← Chapters

လေဟစ်ကြွေးဝင်္ကပါ

Vol. 130 Ch. 1945

လေဟစ်ကြွေးဝင်္ကပါ

Vol. 130 Ch. 1945

လိုဏ်ဂူအတွင်းတွင်...။

ဆူဇီမိုသည် ကျန်ရှိနေသော မဟူရာအင်မော်တယ်များနောက်သို့ ပြေးလိုက်သွားခြင်း မရှိပေ။

ထိုအစား သူက တိုက်ပွဲနေရာကို ရှင်းလင်းလိုက်၏။

မဟူရာအင်မော်တယ်များ၏ သိုလှောင်အိတ်များထဲမှာ မည်သည့်ရတနာမှ မရှိပေ။ သူတို့အများစုက အမြုတေချီကို ပြန်လည်ဖြည့်တင်းနိုင်သောဆေးလုံးများဖြစ်ပြီး ဆူဇီမိုက အဲ့ဒါတွေကိုအလွယ်တကူ သိမ်းဆည်းလိုက်၏။

ဆူဇီမိုသည် အခြားတစ်စုံတစ်ရာကို သတိထားမိလိုက်၏။

သေဆုံးသွားသော မဟူရာအင်မော်တယ်များ၏ အမဲလိုက်တံဆိပ်ပြားများပေါ်မှာ ရေးထိုးထားသောအမည်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူ့အမဲလိုက်တံဆိပ်ပြား၏ တစ်ဘက်ခြမ်းမှာ ၂၉ ဟူသောဂဏန်းက ပေါ်ထွက်လာခဲ့၏။

သူသည် ယခုတင် လူ၂၉ ယောက်ကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

အမဲလိုက်တံဆိပ်ပြားနှင့် ပတ်သက်၍ တစ်နည်းတစ်ဖုံထူးဆန်းနေသည်ကို ဆူဇီမိုက အာရုံခံမိ၏။ သို့သော်လည်း သူက အဲ့ဒါကို အလွယ်တကူလွှင့်မပစ်နိုင်ပေ။

ပကတိတစ်ဆယ်ငရဲတွင်... အမဲလိုက်တံဆိပ်ပြား ဆုံးရှုံးသွားသည့် မည်သူ့ကိုမဆို... အမဲလိုက်အဆင့်သတ်မှတ်ချက်က အာရုံခံပြီး အပြစ်ပေးမည်ဖြစ်သောကြောင့်ပင်။

ဆူဇီမိုသည် ဤကဲ့သို့သော စိတ်အာရုံကို မဆွဲဆောင်လိုပေ။

သူက ပကတိတစ်ဆယ်ဝင်္ကပါသို့ သွားရောက်ချင်သည်ဆိုလျှင် သူသည် အပြင်ဘက်ရှိ တံလျှပ်မျက်လုံး၏ စောင့်ကြည့်မှုကနေ ရှောင်လွှဲဖို့ အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်၏။

သူက ပကတိတစ်ဆယ်ဝင်္ကပါထံသို့ သွားရောက်ချဥ်းကပ်နေသည်ကို အပြင်ဘက်ရှိ မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များက တွေ့မြင်မည်ဆိုလျှင် သူတို့က တစ်စုံတစ်ရာကို သတိထားမိသွားပြီး အခြေအနေက ပြောင်းလဲသွားနိုင်၏။

ဆူဇီမိုသည် ပကတိတစ်ဆယ်ဝင်္ကပါကို အရင်က မတွေ့မြင်ဖူးပေ။ ထို့ကြောင့် သူသည် ဖြေရှင်းချက်တစ်စုံတစ်ရာကို စဥ်းစားတွေးတောနိုင်ခြင်း မရှိပေ။

ယခုအချိန်မှာ သူ၏ ပထမဆုံးခြေလှမ်းသည် တံလျှပ်မျက်လုံး၏ စောင့်ကြည့်မှုကိုရှောင်လွှဲပြီး ပကတိတစ်ဆယ်ဝင်္ကပါသို့ သွားရောက်ဖို့ဖြစ်၏။

လိုဏ်ဂူ၏ ဝင်ပေါက်ဝသို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် ခဏမျှအာရုံခံကြည့်ကာ သုန်မှုန်နေသောအမူအရာနှင့်အတူ နောက်သို့ပြန်ဆုတ်သွား၏။

လိုဏ်ဂူထဲက မထွက်ခင်မှာပင် သူသည် တံလျှပ်မျက်လုံး၏ စောင့်ကြည့်မှုကို ခံစားမိနေပြီဖြစ်၏။

မြို့တော်အရှင်ဂေဟာကနေ လူတချို့က သူ့ကိုစောင့်ကြည့်နေသည်ဟု အဓိပ္ပါယ်ရ၏။

“ငါက ပစ်မှတ်ထားခံနေရပြီပဲ”

ဆူဇီမို၏ မျက်လုံးက အတွေးနက်စွာ တဖျတ်ဖျတ်လက်သွား၏။

မြို့တော်အရှင်ဂေဟာမှာ ဖြစ်ပျက်နေသည့်အရာများကို သူမသိသော်လည်း စောစောက သူ၏ တိုက်ခိုက်မှုသည် အခြားသူများ၏ စိတ်အာရုံကို ဆွဲဆောင်မိခဲ့နိုင်ကြောင်း သူကခန့်မှန်းမိ၏။

ဆူဇီမိုသည် ထွက်ခွာဖို့အတွက် အလောတကြီးရှိမနေပေ။ ထိုအစား သူက လိုဏ်ဂူထဲသို့ ပြန်ဝင်လာပြီး အဲ့ဒါကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။

ဤနေရာမှာ ထွက်စရာအပေါက်တစ်ပေါက်သာလျှင် ရှိလေသည်။

ဒါ့အပြင် အထက်ဘုံရှိတောင်တန်းများက မာကြောပြီး မြေပြင်က ခိုင်မာလေသည်။ သူ၏ ခွန်အားက အဲ့ဒါကို ကိုင်လှုပ်ဖို့ မလုံလောက်ပေ။

သူက အပေါက်တစ်ပေါက်ကို ဖောက်လုပ်မည်ဆိုလျှင်တောင် ၎င်းသည် အတော်လေးရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး တံလျှပ်မျက်လုံး၏ စောင့်ကြည့်မှုကနေ ရှောင်လွှဲနိုင်လိမ့်မည် မဟုတ်ပေ။

အတန်ကြာအောင် စဥ်းစားချင့်ချိန်ပြီးနေက် ဆူဇီမိုက တင်ပျဥ်ခွေထိုင်ချကာ အနားယူဖို့အတွက် သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

သူသည် အဖြေတစ်ခုကို တွေးမိနေပြီဖြစ်၏။

သို့သော်လည်း သူသည် အခွင့်အရေးကောင်းတစ်ရပ်ကို စောင့်ဆိုင်းရပေမည်။

အချိန်က တဖြည်းဖြည်းကုန်ဆုံးသွားပြီး အပြင်ဘက်ရှိသတ်ဖြတ်မှုများက ပိုမိုကြမ်းတမ်းလာကာ သွေးနံ့က မွှန်ထူလာခဲ့၏။

ဆူဇီမိုသည် ထွက်ခွာဖို့ စိတ်ကူးမရှိသည့်အလား လိုဏ်ဂူထဲမှာ တိတ်တဆိတ်ထိုင်နေ၏။

သူထင်ထားသည့်အတိုင်းပင် မြို့တော်အရှင်ဂေဟာမှာ မင်းသားယွမ်ကျောနှင့် ပကတိအင်မော်တယ်ကျင်းယွဲ့တို့သာလျှင်မက အခြားသော မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များကပါ သူ့ကိုသတိထားမိနေကြပြီဖြစ်၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းက စိတ်ရှည်နိုင်စွမ်း တဖြည်းဖြည်း ကုန်ဆုံးလာကြ၏။

အခြားနေရာများမှာ တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းနေပြီး ထိုနေရာမှာက တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းသည် နက်မှောင်နေသော တွင်းပေါက်ကို အမြဲတမ်းစောင့်ကြည့်မနေနိုင်ပေ။ အချိန်အတော်ကြာပြီးနောက် တစ်စုံတစ်ယောက်က ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

မြို့တော်အရှင်များနှင့် အဆင့်မြင့်အင်မော်တယ်များကလည်း အခြားသောကျင့်ကြံသူများထံသို့ သူတို့၏ စိတ်အာရုံကို ရွှေ့ပြောင်းလိုက်ကြပြီဖြစ်၏။

ညအချိန်သို့ ရောက်ရှိလာခဲ့၏။

မင်းသားယွမ်ကျောကလည်း ပင်ပန်းလာခဲ့ပြီဖြစ်၏။

သူက ဆူဇီမိုကိုဘယ်လောက်ပဲ စိတ်ဝင်စားသည်ဖြစ်စေ... ဘယ်လောက်ပင်စူးစမ်းလိုသည်ဖြစ်စေ သူက ထိုနေရာကို တစ်ချိန်လုံး စောင့်ကြည့်မနေနိုင်ပေ။

“အဲ့ဒီလူက လိုဏ်ဂူထဲမှာ ဒီလောက်အကြာကြီးပုန်းကွယ်နေပြီးတော့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ “

မင်းသားယွမ်ကျောက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။

“အရှင်မင်းသား... ကျုပ်တို့က အဲ့ဒီနေရာကို တစ်ချိန်လုံး စောင့်ကြည့်နေစရာမလိုပါဘူး... ကျုပ်တို့က ရံဖန်ရံခါတစ်ချက်လောက်ကြည့်လိုက်ရင်ရပါပြီ... နောက်ပြီး အဲ့ဒီလူက လိုဏ်ဂူထဲကနေ ထွက်ခွာမယ်ဆိုရင် သူက တံလျှပ်မျက်လုံးကနေ ပုန်းကွယ်နိုင်မှာ မဟုတ်ဘူး”

မင်းသားယွမ်ကျောက ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေစဥ် သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်က လိုဏ်ဂူထဲရှိ မြေမှုန်များကြားကနေ ဖြည်းဖြည်းချင်းတွားသွားကာ အပြင်ဘက်သို့ ထွက်လာခဲ့၏။

ထိုပုရွက်ဆိတ်ကိုလည်း တံလျှပ်မျက်လုံးက စောင့်ကြည့်နေ၏။

သို့သော်လည်း ပကတိတစ်ဆယ်ငရဲ၏ နေရာတိုင်းမှာ သွေးသံရဲရဲတိုက်ပွဲများ ဖြစ်ပွားနေ၏။

ဤကဲ့သို့ အစက်အပြောက်တစ်ခုကဲ့သို့ သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်ကို ဘယ်သူက စိတ်အာရုံစိုက်ပါ့မလဲ။

တစ်ယောက်ယောက်က အဲ့ဒါကိုတွေ့မြင်မည်ဆိုလျှင်တောင် သူတို့က အဲ့ဒါကို အတည်အတံ့ မှတ်ယူလိမ့်မည် မဟုတ်ပေ။

ပုရွက်ဆိတ်က ဖြည်းဖြည်းချင်းတွားသွားပြီး သိပ်မကြာခင် ၎င်းသည် ရှေးဟောင်းသစ်ပင်၏ အောက်သို့ ရောက်ရှိလာ၏။

သေးငယ်သောပုရွက်ဆိတ်က ခြောက်သွေ့နေသော သစ်ရွက်တစ်ရွက်အောက်မှာ ပုန်းကွယ်လိုက်၏။

ရုတ်တရက်... ပုရွက်ဆိတ်ထံမှ နတ်ဘုရားစွမ်းအားတစ်ခုက ဖြာထုတ်လာ၏။

အဲ့ဒီနောက် ခြောက်သွေ့နေသောသစ်ရွက်က ကြွတက်လာပြီး ပုရွက်ဆိတ်က ပျောက်ကွယ်သွား၏။ ၎င်း၏ နေရာမှာ မွေးကင်းစကလေးငယ်တစ်ယောက်၏ လက်တစ်ဖဝါးအရွယ်လောက်ရှိသော လိပ်ပြာတစ်ကောင်ပေါ်ထွက်လာပြီး ပကတိတစ်ဆယ်ဝင်္ကပါရှိရာသို့ ပျံသန်းသွား၏။

ပကတိတစ်ဆယ်ဝင်္ကပါသည် သက်ရှိများစွာနှင့်အတူ သူ့ကိုယ်ပိုင်လောကတစ်ခုဖြစ်ပေါ်နေ၏။

ဤလိပ်ပြာက ပကတိတစ်ဆယ်ငရဲမှ တွေ့မြင်ရလေ့ရှိသော သတ္တဝါတစ်ကောင်သာဖြစ်၏။

သို့သော်လည်း စောစောကပုရွက်ဆိတ်ဖြစ်စေ... ယခုလိပ်ပြာဖြစ်စေ... သူတို့ကို အဆင့်မြင့်နတ်ဘုရားစွမ်းအား အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကနေ ဆူဇီမိုက ဆင့်ခေါ်ထားခြင်းဖြစ်၏။

အသွင်ပြောင်းလဲခြင်း ၃၆ မျိုးက သာမန်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး အသက်ဓာတ်မရှိသော သဲများ၊ ကျောက်တုံးများနှင့် ရွှံ့ခဲများအဖြစ်သာ အသွင်ပြောင်းလဲနိုင်၏။

အသွင်ပြောင်းလဲခြင်း ၇၂ မျိုးက အဆင့်မြင့်နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ပန်းများ၊ သစ်ပင်များ၊ ငှက်များနှင့် တောကောင်များအဖြစ် အသွင်ပြောင်းလဲနိုင်၏။

ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုသည် သာမန်နတ်ဘုရားစွမ်းအားများနှင့် အဆင့်မြင့်နတ်ဘုရားစွမ်းအားများစွာကို နားလည်ဆင်ခြင်ခဲ့၏။ အသွင်ပြောင်လဲခြင်း ၇၂ မျိုးကလည်း သူတို့ကြားမှာ ပါဝင်လေသည်။

ဆူဇီမိုသည် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုက မဟူရာအမြုတေနယ်ပယ်ကို ချိုးဖျက်ကာ ကမ္ဘာမြေနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ ပင်ကိုနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် သူသည် အဆင့်မြင့်နတ်ဘုရားစွမ်းအားများကို အသုံးပြုနိုင်နေပြီဖြစ်၏။

တကယ်တော့... သတိထားသည့်အနေဖြင့် ဆူဇီမိုသည် လိုဏ်ဂူထဲမှာ ရည်ရွယ်ချက်ရှိရှိ တစ်ညလုံး အချိန်ဖြုန်းနေခဲ့၏။ အဆင့်မြင့်အင်မော်တယ်များနှင့် မြို့တော်အရှင်များ စိတ်ရှည်နိုင်စွမ်းကုန်ဆုံးသည်အထိ စောင့်ဆိုင်းပြီးမှသာ သူက အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကို အသုံးပြုကာ သေးငယ်သောပုရွက်ဆိတ်တစ်ကောင်အဖြစ် ထွက်ခွာလာခဲ့ခြင်းဖြစ်၏။

လိုဏ်ဂူ၏ အပြင်ဘက်သို့ ရောက်ရှိလာပြီးနောက် သူ၏ အမြန်နှုန်းကို တိုးမြှင့်ရန် လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲပြီး ပကတိတစ်ဆယ်ဝင်္ကပါရှိရာသို့ ပျံသန်းသွား၏။

အရာရာတိုင်းက တံလျှပ်မျက်လုံး၏ အောက်မှာ ဖြစ်ပွားနေ၏။

သို့သော်လည်း ဆူဇီမိုသည် အဆင့်မြင့်နတ်ဘုရားစွမ်းအား အသွင်ပြောင်းလဲခြင်း ၇၂ မျိုးကို ထုတ်ဖော်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

အသွင်ပြောင်းလဲခြင်း ၇၂ မျိုးနှင့်ပင်လျှင် ဆူဇီမိုသည် စိတ်အာရုံစိုက်မိနိုင်စရာဖြစ်သော ကြီးမားသည့်သတ္တဝါတစ်ကောင်အဖြစ် အသွင်ပြောင်းလဲရဲခြင်း မရှိပေ။

သူသည် သူ၏ စိတ်အာရုံအသိစိတ်နှင့်အတူ ကျင့်ကြံသူအချို့နှင့် ကမ္ဘာမြေသားရဲများကို ရှောင်ကွင်းကာ ရှေ့သို့ဆက်တက်လာခဲ့၏။ နေ့တစ်ဝက်မကြာခင်မှာပင် သူက သူလိုရာခရီးသို့ ရောက်ရှိလာခဲ့၏။

အဲ့ဒီမှာ စိမ်းစိုလန်းဆန်းသော ရှေးဟောင်းသစ်ပင်များ မြင့်မားစွာပေါက်ရောက်နေသော အဆုံးမဲ့တောအုပ်တစ်ခုရှိနေ၏။ သို့သော်လည်း တောအုပ်၏ အလယ်မှာ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ကြီးမားသော တားမြစ်ကုန်းမြေတစ်ခုရှိနေပြီး မည်သည့်သက်ရှိကမှ ထိုအနားသို့ မချဥ်းကပ်ရဲပေ။

တစ်ချက်ကြည့်မည်ဆိုလျှင် တားမြစ်ကုန်းမြေက ဗလာကျင်းနေသည်ဟုထင်ရ၏။

သို့သော်လည်း ထိုတားမြစ်ကုန်းမြေမှာ အစီအရင်ဝင်္ကပါတချို့၏ အငွေ့အသက်ရှိနေသည်ကို ဆူဇီမိုက တွေ့မြင်နေရ၏။

အဲ့ဒါသည် ပကတိတစ်ဆယ်ငရဲ၏ ဗဟိုချက် ပကတိတစ်ဆယ်ဝင်္ကပါဖြစ်၏။

ဆူဇီမိုက အနားသို့ ချဥ်းကပ်ရဲခြင်း မရှိပေ။ ဘေးနားအစပ်မှာရစ်ဝဲနေရင်း သူသည် ပကတိတစ်ဆယ်ဝင်္ကပါကနေ ထုတ်ဖော်ထားသည့် ကြောက်စရာကောင်းသော အော်ရာကို ခံစားမိနေပြီဖြစ်၏။

သူသည် ပကတိတစ်ဆယ်ဝင်္ကပါ၏ လမ်းကြောင်းအငွေ့အသက်များကို စေ့စေ့စပ်စပ်အကဲဖြတ်ရင်း သူ၏ လိပ်ပြာသွင်ပြင်ကို ထိန်းသိမ်းထား၏။

သို့သော်လည်း တစ်နာရီကြာအောက်ကြည့်ရှုပြီးနောက် သူသည် ခေါင်းကိုက်လာပြီး မည်သည့်သဲလွန်စကိုမှ မရရှိပေ။

အဲ့ဒါက အရမ်းကိုရှုပ်ထွေးလွန်း၏။

သူသည် ဝင်္ကပါဆယ်ခုကို မပြောနှင့် အင်မော်တယ်ဝင်္ကပါတစ်ခုကိုပင် ဘယ်လိုကိုင်​တွယ်ရမည် မသိပေ။

ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာတစ်ခုကို ထုတ်ယူကာ ရှေ့တည့်တည့်မှာရှိသော တားမြစ်ကုန်းမြေထဲသို့ ​ပစ်ထည့်လိုက်၏။

ရုတ်တရက်...ရိုင်းစိုင်းသောလေပြင်းတစ်ခုက ဗလာကျင်းနေသောတားမြစ်ကုန်းမြေ၏ အထက်မှာ အော်မြည်တိုက်ခတ်လာ၏။

ဆူဇီမို၏ ရှေ့မှောက်မှာပင် ကြီးမားသောအနက်ရောင်လေက မြေပြင်ကနေတက်လာပြီး ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာကို ချက်ချင်းပင် ဝါးမျိုပစ်လိုက်၏။

တစ်ခဏချင်းမှာပင် အနက်ရောက်လေက ပျက်ပြယ်သွား၏။

ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာကတော့ ၎င်းသည် အနက်ရောက်လေဖြင့် ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

သူထင်တာမမှားဘူးဆိုလျှင် ရှေ့မှာရှိသောဧရိယာက လေဟစ်ကြွေးဝင်္ကပါဖြစ်ရပေမည်။

ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆူဇီမိုသည် နဂါးအသူရာချောက်နက်ကြယ်ရှိ အသူရာချောက်နက်ထဲကနေ သူကောက်ယူလာခဲ့သည့် ကမ္ဘာမြေအဆင့် ဓမ္မရတနာတစ်ခုကို ထုတ်ယူကာ လေဟစ်ကြွေးဝင်္ကပါထဲသို့ ပစ်ထည့်လိုက်၏။

နောက်ထပ် အနက်ရောင်လေက ပေါ်ထွက်လာပြီး ကမ္ဘာမြေအဆင့် ဓမ္မရတနာကိုဝါးမျိုပစ်လိုက်၏။

အသက်တစ်ရှိုက်စာမပြည့်ခင်မှာပင် အနက်ရောင်လေကပျက်ပြယ်သွားပြီး ကမ္ဘာမြေအဆင့် ဓမ္မရတနာသည် သတ္တုစများအဖြစ်ကြေမွကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွား၏။

ဆူဇီမိုက တိတ်တဆိတ်ထိတ်လန့်သွား၏။

လေဟစ်ကြွေးဝင်္ကပါ၏ စွမ်းအားအရ အထဲသို့ အတင်းအကျပ်ဝင်ရောက်မည်ဆိုလျှင် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အသက်တစ်ရှိုက်စာအတွင်းမှာပင် ကြေမွပျက်စီးသွားပေလိမ့်မည်။

All Chapters