ရိုးသားသောလူ
Vol. 130 Ch. 1943
ယင်ဖေးသည် လူတိုင်းကို လိုဏ်ဂူထဲသို့ ဦးဆောင်လာပြီး ခြေလှမ်းအနည်းငယ်အကြာမှာ ရပ်တန့်လိုက်၏။
“ခေါင်းဆောင်ယင်... ဘာများဖြစ်လို့လဲ”
မဟူရာအင်မော်တယ်တစ်ယောက်က မေးမြန်းလိုက်၏။
“ဒီထဲမှာတစ်ယောက်ယောက်ရှိနေတယ်”
ယင်ဖေး၏ မျက်လုံးက ရှေ့တည့်တည့် အမှောင်ထုထဲကိုကြည့်ရင်း ဝင်းလက်တောက်ပလာကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
ကျင့်ကြံသူများစွာက ရင်တစ်ချက်ထိတ်သွားပြီး စိုးရိမ်ပူပန်သည့်အမူအရာများ ထွက်ပေါ်လာ၏။
ထိုစဥ်မှာပင် ပုံရိပ်တစ်ခုက မှောင်မည်းနေသော ရှေ့တည့်တည့်အနက်ပိုင်းထဲကနေ ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာရင်း ထိုပုံရိပ်က လူတိုင်း၏ အကြည့်အောက်မှာ ပို၍ရှင်းလင်းလာခဲ့၏။
အဲ့ဒါသည် ကြော့ရှင်းသန့်ပြန့်သော သွင်ပြင်ရှိသည့် အမျိုးသားတစ်ယောက်ဖြစ်၏။ သူ၏ အစိမ်းရောင်ဝတ်စုံက ဖြောင့်စင်းနေပြီး သူက အနည်းငယ်အားနည်းသည့်ပုံ ပေါ်နေ၏။ သူ၏ လက်ထဲမှာ စာလိပ်တစ်ခုကို ဆုပ်ကိုင်ထားမည်ဆိုလျှင် နုနယ်သော စာပေသမားတစ်ယောက်နှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် နဖူးမှခြေဖျားအထိ သန့်ရှင်းသပ်ရပ်နေပြီး ပကတိတစ်ဆယ်ငရဲ၏ ရက်စက်ကြမ်းတမ်းသော ပတ်ဝန်းကျင်နှင့် လုံးဝဆန့်ကျင်ကွဲလွဲနေ၏။
ကျင့်ကြံသူများစွာသည် သွေးသံရဲရဲ တိုက်ပွဲများစွာကို ဖြတ်ကျော်လာခဲ့ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေကြ၏။ သူတို့အားလုံးသည် ကြမ်းကြုတ်ခက်ထန်သည့်ပုံပေါ်နေပြီး သူတို့နှင့် နှိုင်းစာလျှင် အစိမ်းရောင်ဝတ်လူက တကယ်ပင် ခြိမ်းခြောက်နိုင်စွမ်းကင်းမဲ့နေ၏။
လူတိုင်း၏ စိုးရိမ်ထိန်လန့်နေသောစိတ်များက တဖြည်းဖြည်းပြေလျော့သွားကြ၏။
ယင်ဖေးက သူ၏ သတိကို လျှော့မချရဲပေ။
ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာသောမည်သူမဆို ကိုင်တွယ်ရလွယ်ကူမည့်သူများမဟုတ်ကြောင်း သူကောင်းကောင်းသိထား၏။ ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ပုံပန်းသွင်ပြင်ဖြင့် သူက အလွယ်တကူလှည့်စားခံလိမ့်မည် မဟုတ်ပေ။
“မင်းတစ်ယောက်တည်းလား”
ယင်ဖေးက မျက်ခုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။
“အင်း”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်၏။
ကျင့်ကြံသူများစွာက စိတ်သက်သာစွာသက်ပြင်းချလိုက်ကြသည်။ မဟူရာအင်မော်တယ်အချို့သည် ကြမ်းကြုတ်ခက်ထန်သော အကြည့်များရှိနေကြပြီး တိုက်ခိုက်ဖို့ကို အသင့်ပြင်ထားကြ၏။
သို့သော်လည်း ယင်ဖေးက သူ၏ သတိကို လျှော့မချပေ။
ဘာပဲပြောပြာ စောစောက ထျန်ကျစ်ရီသည်လည်း တစ်ယောက်တည်းသာဖြစ်ပြီး သူမက သူတို့ထဲမှ လူဆယ်ယောက်ကျော်ကို သတ်ဖြတ်သွားခဲ့၏။
ဒါ့အပြင် ယင်ဖေးသည် ပိုမိုလေးနက်သောတစ်စုံတစ်ရာကို တွေးမိနေ၏။
ထျန်ကျစ်ရီသည် စောစောကတင်လိုဏ်ဂူထဲကနေ ထွက်လာခဲ့ပြီး အစိမ်းရောင်ဝတ်ကျင့်ကြံသူကလည်း ဤနေရာမှာရှိနေ၏။
သူကဘာ့ကြောင့် မသေသေးတာလဲ။
“ငါမင်းကို ဘယ်လိုခေါ်ရမလဲ”
ယင်ဖေးက မေးလိုက်၏။
“ငါက ဆူဇီမို”
အစိမ်းရောင်ဝတ်ကျင့်ကြံသူက ပြန်ဖြေလိုက်၏။
“ဒီလိုဏ်ဂူထဲမှာ မင်းဘာလုပ်နေတာလဲ”
ယင်ဖေးက ဆက်လက်၍မေးမြန်းလိုက်၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“အပြင်မှာနေရာတိုင်းက သတ်ဖြတ်လိုစိတ်တွေနဲ့ပြည့်နှက်နေတာ... ငါဒီနေရာကို အမှတ်တမဲ့ရှာတွေ့ပြီးတော့ ဒီနေရာမှာ လာပုန်းရှောင်နေတာပဲ... မင်းတို့တွေ ဒီကိုရောက်လာပြီဆိုမှတော့... ငါအခုသွားတော့မယ်”
တကယ်တော့... ဆူဇီမိုသည် ထျန်ကျစ်ရီ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလေသည်။ သို့သော်လည်း သူက ဤလူများနှင့်တိုက်ခိုက်ပြီး အပြင်ဘက်မှ မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များ၏ သဘောကျ မဖြစ်လိုပေ။
ထိုသို့ပြောရင်း ဆူဇီမိုက လိုဏ်ဂူအပြင်ဘက်သို့ လျှောက်လှမ်းထွက်လာခဲ့၏။
အဲ့ဒါက ယင်ဖေးထင်မှတ်ထားသည်နှင့် တကယ်ကိုကွဲလွဲသွားခဲ့ပြီဖြစ်၏။
သူ့ရှေ့မှကျင့်ကြံသူသည် အရမ်းကို သတ္တိကြောင်ပြီး ခြိမ်းခြောက်နိုင်စွမ်းမရှိသည့်ပုံပေါ်နေ၏။
စောစောက သူအတွေးလွန်နေတာများလား။
ဘေးမှာရှိသော မဟူရာအင်မော်တယ်အချို့က မေးခွန်းထုတ်လိုသော အမူအရာများနှင့်အတူ ယင်ဖေးကို ထပ်တလဲလဲကြည့်လာကြ၏။
ယင်ဖေးက ခေါင်းညိတ်ပြလိုက်သည်နှင့် သူတို့က တိုက်ခိုက်ကြတော့မည်ဖြစ်၏။
ဆူဇီမိုက မဟူရာအင်မော်တယ်များ၏ ဘေးသို့ ရောက်ရှိလာစဥ်မှာပင် ယင်ဖေးက ရုတ်တရက်အော်ပြောလိုက်၏။
“နေဦး...”
မဟူရာအင်မော်တယ်အချို့က စိတ်လှုပ်ရှားသွားပြီး စိမ်းသက်သောအမူအရာများနှင့် ကြမ်းကြုတ်ခက်ထန်သော အကြည့်များနှင့်အတူ ဆူဇီမို၏ ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။
ဆူဇီမိုက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး လှည့်ကြည့်လိုက်၏။ သူက ပြုံးစစဖြင့် ယင်ဖေးကို လှည့်ကြည့်ကာ မေးလိုက်၏။
“တာအိုရောင်းရင်း... ပြောစရာ တစ်ခုခုရှိလို့လား”
“မင်းရဲ့အမဲလိုက်တံဆိပ်ပြားကိုထုတ်ပြ... ငါတစ်ချက်ကြည့်မယ်”
ယင်ဖေးက မှင်သေသေဖြင့် ပြောလိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် အမဲလိုက်ဆံဆိပ်ပြားက ပကတိတစ်ဆယ်ငရဲမှာ အလွန်တရာအရေးပါလေသည်။
အဲ့ဒါသည် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ နောက်ဆုံးအဆင့်သတ်မှတ်ချက်နှင့် ဆက်စပ်နေပြီး မည်သူကမှ အပြင်လူများကို အလွယ်တကူထုတ်ပြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုက အမဲလိုက်ဆံဆိပ်ပြားကိုဖြစ်စေ... အမဲလိုက်အဆင့်သတ်မှတ်ချက်ကိုဖြစ်စေ... ဂရုမစိုက်ပေ။
ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူက သူ၏ သိုလှောင်အိတ်ထဲက အမဲလိုက်တံဆိပ်ပြားကို ထုတ်ပြလိုက်၏။
အမဲလိုက်ဆံဆိပ်ပြားပေါ်တွင် ရေးထိုးထားသောအမည်က တကယ်ပင် ဆူဇီမိုဖြစ်သည်ကို ယင်ဖေးက ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
တစ်နည်းအားဖြင့်ဆိုလျှင် ဤလူက လိမ်ညာနေခြင်းမဟုတ်ပေ။
သို့သော်လည်း အမဲလိုက်တံဆိပ်ပြား၏ အခြားတစ်ဘက်က ဗလာဖြစ်နေ၏။
ပကတိတစ်ဆယ်ငရဲမှာ အမဲလိုက်တံဆိပ်ပြား၏ အခြားတစ်ဘက်ပေါ်ရှိ ကိန်းဂဏန်းသည် လူတစ်ယောက်သတ်ဖြတ်ခဲ့သည့် ကျင့်ကြံသူအရေအတွက်ကို ကိုယ်စားပြုဖော်ပြ၏။
ဥပမာအားဖြင့်... ယင်ဖေး၏ အမဲလိုက်တံဆိပ်ပြားက ၂၇၃ ဟူသော နံပါတ်ကိုပြသထား၏။
သူက လူ၂၇၃ ယောက်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီးပြီဟု အဓိပ္ပါယ်ရ၏။
သို့သော်လည်း အမဲလိုက်တံဆိပ်ပြားတွင် ဗလာဖြစ်နေသည့်အချက်က ဤလူသည် ပကတိတစ်ဆယ်ငရဲသို့ ဝင်ရောက်လာပြီးကတည်းက မည်သူ့ကိုမှ မသတ်ဖြတ်ရသေးဘူးဟု အဓိပ္ပါယ်ရ၏။
စောစောက ထိုလူပြောခဲ့ပုံအရ သူသည် တကယ်ပဲသတ္တိကြောင်ပြီး ရိုးသားသည့်လူတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချနိုင်၏။
ထိုအခါမှသာ ယင်ဖေးက လုံးဝစိတ်သက်သာရာရသွား၏။
သူက မကောင်းသောစိတ်ဆန္ဒနှင့်အတူ ဆူဇီမိုကို စိုက်ကြည့်ပြီး ပြုံး၍မေးလိုက်၏။
“မင်းက ဒီလောက်ကြောက်တတ်ပုံမျိုးနဲ့ အမဲလိုက်စုဝေးပွဲကို ဘာလို့ရောက်လာတာလဲ”
ဆူဇီမိုက ပြုံးပြလိုက်၏။
“ငါက ဒီနေရာကို အတင်းအကျပ်ပို့ဆောင်ခံလိုက်ရတာ”
“ဟားဟားဟား...”
ယင်ဖေးက ဟားတိုက်ရယ်မောလိုက်၏။
ဘေးပတ်ဝန်းကျင်ရှိ မဟူရာအင်မော်တယ်များကလည်း ဟားတိုက်ရယ်မောလိုက်ကြ၏။
ယင်ဖေး၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက်က ပေါ်ထွက်လာပြီး သူက အနည်းငယ် ခေါင်းညိတ်လိုက်၏
ဆူဇီမို၏ နောက်မှာ မတ်တတ်ရပ်နေသော ကျောက်ပေါက်မာမျက်နှာနှင့် မဟူရာအင်မော်တယ်တစ်ယောက်က နားလည်သဘောပေါက်သွားပြီး ရန်လိုခက်ထန်သော အမူအရာနှင့်အတူ ရုတ်တရက်တိုက်ခိုက်လိုက်၏။ သူက သူ၏ ဆေဘာကို ကိုင်မြှောက်ပြီး ဆူဇီမို၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်၏။
ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်သည် မည်သည့်သတိပေးမှုမှမရှိဘဲ ဆူဇီမိုကို မမြင်ကွယ်ရာကနေ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။
ထိုခုတ်ချက်က သေချာလုနီးပါးပင်။
အစိမ်းရောင်ဝတ်လူ၏ သွေးသံရဲရဲ ခေါင်းပြတ်ထွက်သွားသောအလောင်းကိုပင် လူတိုင်းက မြင်ယောင်မိလာကြ၏။
ရွှစ်...
ဆေဘာကအလွန်တရာမြန်ဆန်စွာဖြင့် လေထုကိုဆုတ်ဖြဲလာခဲ့၏။
သို့သော်လည်း ခုတ်ချက်က လွဲချော်သွား၏။
ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်က သူ၏ ခွန်အားကို ထုတ်ဖော်လိုက်သော်လည်း လွဲချော်သွားခဲ့၏။ သူက သူ၏ ခွန်အားကို ရုပ်သိမ်းဖို့ အချိန်မရတော့ဘဲ ဒယီးဒယိုင်ဖြင့် မြေပြင်ပေါ်သို့ ဟပ်ထိုးလဲကျလုနီးပါးဖြစ်သွား၏။
“ဟမ်...”
ယင်ဖေးက မျက်မှောင်ကြုတ်လိုက်၏။
လူတိုင်းကလည်း အံအားသင့်သွားကြ၏။
အစိမ်းရောင်ဝတ်လူက သေဆုံးမသွားပေ။ တကယ်ဆို... အစိမ်းရောင်ဝတ်ကျင့်ကြံသူက ထိုခုတ်ချက်ကို မည်သို့မည်ပုံ ရှောင်တိမ်းလိုက်သလဲပင် မည်သူကမှ သတိမထားမိကြပေ။
ဘူတစ်ယောက်က အော်ဟစ်ရယ်မောလိုက်၏။
“ကျောက်ပေါက်မာရှု မင်းက အခွင့်အရေးပေးထားတာတောင်မှ အသုံးမချတတ်ဘူးဆိုတော့... တကယ်ကို သုံးစားမရတာပဲ... အဲ့ဒါကို ငါပဲလုပ်လိုက်တော့မယ်”
အမှောင်ထုထဲမှ ဆူဇီမို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဆက်လက်၍ မရှိတော့ဘဲ သူ၏ အမူအရာက လုံးဝတည်တံ့လာခဲ့ပြီဖြစ်၏။
သူသည် ပကတိတစ်ဆယ်ငရဲမှ မဟူရာအင်မော်တယ်များနှင့် တကယ်ပင်တိုက်ခိုက်လိုစိတ်မရှိခဲ့ပေ။
အကြောင်းမှာ သူ၏ ထင်မြင်ချက်အရ ဤမဟူရာအင်မော်တယ်များသည် အခြားသူများ၏ ကြိုးဆွဲရာကနေရသည့် သနားစရာကောင်းသောသူများဖြစ်ကြ၏။ သူတို့ထဲမှများစွာက ရွေးချယ်စရာမရှိပေ။
သို့သော်လည်း သူက အမြဲတမ်းခေါင်းငုံ့သည်းခံနေမည်ဟု မဆိုလိုပေ။
“ဘာလဲ... မင်းတို့က ငါ့ကို ထွက်သွားခွင့်မပေးချင်ဘူးလား”
ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော ယင်ဖေးကိုကြည့်ပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
ယင်ဖေးက ပြုံးပြလိုက်၏။
“မင်းရဲ့ပုံစံနဲ့ဆို ဒီနေရာကနေ ထွက်သွားရင်တောင် မင်းက နေ့တစ်ဝက်ထက်ကြာပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူး... မင်းက ဒီနေရာမှာအသာတကြည်နေပြီး ငါတို့ရဲ့အမဲလိုက်တံဆိပ်ပြားပေါ်က နံပါတ်တစ်ခုအဖြစ် အသွင်ပြောင်းပေးလိုက်ပေါ့”
“ကောင်းပြီလေ... အဲ့ဒါဆိုလည်း ငါထွက်မသွားတော့ဘူး”
ဆူဇီမိုက ရုတ်တရက်ပြောလိုက်၏။
“ဉာဏ်ရှိတဲ့သူက အခြေအနေကို သဘောပေါက်တယ်”
ယင်ဖေးက လက်ခုပ်တီး၍ ပြုံးပြလိုက်၏။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“အခု... ငါမင်းတို့တွေကို အခွင့်အရေးတစ်ခုပေးလိုက်မယ်... ဒီနေရာကနေ ထွက်သွားကြတော့”
“ဟမ်... မင်းဘာစကားပြောလိုက်တာလဲ”
ယင်ဖေး၏ အမူအရာက ထူးဆန်းသွားပြီး သူကြားလိုက်ရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေ၏။
ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်က စောစောက သူ၏ ခုတ်ချက် မအောင်မြင်ခဲ့သည့်အတွက် ဒေါသတကြီးဖြစ်နေခဲ့ပြီဖြစ်၏။
ယခု... သူက အဲ့ဒါကို ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ကျိန်ဆဲလိုက်၏။
“ငါ့လခွမ်းတဲ့မှ... မင်းက ဒီလိုဏ်ဂူထဲမှာ သတ္တိကြောင်ပြီး တစ်ချိန်လုံးပုန်းကွယ်နေလို့ ရှင်သန်နေတာကို မင်းကိုယ်မင်း တကယ်ပဲသန်မာတယ်ထင်နေလို့လား”
သူ့စကားမဆုံးသေးခင်မှာပင် ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်က နောက်တစ်ဖန်တိုက်ခိုက်လိုက်ပြီဖြစ်၏။
“သေစမ်း”
ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်က ဒေါသထွက်နေပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်လိုက်၏။ သူက သူ၏ လက်တစ်ဖက်နှင့် သာမန်နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ ဆေဘာကို ကိုင်မြှောက်ကာ ဆူဇီမို၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။
သူ၏ သာမန်နတ်ဘုရားစွမ်းအား ဖြစ်ပေါ်လာသည့်ခဏမှာပင် သူ့ရှေ့မှာ အစိမ်းရောင်အရိပ်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်ဟု ခံစားလိုက်ရ၏။
သေးသွယ်သောလက်ညှိုးတစ်ချောင်းက သူ၏ မြင်ကွင်းထဲသို့ ချဥ်းကပ်လာခဲ့ပြီး သူက အဲ့ဒါကို လုံးဝမရှောင်တိမ်းနိုင်ဖြစ်နေ၏။
“အရမ်းမြန်တယ်”
အဲ့ဒါက ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်၏ စိတ်ထဲသို့ နောက်ဆုံးဝင်ရောက်လာသော အတွေးတစ်ချက်ဖြစ်၏။
ဖောက်...
နောက်ခဏ၌ သူ၏ နှာရောင်ကနေ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်ပြယ်ကာ သူ၏ အသိစိတ်ကို ဆုံးရှုံးလိုက်ရ၏။
ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ နှာရောင်ပေါ်မှာ အပေါက်တစ်ပေါက်ရှိနေကာ သွေးများက စီးကျနေ၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရပြီး သူက သေဆုံးသွားပြီဖြစ်၏။
လူတိုင်းက အုန်းအုန်းကျက်ကျက်ဖြစ်သွားကြလေသည်။