင်ဓမ္မရတနာကိုပင် ဆုံးရှုံးခဲ့ရ၏။

သူမသည် အဲ့ဒါကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိသော်လည်း သူမ၏ ရင်ထဲမှာ ဖွင့်ထုတ်ဖို့နေရာမရှိသော မီးတောက်တစ်ခုဖြစ်ပေါ်လာခဲ့၏။

အရပ်ပုပုကျင့်ကြံသူက ယခုတင်ရောက်ရှိလာပြီး ထျန်ကျစ်ရီ၏ ရင်ထဲရှိ အမျက်ဒေါသက ချက်ချင်းပင် ပေါက်ကွဲထွက်ကာ သူ့ကို သတ်ဖြတ်ပစ်လိုက်၏။

ဤလူက လုပ်ကြံသတ်ဖြတ်ရာမှာ အထူးပြုသော်လည်း ထျန်ကျစ်ရီနှင့်ယှဥ်လျှင် သူကများစွာနိမ့်ကျနေ၏။

“သေစမ်း... ငါတို့အတူပူးပေါင်းပြီး တိုက်ခိုက်ကြရအောင်”

“သူ့ကိုသတ်”

အရပ်ပုပုကျင့်ကြံသူ၏ သေဆုံးမှုက ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို တုန်လှုပ်သွားစေသော်လည်း လူတိုင်းက ကြမ်းကြုတ်ခက်ထန်သောအကြည့်များနှင့်အတူ အလျင်အမြန်တည်ငြိမ်လာကြ၏။

ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာရဲသော လူအများစုက ကိုင်တွယ်ဖို့မလွယ်ကူကြပေ။

ဒါ့အပြင် သူတို့အုပ်စုသည် လမ်းတစ်လျှောက်မှာ သွေးသံရဲရဲတိုက်ပွဲများစွာကို ဖြတ်ကျော်လာခဲ့ပြီး ကျန်ရှိနေသော လူများအားလုံးက ရက်စက်ကြမ်းတမ်းသော ပုဂ္ဂိုလ်များဖြစ်ကြ၏။

အဆင့်-၉ မဟူရာအင်မော်တယ်ဆယ်ယောက်ကျော်က တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်လာကြ၏။

ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများ၊ အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များက ပစ်လွင့်ထွက်ပေါ်လာပြီး လေထုကိုဆုတ်ဖြဲကာ ထျန်ကျစ်ရီကို ချက်ချင်းပင်လွှမ်းခြုံလာခဲ့၏။

“အား...”

ထျန်ကျစ်ရီက သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်ပြီး သူမ၏ လည်ချောင်းအနက်ပိုင်းထဲကနေ ကြောက်စရာကောင်းသော ထိုးဖောက်စွမ်းအားတစ်ခုနှင့်အတူ အလွန်တရာထက်ရှသည့်အသံတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

အဲ့ဒါသည် သူမ၏ ကျင့်ကြံထားသည့် အသံပိုင်းလျှို့ဝှက်အတတ် အင်မော်တယ်ဝေလအသံ ဖြစ်၏။

ဤအသံပိုင်းလျှို့ဝှက်အတတ်ကို အင်မော်တယ်ဝေလငါးတစ်ကောင်ကနေ ထုတ်နုတ်ထားခြင်းဖြစ်၏။

လိုဏ်ဂူထဲမှာရှိခဲ့စဥ်က ထျန်ကျစ်ရီသည် အင်မော်တယ်ဝေလံအသံကို ထုတ်ဖော်ခဲ့ဖူး၏။

သို့သော်လည်း အင်မော်တယ်ဝေလအသံက ထွက်ပေါ်လာသည့်ခဏမှာပင် အဲ့ဒါသည် ဆူဇီမို၏ နဂါးဟိန်းသံလျှို့ဝှက်အတတ်ဖြင့် ဖိနှိမ်ခံခဲ့ရပြီး ၎င်း၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။

သို့သော်ယခု... တိုက်ခိုက်လာသော မဟူရာအင်မော်တယ်များသည် အင်မော်တယ်ဝေလငါးအသံနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ ယခုအခါမှသာ ဤအသံပိုင်းလျှို့ဝှက်အတတ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ ပေါ်ထွက်လာခဲ့၏။

“အား...”

ရှေ့မှာရှိသော အဆင့်-၉ မဟူရာအင်မော်တယ်များက သူတို့၏ ခန္ဓာကိုယ်များကို ကွေးညွှတ်ပြီး သူတို့၏ နားရွက်များကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ကာ နာကျင်နေသောအမူအရာများကို ထုတ်ဖော်လာကြ၏။

သူတို့၏ ဓမ္မရတနာများက ထိန်းချုပ်မှုမဲ့သွားပြီး လေထဲကနေပြုတ်ကျလာခဲ့၏။ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကလည်း ချက်ချင်းပင် ပျက်ပြယ်ကာ ထျန်ကျစ်ရီကို မခြိမ်းခြောက်နိုင်တော့ပေ။

သိပ်မကြာခင်... အဆင့်-၉ မဟူရာအင်မော်တယ်များ၏ လက်ချောင်းများကြားကနေ သွေးများက စိမ့်ထွက်လာခဲ့၏။

အင်မော်တယ်ဝေလသံက သူတို့၏ နားစည်များကို ထိုးဖောက်ခဲ့ပြီးပြီဖြစ်၏။

အနည်းငယ်ခပ်လှမ်းလှမ်းမှာရှိနေသော အဆင့်-၉ မဟူရာအင်မော်တယ်များသည် တဆတ်ဆတ်တုန်ယင်၍ ငေးငိုင်သွားသည့်ပုံပေါ်နေ၏။

အခြားသူများအတွက်တော့... ဤကဲ့သို့ ခဏတာငေးငိုင်မှုက သက်ရောက်မှုများစွာရှိလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုကဲ့သို့သောအချိန်မှာ ထျန်ကျစ်ရီပြုလုပ်နိုင်သောအရာများစွာရှိလေသည်။

ထျန်ကျစ်ရီသည် အမူအရာကင်းမဲ့နေပြီး သူမ၏ ခရမ်းရောင် အင်္ကျီလက်စကို ဝေ့ယမ်းကာ သူမရှေ့မှာရှိသော အဆင့်-၉ မဟူရာအင်မော်တယ်အချို့ဘေးကနေ ဖြတ်သွား၏။

ဖောက်.. ဖောက်.... ဖောက်...

သူမ၏ အင်္ကျီလက်စနှစ်ဖက်က မနှိုင်းယှဥ်သာအောင် မာကျောကျစ်လစ်သွားပြီး ဧရာမဆေဘာနှစ်လက်ကဲ့သို့ အဆင့်-၉ မဟူရာအင်မော်တယ်နှစ်ယောက်ကို ပိုင်းဖြတ်ပစ်လိုက်၏။

ထျန်ကျစ်ရီက တိုက်ခိုက်ခြင်းကို မရပ်တန့်ပစ်လိုက်ပေ။

ဖျတ်ခနဲဆို... သူမသည် ခပ်လှမ်းလှမ်းမှာရှိသော အဆင့်-၉ မဟူရာအင်မော်တယ်အချို့ရှေ့သို့ ရောက်ရှိလာပြီး သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို နောက်တစ်ဖန်ဝေ့ယမ်းလိုက်၏။

အဆင့်-၉ မဟူရာအင်မော်တယ်အချို့သည် ယခုတင် သူတို့၏ ငေးငိုင်ရာကနေ နိုးထလာစဥ် ခရမ်းရောင်ဆေဘာနှစ်လက်က စီးပိုးခြယ်လှယ်သော စွမ်းပကားတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့သည်ကို တွေ့မြင်လိုက်ရ၏။

သူတို့ထဲ မည်သူကမှ အချိန်မီ မတုံ့ပြန်နိုင်ကြပေ။

ဖောက်... ဖောက်... ဖောက်...

ဦးခေါင်းတချို့က ​ပြူးကျယ်နေသောမျက်လုံးများနှင့်အတူ လေပေါ်သို့ ပျံတက်လာ၏။ သူတို့၏ ဦးခေါင်းများက သူတို့၏ လည်ပင်းနှင့် ကင်းကွာနေပြီဖြစ်သော်လည်း သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။

တစ်ခဏချင်းမှာပင် တိုက်ခိုက်လိုက်သော အဆင့်-၉ မဟူရာအင်မော်တယ်ဆယ်ယောက်ကျော်သည် မြက်ပင်ပေါင်းပင်များကဲ့သို့ ထျန်ကျစ်ရီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။

မည်သူကမှ ချမ်းသာရာမရပေ။

အခြားသောကျင့်ကြံသူများကို မပြောနှင့် ယင်ဖေးပင်လျှင် ထိတ်လန့်သွားပြီး စိုးရိမ်ပူပန်သည့်ပုံပေါ်လာ၏။

ထျန်ကျစ်ရီသည် သူတွေးထင်ထားသည်ထက်ပင် ပို၍ကိုင်တွယ်ရခက်ခဲမည့်ပုံရှိ၏။

သူတိုက်ခိုက်မည်ဆိုလျှင်တောင် သူသည် ထိုအမျိုးသမီးကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ထျန်ကျစ်ရီက အမူအရာကင်းမဲ့နေ၏။

လူဆယ်ယောက်ကျော်က်ု သတ်ဖြတ်ပြီးနောက် သူမ၏ ရင်ထဲရှိ အမျက်ဒေါသများက အနည်းငယ်ပြေလျော့သွား၏။

ညိုမည်းနေသော ဓားမြှောင်နှစ်လက် မရှိလျှင်တောင် သူမသည် ဤလူတစ်ရာကျော်အုပ်စုကို သတ်ဖြတ်ပစ်ဖို့ လုံလောက်သည်ထက်ပိုလေသည်။

ထျန်ကျစ်ရီက တိုက်ခိုက်တော့မည်ဆဲဆဲမှာပင် သူမက တစ်စုံတစ်ရာကို အမှတ်ရသွား၏။ သူမသည် သူမနောက်ဘက်မှာရှိသော လိုဏ်ဂူကိုလှည့်ကြည့်ပြိး သူမ၏ နှုတ်ခမ်းက အနည်းငယ်ကွေးညွှတ်သွား၏။

သူမရှေ့မှာရှိသော မဟူရာအင်မော်တယ်များကို သတ်ဖြတ်ခြင်းက လိုဏ်ဂူထဲမှာရှိသော အရှက်မဲ့သည့် ထိုလူကို အကျိုးအမြတ်ရရှိစေပေလိမ့်မည်။

သူမက သူတို့ကို ဒီတိုင်းထားခဲ့ပြီး ထွက်ခွာသွားမည်ဆိုလျှင် ထိုသူများသည် လိုဏ်ဂူထဲရှိ အရှက်မဲ့သောထိုလူကို ပြဿနာသွားရှာလောက်လေသည်။

တကယ်တော့... ထျန်ကျစ်ရီသည် အချက်တစ်ချက်ကို သိရှိထား၏။

သူမက သူတို့အားလုံးကို သတ်ဖြတ်နိုင်သည်ဆိုလျှင် လိုဏ်ဂူထဲရှိလူကလည်း အဲ့ဒါကို သေချာပေါက်ပြုလုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါသည် အနည်းဆုံးတော့ ထိုသူကို စိတ်အနှောက်အယှက်ဖြစ်စေပေလိမ့်မည်။

ရှင်က တခြားသူတွေနဲ့ မတိုက်ခိုက်ချင်ဘူးမလား... ရှင်က ဒီတိုင်းပုန်းကွယ်နေလို့ ဘယ်ရမလဲ။ အခုရှင်က အဲ့ဒီလူတွေနဲ့ လိုဏ်ဂူထဲမှာပိတ်မိသွားရင် ဘယ်နေရာမှာသွားပုန်းနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့။

ထိုသို့အတွေးဖြင့် ထျန်ကျစ်ရီ၏ စိတ်ခံစားချက်က သိသိသာသာ တိုးတက်လာခဲ့၏။ သူမက ဘေးပတ်လည်ရှိ မဟူရာအင်မော်တယ်များကို လျစ်လျုရှုပြီး လူအုပ်ကြားထဲကနေ ပြေးထွက်သွား၏။

ထျန်ကျစ်ရီ၏ လှုပ်ရှားမှုနည်းစနစ်က အရမ်းကိုမြန်ဆန်၏။

ဘေးပတ်ဝန်းကျင်ရှိ မဟူရာအင်မော်တယ်များသည် သူမ၏ နည်းလမ်းများမှာ မှင်တက်၍ စိုးရိမ်ပူပန်နေကြ၏။

ထိုတဒင်္ဂစိတ်အာရုံပျက်ယွင်းမှုမှာ ထျန်ကျစ်ရီက အပြင်ဘက်ကို ဖောက်ထွက်သွားခဲ့လေပြီ။

“ခေါင်းဆောင်... ကျုပ်တို့သူ့နောက်ကိုလိုက်သင့်လား”

မဟူရာအင်မော်တယ်တစ်ယောက်က တံတွေးကိုမြိုချပြီး တုန်လှုပ်နေသောအမူအရာနှင့်အတူ တုံ့ဆိုင်းစွာဖြင့်မေးလိုက်၏။

ထျန်ကျစ်ရီထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ ယင်ဖေးက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

သို့သော်လည်း သူက အဲ့ဒါကို သူ၏ မျက်နှာပေါ်မှာ မထင်ပေါ်စေဘဲ အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“ချောင်ပိတ်ခံရတဲ့ရန်သူတစ်ယောက်နောက်ကို လိုက်မနေနဲ့တော့... ဒီနေ့ ငါသူ့ရဲ့အသက်ကို ချမ်းသာပေးလိုက်မယ်... ငါတို့နောက်တစ်ခါပြန်တွေ့ရင်တော့... သူ့ကို ငါကိုယ်တိုင်ဖိနှိမ်မယ်”

“ခင်ဗျားပြောတာမှန်တယ် ခေါင်းဆောင်”

မဟူရာအင်မော်တယ်များစွာက ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောထားသော်လည်း သူတို့က အလိုက်သိစွာဖြင့် သဘောတူထောက်ခံလိုက်ကြ၏။

“ဟိုလိုဏ်ဂူကိုသွားပြီး စစ်ဆေးကြည့်ရအောင်”

ယင်ဖေးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“အဲ့ဒီမှာပြဿနာမရှိဘူးဆိုရင်... ငါတို့အဲ့ဒီနေရာမှာ အရင်ဆုံး အနားယူကြတာပေါ့”

ထျန်ကျစ်ရီထွက်ခွာမသွားခင် သူမသည် လိုဏ်ဂူကို လှည့်ကြည့်သွားခဲ့ပြီး အဲ့ဒါက ယင်ဖေးကို တွေဝေရှုပ်ထွေးသွားစေ၏။

ယင်ဖေး၏ ဦးဆောင်မှုအောက်ကနေ လူတိုင်းသည် လိုဏ်ဂူထဲသို့ ဦးတည်လိုက်ကြ၏။

မြို့ဝန်မင်းဂေဟာတွင်..။

မြို့တော်အရှင်များ၊ အဆင့်မြင့်အင်မော်တယ်များ၊ ပကတိအင်မော်တယ်ကျင်းယွဲ့နှင့် မင်းသားယွမ်ကျောတို့က အရာရာတိုင်းကို တွေ့မြင်နေရ၏။

“ထျန်ကျစ်ရဲ့ နည်းလမ်းတွေက တကယ့်ကိုအားမနဲဘူးပဲ”

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“ငါ့အထင်တော့... အဲ့ဒီအမျိုးသမီးက သူ့ကိုယ်သူ ထိန်ချန်ထားတာ... သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုခဲ့ဘူး”

ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ပြောလိုက်၏။

“ထျန်ကျစ်ရီက အဲ့ဒီလိုဏ်ဂူထဲကနေ ထွက်လာခဲ့ပြီဆိုတော့... ဆူဇီမိုက သေသွားပြီဆိုတဲ့သဘောပေါ့”

“သူ မသေသေးဘူး... အဲ့ဒီလူက အသက်ရှင်နေသေးတယ်”

ရုတ်တရက်.. မင်းသားယွမ်ကျောက ပြောလိုက်၏။

“သူ့ရဲ့အမဲလိုက်တံဆိပ်ပြားပေါ်မှာရှိတဲ့ ငါ့ရဲ့စိတ်ဝိညာဥ်အသိစိတ်က ​ပျက်ပြယ်မသွားသေးဘူး”

လျှိုယွီက မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒါထူးတန်းတယ်... ထျန်ကျစ်ရီနဲ့ ဆူဇီမိုက လိုဏ်ဂူထဲမှာ အဲ့လောက်ကြာကြာရှိနေခဲ့ပြီး ပြတ်သားတဲ့ရလဒ်တစ်ခု ထွက်ပေါ်မလာခဲ့ဘူးလား”

“ထျန်ကျစ်ရီက လိုဏ်ဂူထဲမှာတုန်းက ဒဏ်ရာရခဲ့တယ်”

ပကတိအင်မော်တယ်ကျင်းယွဲ့က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။

“သူ့ရဲ့လည်ပင်းပေါ်မှာ မကြာသေးခင်ကမှရထားတဲ့... ဒဏ်ရာအမာရွတ်အသစ်တစ်ခုရှိနေတယ်”

“ဘုရင်ခံ... ထျန်ကျစ်ရီကို ဆူဇီမိုက ထိခိုက်အောင်လုပ်ခဲ့တယ်လို့ ခင်ဗျားပြောချင်တာလား”

လျှိုယွီက မယုံကြည်နိုင်စွာဖြင့် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အဲ့ဒါမဖြစ်နိုင်ဘူးလေ... ဟုတ်တယ်မလား... ထျန်ကျစ်ရီဘယ်လောက်သန်မာတယ်ဆိုတာ ကျုပ်တို့တွေ့မြင်ထားတာပဲ... အဲ့ဒီဆူဇီမိုက ပျော့တိပျော့ဖတ်ပုံစံနဲ့ ဘာများလုပ်နိုင်မှာလဲ”

“အဲ့ဒါအမှန်ပဲ... အခုအချိန်ထိကို သူက လူတစ်ယောက်ကိုမှ မသတ်ဖြတ်ခဲ့ဘူး... သူက အားနဲပြီးတော့ ကြောက်တတ်တယ်ဆိုတာ သိသာနေတာပဲ... ဘုရင်ခံကသာ သူ့ကို ဒီနေရာကိုခေါ်မလာခဲ့ရင် သူ့ရဲ့သတ္တိနဲ့ဆို သူကအမဲလိုက်စုဝေးပွဲမှာတောင် ပါဝင်ရဲမှာ မဟုတ်ဘူး”

နောက်ထပ်မြို့တော်အရှင်တစ်ယောက်က ပြောလိုက်၏။

ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်ကလည်း ခေါင်းညိတ်လိုက်၏။

“ဒီတိုင်းသာဆက်သွားမယ်ဆိုရင် ပကတိတစ်ဆယ်ငရဲမှာ မဟူရာအင်မော်တယ်တွေက သိပ်ကျန်တော့မှာမဟုတ်ဘူး... နောက်ဆုံးကျမှ အဲ့ဒီလူက လှုပ်ရှားမှုပြုလုပ်ချင်တယ်ဆိုရင်တောင် သူကအမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်ကို ဝင်ရောက်နိုင်ဖို့ မလွယ်တော့ဘူး”

“ငါထင်တာ မှားများမှားသွားလား”

မင်းသားယွမ်ကျောက တီးတိုးရေရွတ်လိုက်၏။

“အရှင်မင်းသား... ယင်ဖေးနဲ့တခြားသူတွေက လိုဏ်ဂူထဲကိုဝင်ရောက်တော့မယ်... ဆူဇီမိုက ဒီတစ်ခေါက်တော့ ပုန်းစရာနေရာမရှိတော့ဘူး... သူက သေချာပေါက်သေရမှာပဲ... ဟားဟား”

လျှိုယွီက ရယ်မောလိုက်၏။

All Chapters