အပြတ်အသတ်ရှုံးနိမ့်ခြင်း
Vol. 130 Ch. 1944
အားနည်းပုံရသော ဤအစိမ်းရောင်ဝတ်လူက ရုတ်တရက်တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဤလူသည် မည်သည့်လျှို့ဝှက်အတတ်ကိုမှ အသုံးမပြုခဲ့ဘဲ... ကျောက်ပေါက်မာနှင့် မဟူရာအင်မော်တယ်၏ ဦးခေါင်းကို ထိုးဖောက်ဖို့အတွက် သူ၏ လက်ညှိုးကိုသာ ဆန့်ထုတ်ခဲ့ခြင်းဖြစ်၏။
ထိုလက်ညှိုးထိုးချက်က အကုန်လုံးကိုယူသွားခဲ့၏။
“သူ့ကိုသတ်ကြ”
လူတိုင်းက လျင်မြန်စွာတုံ့ပြန်ပြီး အော်ဟစ်လိုက်ကြ၏။
စောစောက ဤလူများသည် ထျန်ကျစ်ရီ၏ နည်းလမ်းများမှာ တုန်လှုပ်ခဲ့ကြရ၏။ သူတို့သည် ဒေါသထွက်နေခဲ့ကြပြီး သူတို့၏ မကျေမချမ်းမှုများကို ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေ၏။
ဤအစိမ်းရောင်ဝတ်စာပေသမားက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ... သူက စောစောက အမျိုးသမီးကို ယှဥ်နိုင်မှာတဲ့လား။
လူတိုင်းသည် သူတို့၏ ဓမ္မရတနာများကို ဆင့်ခေါ်ထုတ်ပြီး လျှို့ဝှက်အတတ်များကို စုဖွဲ့ဖို့အတွက် သူတို့၏ အင်မော်တယ်ပညာရပ်များကို လှည့်ပတ်လိုက်ကြ၏။ သူတို့သည် တစ်ခုပြီးတစ်ခု လှည့်ပတ်လာကြပြီး သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးကို ဖြစ်ပေါ်လာစေ၏။
ချက်ချင်းပင် လိုဏ်ဂူတစ်ခုလုံးက တဖျတ်ဖျတ်တလက်လက် အရောင်များဖြင့် ပြည့်နှက်သွားပြီး အမြုတေချီများက တလိပ်လိပ်ထိုးတက်လာ၏။
တည်ငြိမ်သောအမူအရာနှင့်ပင် ဆူဇီမိုက ဓမ္မရတနာများနှင့် နတ်ဘုရားစွမ်းအားများကို အလွယ်တကူ ရှောင်တိမ်းကာ ဖြတ်ကျော်လာခဲ့၏။
ဖောက်...
ဆူဇီမိုက အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်ဖဝါးကို ဆန့်ထုတ်ကာ ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချ၍ ရှေ့သို့ဆက်ထွက်သွား၏။
အဆင့်-၉ မဟူရာအင်မော်တယ်၏ အကြည့်က ထုံထိုင်းသွားပြီး သူ၏ အမူအရာက ပျက်ယွင်းသွား၏။ သူ၏ အသိစိတ်က ဆူဇီမို၏ လက်ချက်ဖြင့် ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ လဲကျသွား၏။
ဘန်း...
ဖျတ်ခနဲဆို... ဆူဇီမိုက နောက်ထပ်တစ်ယောက်၏ ရင်ဘတ်ကို ပစ်တိုက်ချလိုက်၏။
ထိုမဟူရာအင်မော်တယ်က သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်းပင်လွင့်စင်ထွက်သွား၏။ လေထဲမှာရှိနေစဥ်မှာပင် သိပ်သည်းပြင်းထန်သော စွမ်းအားကို ခံနိုင်ရည်မရှိဘဲ သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းပေါက်ကွဲထွက်သွား၏။
ဖောက်...
ဆူဇီမိုက နောက်ထပ်မဟူရာအင်မော်တယ်တစ်ယောက်၏ ရင်ဘတ်ကို ပစ်ထိုးချလိုက်၏။
အစကတော့... ထိုမဟူရာအင်မော်တယ်သည် သံမဏိချပ်ဝတ်တန်ဆာတစ်ခုကို ဝတ်ဆင်ထားခဲ့၏။
သို့သော်လည်း ထိုချပ်ဝတ်က ထိုးချက်ဖြင့် ကြေမွသွားပြီး သူ၏ ရင်ဘတ်ပေါ်မှာ သွေးသံရဲရဲ အပေါက်တစ်ပေါက် ပေါ်ထွက်လာ၏။
ဆူဇီမို၏ ခန္ဓာကိုယ်က လူးလွန့်သွားပြီး လူအုပ်ကြီးထဲသို့ လှည့်ဝင်သွား၏။ သူ၏ လက်ချောင်းများ၊ လက်သည်းများ၊ လက်သီး၊ လက်ဝါး၊ လက်ဖျံ၊ တံတောင်၊ ပခုံး၊ ခြေထောက်၊ ဒူးနှင့် ခြေဖဝါး အားလုံးက သတ်ဖြတ်ခြင်းလက်နက်များဖြစ်နေ၏။
သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ ဂမ္ဘီရကျင့်စဥ်ကို ကျင့်ကြံထားခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံယူခဲ့၏။ သူသည် ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်တစ်ခုကို ထပ်တလဲလဲလေ့ကျင့်ထားခဲ့သည်မှာ ကြာခဲ့လေပြီ။
အထက်ဘံသို့ တက်လှမ်းလာပြီးနောက် ဆူဇီမိုသည် နဂါးအသူရာချောက်နက်ကြယ်မှာ နဂါးဘုရင်တစ်ပါး၏ အလောင်းနှင့်အတူ ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များကို ဆန့်ကျင်တိုက်ခိုက်ခဲ့၏။
ထိုတိုက်ပွဲအပြီး၌ ဆူဇီမိုသည် နဂါးမျိုးနွယ်၏ အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်များစွာကို သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေါင်းစည်းကာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအတွက် သင့်လျော်မည့်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့၏။
ထိုအခိုက်အတန့်မှာ ဓမ္မရတနာများ သို့မဟုတ် လက်နက်များကို အသုံးပြုခြင်းမရှိလျှင်တောင် ဆူဇီမိုသည် ရပ်တန့်၍ မရနိုင်သော လူပုံသဏ္ဌာန် လက်နက်တစ်ခုဖြစ်နေ၏။
အသက်ရှုချိန်တချို့ကြာပြီးနောက် မဟူရာအင်မော်တယ် အယောက်နှစ်ဆယ်ကျော်က နေရာမှာပင် သေဆုံးသွားပြီဖြစ်၏။
ယင်ဖေးက ဒေါသချောင်းချောင်း ထွက်သွား၏။
သူ့အနေဖြင့် ပကတိတစ်ဆယ်ငရဲမှာ ဤလူများကို စုဆောင်းဖို့က မလွယ်ကူပေ။
လမ်းတစ်လျှောက်မှာ ကမ္ဘာမြေသားရဲများ၏ လိုက်လံဖမ်းဆီးမှုနှင့် ရင်ဆိုင်ရချိန်မှာတောင် ဆုံးရှုံးမှုက ဤမျှအထိများပြားခဲ့ပေ။
ယခုတော့... အားနည်းပုံရသော ဤစာပေသမားက လိုဏ်ဂူထဲမှာ သူ၏ လူများစွာကို သတ်ဖြတ်လိုက်၏။
“မင်းကတော့... သေချင်နေပြီပဲ”
ဒေါသနှင့်အတူ ယင်ဖေးက တိုက်ခိုက်လိုက်၏။
ပကတိတစ်ဆယ်ငရဲသို့ မဝင်ရောက်ခင်က ယင်ဖေးသည် လီထျန်နှင့် ထျန်ကျစ်ရီကဲ့သို့ ဒုက္ခပေးနိုင်သည့် ကျင့်ကြံသူများကို မှတ်သားထားခဲ့ပြီး သူတို့နှင့် မတိုက်ခိမိစေရန် အတတ်နိုင်ဆုံးကြိုးစားရှောင်တိမ်းခဲ့၏။
သူသည် ဆူဇီမို၏ နာမည်ကိုတော့ တစ်ခါမှ မကြားဖူးပေ။
သူ၏ ထင်မြင်ချက်အရ ဆူဇီမိုက ဘယ်လောက်ပင် သန်မာသည်ဖြစ်စေ အကန့်အသတ်တစ်ခုရှိပေလိမ့်မည်။
ယင်ဖေးသည် အလွန်တရာမြန်ဆန်ပြီး ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာကာ ထိုသူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်၏။
သူ၏ လက်နှစ်ဖက်က အေးစက်စက်အလင်းတစ်ခုဖြင့် တောက်ပနေ၏။
သူသည် အင်မော်တယ်လင်းယုန်တစ်ကောင်၏ လက်သည်းကနေပြုလုပ်ထားသည့် လက်အိတ်တစ်စုံကို ဝတ်ဆင်ထား၏။ သူတို့က ပကတိမဟူရာအဆင့် ဓမ္မရတနာများဖြစ်လေသည်။
လက်အိတ်မှ လက်သည်းချွန်တစ်ခုချင်းစီက လင်းယုန်တစ်ကောင်၏ လက်သည်းကဲ့သို့ ထက်ရှပြီး ကျားများ၊ ကျားသစ်များကိုပင် ဆုတ်ဖြဲပစ်နိုင်၏။
ဆူဇီမို၏ ခန္ဓာကိုယ်က ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ထိုသူသည် သူ၏ လင်းယုန်လက်သည်းချက်များကို ခုခံနိုင်မှာ မဟုတ်ဟု ယင်ဖေးက ယုံကြည်လေသည်။
“အချိန်ကိုက်ပဲ... ငါကလည်း မင်းဆီလာမလို့”
အေးစက်စွာလှောင်ရယ်ရင်း ဆူဇီမိုက ဆင်းသက်လာသောလင်းယုန်လက်သည်းများကို ရှောင်တိမ်းခြင်းမရှိဘဲ သူတို့ကို သူ၏ လက်နှစ်ဖက်နှင့်အတူ ရုတ်တရက်ခံယူလိုက်၏။
“မင်းက... မင်းရဲ့ခန္ဓာကိုယ်နဲ့ ငါ့ရဲ့လင်းယုန်လက်သည်းတွေကို ထိပ်တိုက်ရင်ဆိုင်ချင်တာလား... မင်းက တော်တော်ဘဝင်မြင့်နေတဲ့ကောင်ပဲ”
ယင်ဖေး၏ မျက်လုံးများက ကြမ်းကြုတ်ခက်ထန်စွာ တောက်ပလာ၏။
ဘန်း...
လင်းယုန်လက်သည်းများက ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်ပြီး တစ်ချိန်တည်းမှာပင် ခွန်အားကို စိုက်ထုတ်လိုက်၏။
ရုတ်တရက်ဆိုသလို...။
ယင်ဖေး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ထက်ရှသောလင်းယုန်လက်သည်းများက ဆူဇီမို၏ အသားကို ထိုးဖောက်နိုင်ခြင်း မရှိပေ။
ထိုမျှသာမက တစ်ဘက်လူ၏ လက်ဖဝါးက သံမဏိညှပ်တစ်စုံကဲ့သို့ ဖြစ်ပြီး သူ၏ လင်းယုန်လက်သည်းလက်အိတ်များနှင့် ထိခတ်မိချိန်မှာ ကြောက်စရာကောင်းသော စွမ်းအင်တစ်ခုကို ထုတ်ဖော်လိုက်၏။
ကျွိ... ကျွိ....
သူ၏ လင်းယုန်လက်သည်းလက်အိတ်နှစ်ဖက်ထံမှ ထူးဆန်းသောအသံတချို့ ထွက်ပေါ်လာ၏။
ယင်ဖေး၏ မျက်လုံးက ပြူးကျယ်သွား၏။
သူ၏ ရှေ့မှောက်မှာပင် လင်းယုန်လက်သည်းလက်အိတ်နှစ်ဖက်က ဆူဇီမို၏ လက်ဖဝါးထဲမှာ တဖြည်းဖြည်းပုံပျက်သွား၏။
သူက သူ၏ လက်သီးနှစ်ဖက်ထံမှ စူးရှသောနာကျင်မှုတစ်ခုစီကို ခံစားလိုက်ရ၏။
ဖျောက်...
ခပ်ထိုင်းထိုင်းအသံတစ်သံ ထွက်ပေါ်လာ၏။
လင်းယုန်လက်သည်းလက်အိတ်တစ်စုံက ဆူဇီမို၏ ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
ယင်ဖေး၏ လက်သီးက သူ၏ လက်အိတ်နှစ်ဖက်နှင့်အတူ သွေးမြူတစ်ခုအဖြစ်ပေါက်ကွဲထွက်သွား၏။
ယခုအချိန်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် မူလမဟူရာအဆင့် ဓမ္မရတနာများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်တောင် မမှုပေ။
“အား...”
ယင်ဖေးက စူးစူးဝါးဝါးအော်ဟစ်ပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာပြီး သူ၏ ဒဏ်ရာများကို လျစ်လျူရှုကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လိုဏ်ဂူထဲကနေ ပြေးထွက်လိုက်၏။
ယင်ဖေး၏ နောက်ဘက်မှာ ဧရာမလင်းယုန်တောင်ပံတစ်စုံပေါ်ထွက်လာပြီး သူကလိုဏ်ဂူ၏ ဝင်ပေါက်ဝဆီသို့ ပျံသန်းသွား၏။
သူကမြန်ဆန်သော်လည်း ဆူဇီမိုက ပို၍ပင်မြန်ဆန်လေသည်။
ကန့်သတ်မဲ့ရွှေအလင်း၊ ကောင်းကင်ဘုံခြေလှမ်းနှင့် ဆန်းကြယ်တောင်ပံများက တစ်ချိန်တည်းမှာရုန်းကန်ထွက်ပေါ်လာ၏။ တစ်ခဏချင်းနီးပါးမှာပင် ဆူဇီမိုက ယင်ဖေးကိုလိုက်မီသွားပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့်အတူ ထိုသူ၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။
သူ၏ ပြင်းထန်သောဒဏ်ရာများနှင့်အတူ အဲ့ဒါကို ခုခံနိုင်ခြင်းမရှိတော့ဘဲ ယင်ဖေးက နေရာမှာပင် သေဆုံးသွား၏။
အစကတော့... ကျန်ရှိနေသော မဟူရာအင်မော်တယ်များသည် အတူပူးပေါင်း၍ ဆက်လက်တိုက်ခိုက်ချင်ပြ၏။
သို့သော်လည်း ထိုသည်ကိုတွေ့မြင်သောအခါ လူတိုင်းက လိပ်ပြာလွင့်မတတ်ကြောက်လန့်သွားကြသည်။
ယင်ဖေးသည် ပကတိတစ်ဆယ်ငရဲမှာ ထိပ်သီးပညာရှင်များထဲမှ တစ်ဦးဖြစ်၏။
မဟုတ်ပါက သူသည် ထိုလူများကို အမိန့်ပေးစေခိုင်းနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယင်ဖေးသည် အစိမ်းရောင်ဝတ်အမျိုးသားနှင့်ရင်ဆိုင်ရချိန်မှာ သုံးချီထက် ပိုမခံနိုင်ခဲ့ပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ယင်ဖေး၏ လင်းယုန်လက်သည်းများက ထိုသူ၏ လက်ဖဝါးဖြင့် ခြေမွှခံလိုက်ရခြင်းပင်။
သူ၏ ခွန်အားနှင့် နည်းလမ်းများက ကျင့်ကြံသူများစွာ၏ စဥ်းစားတွေးတောနိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ထိုသူက ထျန်ကျစ်ရီထက်ပင် ပို၍ကြောက်စရာကောင်းသော လူတစ်ယောက်ဖြစ်နေ၏။
“ပြေးကြတော့”
ကျန်ရှိနေသော မဟူရာအင်မော်တယ်များက အရေးနိမ့်စွာဖြင့် လူစုခွဲ၍ ပြေးထွက်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင်.. မြို့ဝန်မင်းဂေဟာတွင်...။
မင်းသားယွမ်ကျောက ရုတ်တရက်ပြောလိုက်၏။
“ယင်ဖေးက သေသွားပြီ”
“ဟမ်...”
မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များမှာ အိုးတိုးအမ်းတမ်းအမူအရာများ ဖြစ်ပေါ်လာကြ၏။
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်၏ အဆင့်-၈ နေရာတွင်ရှိသော ယင်ဖေး၏ အမည်က တဖြည်းဖြည်း မှိန်ဖျော့ကာ ပျောက်ကွယ်သွား၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြုံးလိုက်လေသည်။
“စိတ်ဝင်စားဖို့ကောင်းလာပြီ”
သိပ်မကြာခင် မဟူရာအင်မော်တယ်များက လိုဏ်ဂူထဲကနေ ထွက်ပြေးလာကြ၏။
သူတို့အားလုံးသည် အလွန်တရာကြောက်စရာကောင်းသော တစ်စုံတစ်ရာနှင့် တွေ့ကြုံခဲ့ရသည့်အလား ထိတ်လန့်ချောက်ချားနေကြဆဲ ဖြစ်၏။
မဟူရာအင်မော်တယ်များသည် အလုအယက်ပြေးထွက်လာကြပြီး နောက်ပြန်လှည့်ကြည့်ချင်းမရှိဘဲ ခြေဦးတည့်ရာထွက်ပြေးကုန်ကြ၏။
လိုဏ်ဂူထဲမှာ အခြားမည်သူမှ မရှိတော့ပေ။
“ဆူဇီမိုက အသက်ရှင်နေသေးတာလား”
ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က အံအားသင့်သွား၏။
မင်းသားယွမ်ကျောက ခေါင်းညိတ်လိုက်ပြီး သူ၏ မေးကို ပွတ်သပ်ကာ လိုဏ်ဂူကို အတွေးနက်စွာဖြင့် စိုက်ကြည့်နေ၏။
“မင်းက ဘယ်လောက်ကြာကြာ ပုန်းကွယ်နိုင်မလဲ... ငါ့ကိုဘယ်လိုအံ့အားသင့်မှုတွေပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”
သူက ဆူဇီမိုနှင့် ပတ်သက်၍ သိချင်စိတ်ပြင်းပြလာခဲ့ပြီဖြစ်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က မင်းသားယွမ်ကျော၏ စိတ်ဆန္ဒကို ခံစားမိသွားပြီး ခပ်တိုးတိုးပြောလိုက်၏။
“မင်းသား... ဆူဇီမိုကို ခေါ်ထုတ်လာဖို့အတွက် ကျုပ်ကိုယ်တိုင်သွားလိုက်ရမလား”
“မလိုပါဘူး”
မင်းသားယွမ်ကျောက လက်ကာပြလိုက်၏။
“သူက ပကတိတစ်ဆယ်ငရဲမှာရှိနေသေးသရွေ့ သူက ငါ့ရဲ့ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”