ဝင်္ကပါကိုစိန်ခေါ်ခြင်း
Vol. 130 Ch. 1946
ဖြစ်စဥ်တစ်လျှောက်လုံးတွင် ပကတိတစ်ဆယ်ဝင်္ကပါမှာ အမျိုးမျိုးသောပြောင်းလဲမှုများ ဖြစ်ပေါ်လာသော်လည်း မိုးကောင်းကင်ထက်ရှိ တံလျှပ်မျက်လုံးက အဲ့ဒါကို သတိမထားမိသည့်ပုံပင်။
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။ သူ့မှာ ဝင်္ကပါကိုချေဖျက်နိုင်စရာနည်းလမ်း မရှိပေ။
သူက ဝင်္ကပါကို မချေဖျက်နိုင်ဘူးဆိုမှတော့ ထိုအထဲသို့ အတင်းအကျပ်ဝင်ရောက်နိုင်မည့် နည်းလမ်းတစ်ခုကို စဥ်းစားရပေမည်။ သူ့မှာ လေဟစ်ကြွေးဝင်္ကပါ၏ စွမ်းအားကို ခုခံနိုင်ကောင်း ခုခံနိုင်မည့် ရတနာတစ်ခုရှိ၏။
ငရဲဖိနှိမ်မီးဖို...။
ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ငရဲဖိနှိမ်မီးဖိုက သူ၏ အသိစိတ်ထဲကနေ ပျံသန်းလာကာ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လေဟစ်ကြွေးဝင်္ကပါထဲသို့ ဝင်ရောက်သွား၏။
ငရဲဖိနှိမ်မီးဖိုသည် လေဟစ်ကြွေးဝင်္ကပါထဲသို့ ဝင်ရောက်စဥ်မှာပင် ဝင်္ကပါက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရ၏။ ဝင်္ကပါအင်းကွက်ပေါ်ရှိအလင်းများက သိပ်သည်းစုဖွဲ့လာပြီး ရိုင်းစိုင်းသော လေပြင်းများက အော်မြည်တိုက်ခတ်လာ၏။
စောစောက အနက်ရောင်လေသည် အဘက်ဘက်ကနေ တလိပ်လိပ်ထိုးတက်လာပြီး လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေကာ ငရဲဖိနှိမ်မီးဖိုရှိရာသို့ တိုက်ခတ်လာခဲ့၏။
လေဟစ်ကြွေးဝင်္ကပါက ငရဲဖိနှိမ်မီးဖို၏ ခွန်အားကို အာရုံခံမိသွားပုံရပြီး ၎င်း၏ တုံ့ပြန်မှုက ပိုမိုပြင်းထန်လာခဲ့၏။
ဆူဇီမိုသည် လေဟစ်ကြွေးဝင်္ကပါထဲရှိ ငရဲဖိနှိမ်မီးဖိုကို စိုးရိမ်ပူပန်စွာစောင့်ကြည့်နေ၏။
အနက်ရောင်လေက အော်မြည်တိုက်ခတ်လာပြီး ငရဲဖိနှိမ်မီးဖိုကို ချက်ချင်းပင် ဆွဲယူနှစ်မြှုပ်လိုက်၏။
ရိုင်းစိုင်းသောလေက ဆေဘာတစ်လက်ကဲ့သို့ဖြစ်ပြီး အလွန်တရာထက်ရှနေ၏။ ၎င်းက ငရဲဖိနှိမ်မီးဖိုကို တိုက်ခတ်သောအခါ သတ္တုချင်းထိခတ်သံကဲ့သို့ တချွင်ချွင်အသံများထွက်ပေါ်လာ၏။
ရုတ်တရက်... ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုက လေဟစ်ကြွေးဝင်္ကပါ၏ အနက်ပိုင်းထဲသို့ ဆွဲယူခံနေရသည်ကို အာရုံခံမိလိုက်၏။
“မကောင်းတော့ဘူး”
ဆူဇီမိုက ထိတ်လန့်သွားပြီး ငရဲဖိနှိမ်မီးဖိုကို အလောတကြီး ပြန်လည်ဆွဲယူလိုက်၏။
လေဟစ်ကြွေးဝင်္ကပါထဲမှာ ရိုင်းစိုင်းသောလေသည် အလွန်တရာကြမ်းကြုတ်ခက်ထန်သောပုံစံဖြင့် အော်မြည်ဆိုက်ခတ်နေ၏။
ခဏကြာပြီးနောက် အရာရာတိုင်းက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုကို ကြည့်လိုက်၏။
ငရဲဖိနှိမ်မီးဖိုသည် ထိခိုက်မှုများစွာမရှိဘဲ အနက်ရောင်လေများက ၎င်းပေါ်မှာ မည်သည့်အမှတ်သားကိုမှ မကျန်ရစ်ခဲ့စေပေ။
ကောင်းဘုံဝံပုလွေပြောပုံအရ အဲ့ဒါသည် တစ်ခါက ခေတ်တစ်ခေတ်ကိုဖန်တီးခဲ့သော ဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့၏။။
ဧကရာဇ်လက်နက်တစ်ခုက ချို့ယွင်းပျက်စီးနေသည်ဆိုလျှင်တောင် ၎င်းကိုဖျက်ဆီး၍ မရနိုင်ပေ။
သို့သော်လည်း ဆူဇီမိုအနေဖြင့် ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်ကာ လေဟစ်ကြွေးဝင်္ကပါထဲသို့ အတင်းဝင်ရောက်ဖို့က စိတ်ကူးယဥ်ဆန်လွန်းနေ၏။
ငရဲဖိနှိမ်မီးဖိုက ဧကရာဇ်လက်နက်တစ်ခုဖြစ်သော်လည်း ၎င်းက ချိပ်ပိတ်ထားသော နေရာလွတ်ဓမ္မလက်နက်တစ်ခု မဟုတ်ပေ။
ရိုင်းစိုင်းသောလေပြင်း၏ စွမ်းအားက အဘက်ဘက်ကနေ စိမ့်ဝင်ထိုးဖောက်နေပြီး အပေါ်ကနေတစ်ဆင့် မီးဖိုထဲသို့ ဝင်ရောက်လာနိုင်၏။ သူက အဲ့ဒါကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
မဟူရာတွင်းနက်ထဲမှာတုန်းက သူသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့်အတူ မီးဖို၏ နှုတ်ခမ်းဝကို ချိပ်ပိတ်ထားနိုင်ခဲ့၏။
အကြောင်းမှာ မဟူရာတွင်းနက်သည် ငရဲဖိနှိမ်မီးဖိုကို ဝါးမျိုနိုင်ခြင်းမရှိသောကြောင့် ၎င်းသည်အထဲမှာရှိသော ဆူဇီမိုကိုလည်း မဝါးမျိုနိုင်ခဲ့ပေ။
သို့သော်လည်း လေဟစ်ကြွေးဝင်္ကပါအတွင်းမှာက ထိုကဲ့သို့ပြုလုပ်၍ ရနိုင်မည် မဟုတ်ပေ။
ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာက ဖန်တီးခြင်းကြာပဒုမ္မာကနေဆင်းသက်လာသော မူပိုင်ဓမ္မရတနာတစ်ခုဖြစ်၏။ ထိုဓမ္မရတနာ၏ စွမ်းအားက သူ၏ ကျင့်ကြံမှုနှင့်အတူသာ တိုးမြင့်လာမည်ဖြစ်၏။
ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာသည် လေဟစ်ကြွေးဝင်္ကပါထဲမှာ ပျက်စီးထိခိုက်မှုရှိချင်မှရှိမည်ဖြစ်သော်လည်း ၎င်းသည် ရိုင်းစိုင်းသောလေပြင်းများ၏ စွမ်းအားကို ခုခံပေးနိုင်ချင်မှ ခုခံပေးနိုင်လိမ့်မည်။
ရိုင်းစိုင်းသောလေပြင်းများက ကြမ်းကြုတ်ခက်ထန်ပြီး အဘက်ဘက်ကနေစိမ့်ဝင်ထိုးဖောက်နိုင်၏။ ထိုအချိန်မှာ ၎င်းသည် ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာကို ချိုးဖျက်ပြီး မီးဖိုထဲသို့ဝင်ရောက်လာပါက သူကသေချာပေါက်သေရပေလိမ့်မည်။
ဆူဇီမိုသည် ခဏမျှစဥ်းစားတွေးတောပြီးနောက် သူ၏ တောင်ပံများကိုခတ်ကာ ပကတိတစ်ဆယ်ဝင်္ကပါ၏ အစပ်ကနေပျံသန်းလာ၏။
သိပ်မကြာခင်သူက နောက်ထပ်ဧရိယာတစ်ခုသို့ရောက်ရှိလာ၏။
ဤဧရိယာက စောစောက လေဟစ်ကြွေးဝင်္ကပါနှင့် လုံးဝကွဲပြားခြားနားနေ၏။ သူထင်တာမမှားဘူးဆိုလျှင် အဲ့ဒါသည် ပကတိတစ်ဆယ်ဝင်္ကပါ၏ နောက်ထပ်အင်မော်တယ်ဝင်္ကပါတစ်ခုဖြစ်ရပေမည်။
အင်မော်တယ်ဝင်္ကပါ၏ မြေပြင်က နီရဲနေပြီး ညှီစို့စို့ သွေးနံ့တစ်ခုကို ထုတ်ဖော်ပေးနေ၏။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် သူ၏ လက်နက်နှင့် အကဲစမ်းခြင်းမရှိပေ။ ထိုအစား သူက သူ၏ သိုလှောင်အိတ်ထဲမှာ ဝှက်ယူလာခဲ့သောအလောင်းတစ်လောင်းကို ပစ်ထည့်လိုက်၏။
ထိုအလောင်းက အင်မော်တယ်ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် အတွင်းကနေ သွေးစီးကြောင်းများပေါ်ထွက်လာပြီး ၎င်းကိုရစ်ပတ်သွား၏။
ထို့နောက်အလောင်းက သွေးရည်အိုင်တစ်ခုအဖြစ်ပျော်ကျသွားပြီး မည်သည့်အရိုးမှမကျန်ရှိဘဲ မြေပြင်ပေါ်သို့ ပြန်ဲ့ကျဲကျဆင်းသွား၏။
ဆူဇီမိုက တိတ်တဆိတ်ဆွံ့အသွား၏။
ကြည့်ရသည်မှာ သူက ငရဲဖိနှိမ်မီးဖိုထဲမှာ ပုန်းကွယ်နေမည်ဆိုလျှင်တောင် သူ့အနေဖြင့် သွေးရည်၏ တိုက်စားမှုကို ခုခံနိုင်ဖို့ မလွယ်ပေ။
ဒါ့အပြင် စတုရန်းကြေးမီးဖိုသည် ဝင်္ကပါထဲသို့ ဝင်ရောက်ပါက ပို၍များပြားသော သွေးများကို ဆွဲဆောင်နိုင်ခြေရှိလေသည်။
အဲ့ဒါက သွေးအသွင်ပြောင်းဝင်္ကပါဖြစ်ရပေမည်။
ဆူဇီမိုသည် ထိုအနားမှာ ဆက်မနေတော့ဘဲ ပကတိတစ်ဆယ်ဝင်္ကပါ၏ ဘေးနားတစ်လျှောက် ဆက်၍ပျံသန်းလာခဲ့၏။
အဲ့ဒီနောက်သူသည် ဆီးနှင်းဝင်္ကပါ၊ အနီရောင်ပိုးချည်ဝင်္ကပါနှင့် ရွှေအလင်းဝင်္ကပါတို့ကို ဖြတ်ကျော်လာခဲ့၏။
ထိုဝင်္ကပါသုံးခုက အလွန်တရာစွမ်းအားကြီးမားပြီး ခန့်မှန်း၍ မရပေ။
စတုရန်းကြေးမီးဖိုသည် အင်မော်တယ်ဝင်္ကပါသုံးခု၏ စွမ်းအားကို ခံနိုင်ရည်ရှိနိုင်သော်လည်း ၎င်းက ဆူဇီမိုကိုကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
“တခြားနည်းလမ်းတစ်ခုခု တကယ်ပဲ မရှိတော့ဘူးလား”
ဆူဇီမိုက အနည်းငယ်စိတ်ဓာတ်ကျသွား၏။
ပကတိအင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည့် ပကတိတစ်ဆယ်ဝင်္ကပါကဲ့သို့ ပကတိစွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ သူက ကူကယ်ရာမဲ့မှုကို ခံစားလာရ၏။
သူက တန်ပြန်နည်းလမ်းများကို စဥ်းစားနေရင်း ရှေ့သို့ဆက်လျှောက်လာခဲ့၏။
သိပ်မကြာခင် သူသည် နောက်ထပ်အင်မော်တယ်ဝင်္ကပါတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့၏။
ထိုအင်မော်တယ်ဝင်္ကပါက နောက်ကျိနေသော ရေလှိုင်းများ၊ ရေစီးကြောင်းများဖြင့် ပြည့်နှက်နေ၏။ သူထင်တာ မမှားဘူးဆိုလျှင် အဲ့ဒါက ရေလွှမ်းမိုးဝင်္ကပါဖြစ်ရပေမည်။
ဆူဇီမိုက ကြိတ်၍ သက်ပြင်းချလိုက်၏။
ဤတစ်ခေါက်မှာ အကဲစမ်းကြည့်ခြင်းမရှိဘဲ ငရဲဖိနှိမ်မီးဖိုနှင့်အတူ ရေလွှမ်းမိုးဝင်္ကပါကို ဖြတ်ကျော်ဖို့က မလွယ်ကြောင်း သူနားလည်သဘောပေါက်လိုက်၏။
ရေလွှမ်းမိုးခြင်း၏ စွမ်းအားက ရိုင်းစိုင်းသောလေပြင်းများထက်ပင် ပို၍ကြမ်းကြုတ်ခက်ထန်နေ၏။
သူက စတုရန်းကြေးမီးဖိုထဲမှာ ပုန်းကွယ်နေမည်ဆိုလျှင်တောင် ရေလှိုင်းများက သူ့ကိုဆွဲယူနစ်မြုပ်နိုင်၏။
ဆူဇီမိုက ရှေ့သို့ဆက်သွားတော့မည်ရှိစဥ်မှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွား၏။
တစ်ခုခုလွဲမှားနေ၏။
ပုံမှန်အခြေအနေမှာဆိုလျှင် ပြင်ပအားတစ်စုံတစ်ရာ၏ နှိုးဆွခြင်းမရှိပါက ဝင်္ကပါ၏ အတွင်းမှာရှိသောအခြေအနေက အတော်လေးတည်ငြိမ်နေတတ်ပြီး ဤကဲ့သို့ နောက်ကျိနေသောရေလှိုင်းများက ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် သူ၏ ခြေလှမ်းကို အမြန်အဆန်ရပ်တန့်ပြီး ရေလွှမ်းမိုးဝင်္ကပါကို လှမ်းမျှော်ကြည့်ရှုလိုက်၏။
သူသည် ထူးခြားမှုတစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိလိုက်ရ၏။
သိပ်သည်းပြင်းထန်သော လှိုင်းလုံးများထဲမှာ ဝေဝါးနေသောပုံရိပ်တစ်ခုက ခဲရာခဲဆစ်ဖြင့်ရှေ့သို့တက်လှမ်းနေသည်ကို သူက တွေ့မြင်လိုက်ရ၏။
တစ်စုံတစ်ယောက်က ဝင်္ကပါကို စိန်ခေါ်နေ၏။
သူ့အပြင် ပကတိတစ်ဆယ်ဝင်္ကပါကို ဖြတ်ကျော်ဖို့အတွက် သူတို့၏ အသက်ဖြင့်စွန့်စားလိုသည့် အခြားတစ်စုံတစ်ယောက်က ပကတိတစ်ဆယ်ငရဲမှာ ရှိလာခဲ့လေပြီ။
“အဲ့ဒါသူများလား”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ထဲသို့ ခရမ်းရောင်ပုံရိပ်တစ်ခုက ဝင်ရောက်လာ၏။
ရေလွှမ်းမိုးဝင်္ကပါအတွင်းမှာ ရေချီက သိပ်သည်းပြင်းထန်ပြီး အဆက်မပြတ် တရုန်းရုန်းထကြွနေ၏။ အထဲမှာရှိသော ပုံရိပ်ကို သူက ကောင်းကောင်းမမြင်နိုင်ပေ။
ရေစီးကြောင်းများ၏ ပစ်တိုက်မှုကို အန်တု၍ ထိုပုံရိပ်က ရှေ့သို့တစ်စတစ်စထိုးတက်နေ၏။
သို့သော်လည်း ထိုပုံရိပ်က ရှေ့သို့ ဝင်မရောက်နိုင်ခင်မှာပင် သိပ်သည်းပြင်းထန်သော လှိုင်းလုံးတစ်လုံးက ပစ်တိုက်ချလိုက်ပြီး သူက နောက်သို့ ပြန်လည်ဆုတ်ခွာလာရ၏။
ထိုကဲ့သို့ဖြစ်စဥ်က ထပ်တလဲလဲဖြစ်ပွားနေ၏။
ဆူဇီမိုသည် သူ၏ ယခင်ခန့်မှန်းချက်ကို ပယ်ချလိုက်၏။
ထျန်ကျစ်ရီက သူ့လိုပင် အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်သာဖြစ်ပြီး ရေလွှမ်းမိုးဝင်္ကပါ၏ စွမ်းပကားကို သေချာပေါက်ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ခဏမျှအာရုံစိုက်ကြည့်ပြီးနောက် တစ်စုံတစ်ရာကို တဖြည်းဖြည်းသတိထားမိလာ၏။
ထိုပုံရိပ်ကို အမျိုးအမည်မသိ စွမ်းအားတစ်ခုကနေဖြစ်ပေါ်လာသည့် အလင်းရောင်အကာအရံအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားပုံရပြီး အဲ့ဒါက ဘေးပတ်လည်ရှိရေလှိုင်းများကို ကာကွယ်ပေးနေ၏။
ဤလူက ရေလွှမ်းမိုးဝင်္ကပါကို အန်တုပြီး ရှေ့သို့တိုးဖို့အတွက် ဤအကာအရံအလွှာကို မှီခိုအားထားနေခြင်းဖြစ်ရပေမည်။
ထိုအခိုက်အတန့်မှာ အကာအရံအလွှာက ဖိအားဒဏ်ကို ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အချိန်မရွေးပြိုကျသွားတော့မည့်အလား ၎င်းပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ဘုန်း... ဘုန်း...
နောက်ကျိနေသော ရေလှိုင်းများက တရုန်းရုန်းထကြွနေပြီး ရေလှိုင်းလုံးတစ်လုံးက ထိုပုံရိပ်ထံသို့ ပြင်းထန်စွာ ပစ်ဝင်လာခဲ့၏။
ထိုပုံရိပ်သည် ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ နောက်ကျိနေသော ရေလှိုင်းလုံးဖြင့် လွင့်စင်ထွက်ကာ ရေလွှမ်းမိုးဝင်္ကပါ၏ အစပ်သို့ ကျဆင်းလာခဲ့၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုသည် အဲ့ဒါကို ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရ၏။
အလင်းရောင်အကာအရံအလွှာထဲမှာရှိသောပုံရိပ်က တကယ်ပင် ထျန်ကျစ်ရီဖြစ်နေ၏။
ဖွီ...
ထျန်ကျစ်ရီ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူမသည် အလွန်ပြင်းထန်သောရိုက်ချက်တစ်ခုကို တွေ့ကြုံခံစားလိုက်ရသည့်အလား သွေးများစွာကို ထွေးထုတ်လိုက်ရ၏။
အလင်းအကာအရံအလွှာက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အလွန်တရာချုံးချုံးကျနေ၏။ ၎င်းက ရေလွှမ်းမိုးဝင်္ကပါကနေ နောက်ထပ်လာမည့်လှိုင်းလုံးကို ခုခံနိုင်မည် မဟုတ်တော့ပေ။
သူမက အန္တရာယ်ကို နားလည်သိရှိသွားပြီး ဒယီးဒယိုင်ဆုတ်ခွာကာ ဝင်္ကပါ၏ အပြင်ဘက်သို့ ခပ်မြန်မြန် ရုန်းထွက်လာ၏။
ထိုစဥ်မှာပင် ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး မလှမ်းမကမ်းတောအုပ်ထဲကနေ ပုံရိပ်သုံးခုပြေးလွှားလာနေသည်ကို အာရုံခံမိလိုက်၏။