အဆိပ်ငါးဖော်စုဝေးလာခြင်း
Vol. 130 Ch. 1947
ကြည့်ရသည်မှာ သူတို့သုံးယောက်သည် တစ်ဖက်တည်းသားများဖြစ်ရပေမည်။
သူတို့သုံးယောက်သည် အရပ်မျက်နှာသုံးခုခွဲပြီး အလွန်တရာမြန်ဆန်စွာဖြင့် ထျန်ကျစ်ရီထံ ပြေးဝင်လာနေကြ၏။
ထျန်ကျစ်ရီသည် ရေလွှမ်းမိုးဝင်္ကပါထဲကနေ ဆုတ်ခွာလာခါစဖြစ်ပြီး သူတို့၏ သတ်ဖြတ်ကွက်များ ဆင်းသက်လာသောအခါ သူမက အသက်ပင် ကောင်းကောင်းမရှုနိုင်သေးပေ။
“သူတို့သုံးယောက်က အားမနဲကြဘူးပဲ”
ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။
သူတို့၏ အချိန်ကိုက်တိုက်ခိုက်မှုများက ပြောင်မြောက်မှုရှိလေသည်။
ထျန်ကျစ်ရီသည် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အန္တရာယ်ကနေ ယခုမှလွတ်မြောက်လာခါစဖြစ်၏။
သူမ၏ အာရုံငါးပါးက ရေလွှမ်းမိုးဝင်္ကပါကြောင့် လျော့ကျနေပြီး ယခုအချိန်ထိ အပြည့်အဝပြန်မရသေးပေ။ ထိုအခိုက်အတန့်က သူမ၏ အားအနည်းဆုံးအချိန်ဖြစ်နေ၏။
ဒါ့အပြင် သူတို့သုံးယောက်ထံမှ ညှီစို့စို့အနံ့တစ်ခုဖြာထွက်နေ၏။ သူတို့က ပြင်းထန်သောအဆိပ်ကို သယ်ဆောင်လာသည်မှာ သိသာနေ၏။
ဓားပျံသုံးလက်က ခပ်ဖျော့ဖျော့အစိမ်းရောင်အလင်းတစ်ခုဖြင့် တောက်ပနေပြီး သူမ၏ ဦးခေါင်းနှင့် ဘယ်နှင့် ညာကနေ တစ်ချိန်တည်းမှာ ထိုးစိုက်လာခဲ့၏။
“ငြိမ်သက်စမ်း”
တစ်ချိန်တည်းမှာပင် မဟူရာအင်မော်တယ်သုံးယောက်သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကို လှည့်ပတ်ပြီး သူတို့၏ သာမန်နတ်ဘုရားစွမ်းအား ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်ပြ၏။
ခန္ဓာငြိမ်သက်ခြင်း နည်းစနစ်သုံးခုက ထျန်ကျစ်ရီပေါ်သို့ ဆင်းသက်လာခဲ့၏။
အဲ့ဒါက အခြားသော အဆင့်-၉ မဟူရာအင်မော်တယ်များသာဆိုလျှင် သူတို့သည် ဤကဲ့သို့ ဝန်းရံတိုက်ခိုက်ခံရချိန်မှာ သေချာပေါက်သေရလိမ့်မည်။
ထျန်ကျစ်ရီက တကယ့်ကို အထင်ကြီးစရာကောင်း၏။
သူမ၏ အာရုံငါးပါးကို ယခုအချိန်ထိ ပြန်မရသေးသော်လည်း လုပ်ကြံသတ်ဖြတ်ခြင်း တာအိုကို နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီးနောက် သူမ၏ ထက်ရှသော ဗီဇအသိစိတ်က ကျန်ရှိနေဆဲ ဖြစ်၏။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟကာ အင်မော်တယ်ဝေလအသံကို ထုတ်ဖော်လိုက်၏။
ဖွီ...
သူမသည် သူမ၏ အင်မော်တယ်ဝေလအသံကို ထုတ်ဖော်ပြီး တစ်ဝက်တစ်ပျက်အရောက်မှာပင် သူမ၏ ဒဏ်ရာများက နောက်တစ်ဖန်ပွင့်ဟသွားပြီး သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
ထိုသို့ဆိုလျှင်တောင် အင်မော်တယ်ဝေလအသံ၏ ရုန်းကန်ပေါက်ကွဲအားက ခန္ဓာငြိမ်သက်ခြင်းနည်းစနစ်၏ နတ်ဘုရားစွမ်းအားကို ပျက်ပြယ်သွားစေ၏။
ထျန်ကျစ်ရီက အင်မော်တယ်ဝေလအသံကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် သူမက ရုတ်တရက်မြေပြင်ပေါ်ကို ဝပ်ချလိုက်ပြီး လျှောထိုးထွက်လိုက်၏။
ချွမ်း...
ဓားပျံနှစ်လက်က ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက စင်ထွက်သွား၏။
သို့သော်လည်း သူမသည် အပေါ်ကနေဆင်းသက်လာသည့်ဓားပျံကို လုံးလုံးမရှောင်တိမ်းနိုင်ပေ။
သူမက အဲ့ဒါကို နားလည်သိရှိသွားပြီး ဓားပျံကို သူမ၏ လက်ဗလာဖြင့် ဖမ်းဆွဲလိုက်၏။
ဓားက ဝင်းလက်တောက်ပနေ၏။
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းလိုက်၏။
ဓားပျံက ပကတိအဆင့် ဓမ္မရတနာတစ်ခုဖြစ်နေ၏။
ဖောက်...
သွေးရောင်က ဖြာလက်သွား၏။
ထျန်ကျစ်ရီ၏ လက်ဖဝါးသည် ဓားဖြင့်ထိုးဖောက်ခံလိုက်ရသော်လည်း အဲ့ဒါက သူမ၏ လက်ကို မဖြတ်တောက်နိုင်ပေ။
ဓားပျံက သူမ၏ အသားကိုထိုးခွဲ၍ အရိုးနေရာသို့ အရောက်မှာ ဆက်လက်၍ မလှီးဖြတ်နိုင်တော့ပေ။
ဆူဇီမိုက ထိုအချင်းအရာမှာ အံ့အားသင့်သွားခြင်း မရှိပေ။
သူသည် အရင်က ထျန်ကျစ်ရီနှင့်တိုက်ခိုက်ခဲ့ပြီး သူမမှာ သန်မာသော ကိုယ်ကာယနှင့် မျိုးဆက်သွေးတစ်ခုရှိနေခဲ့၏။
သူမသည် ခန္ဓာမီးဆေးခြင်းနည်းစနစ်တစ်ခုခုကို ကျင့်ကြံထားသည်မှာ သိသာ၏။
ဒါ့အပြင် ထျန်ကျစ်ရီ၏ အရိုးများမှာ သိပ်သည်းပြင်းထန်သော စွမ်းအားတစ်မျိုးမျိုးပါဝင်နေပုံရသည်ကို သူက ဝိုးတဝါးခန့်မှန်းမိခဲ့၏။
သို့သော်လည်း အဲ့ဒါက ဖိနှိမ်ခံထားရပြီး ထုတ်ဖော်နိုင်ခြင်း မရှိပေ။
လက်ရှိမြင်ကွင်းက သူ၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။
ပကတိအဆင့် ဓားပျံသည် ထျန်ကျစ်ရီ၏ အသားကို ထိုးဖောက်သွားသော်လည်း ၎င်းက သူမ၏ အရိုးကို မထိခိုက်စေနိုင်ပေ။
တကယ်တော့... ဓားပျံမှာ အဆိပ်များ ပြည့်လျှမ်းနေ၏။
အဲ့ဒါက ထျန်ကျစ်ရီ၏ အသားကို ထိုးဖောက်နိုင်သည်နှင့် ၎င်း၏ ရည်ရွယ်ချက်က အထမြောက်သွားသည်ဟု ဆိုနိုင်၏။
ဤကဲ့သို့သော အန္တရာယ်နှင့်ရင်ဆိုင်နေရချိန်မှာတောင် ထျန်ကျစ်ရီက မည့်သည့်နာကျင်မှု သို့မဟုတ် ဓားပျံမှ မည်သည့်အဆိပ်ကိုမှ မခံစားရသည့်အလား အမူအရာကင်းမဲ့နေ၏။
သူတို့သုံးယောက်က ချဥ်းကပ်လာကြပြီဖြစ်၏။
သူတို့ထဲမှတစ်ယောက်သည် လက်နှစ်ဖက်ဖြင့် ဧရာမလှံတစ်လက်ကို ကိုင်ဆွဲထားပြီး အသက်ရှိသော စိတ်ဝိညာဥ်မြွေတစ်ကောင်ကဲ့သို့ ကခုန်ကာ ထျန်ကျစ်ရီထံသို့ ရစ်ပတ်လာခဲ့၏။
အခြားနှစ်ယောက်က ဖိုခနောက်ဆိုင်နေရာယူပြီး ရှေ့သို့ပြေးဝင်လာကြ၏။
“ကင်းမြီးကောက်အမြီးလက်သီး”
“ကောင်းကင်ပင့်ကူလက်”
သူတို့နှစ်ယောက်စလုံးက မာန်သွင်းအော်ဟစ်လိုက်ကြ၏။
လှံကိုကိုင်ဆွဲထားသော ပထမလူကလည်း အော်ပြောလိုက်၏။
“ဒီလူက ကိုင်တွယ်ရမလွယ်ဘူးဟေ့... မြန်မြန်လာကူကြဦး”
သူမစကားမဆုံးသေးခင်မှာပင် မလှမ်းမကမ်းတောအုပ်ထဲကနေ ရုတ်ရုတ်သဲသဲတချို့ထွက်ပေါ်လာ၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
သူတို့သုံးယောက်မှာ အကူအညီပေးမည့်သူများရှိနေ၏။
ခပ်လှမ်းလှမ်းတောအုပ်ထဲကနေ နက်မှောင်နေသော ဧရာမကင်းခြေများတစ်ကောင်က ရိပ်ခနဲပြေးထွက်လာ၏။
၎င်း၏ ခြေထောက်တစ်ရာကျော်က စူးရှသောအသံတစ်ခုနှင့်အတူ လှုပ်ရှားလာပြီး တုန်လှုပ်စရာကောင်းသော အမြန်နှုန်းဖြင့်ပြေးလာနေ၏။
နက်မှောင်နေသော ကင်းခြေများပေါ်မှာ တစ်စုံတစ်ယောက်က ထိုင်နေ၏။
အခြားသောအရပ်တစ်ဘက်ကနေ ဖားပြုတ်အော်သံက ထွက်ပေါ်လာ၏။
အဲ့ဒီနောက် ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။
ထူးဆန်းသောပုံစံဖြင့် ထိုသူသည် ဖားပြုတ်တစ်ကောင်ကဲ့သို့ သစ်ရွက်များပေါ်ကနေ ခုန်ကူးပြီး တိုက်ပွဲနယ်မြေသို့ အလျင်အမြန်ချဥ်းကပ်လာနေ၏။
“အငြိုးကြီးမြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ဖားပြုတ်နဲ့ ကင်းခြေများ... အဆိပ်ငါးဖော်စလုံးက စုဝေးလာကြပြီပဲ”
ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်၏။
ယခုအချိန်မှာ သူတို့ငါးယောက်သည် အမဲလိုက်အဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိနေကြ၏။ သူတို့ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် ကျင့်ကြံသူတစ်ရာကျော်ပါသော အုပ်စုတစ်စုပင်လျှင် သူတို့ကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။
သို့သော် ယခု... အဆိပ်ငါးဖော်က တစ်စုံတစ်ယောက်ကို တိုက်ခိုက်သတ်ဖြတ်ဖို့ ရောက်ရှိလာခဲ့သည်မှာ အံ့မခန်းဖြစ်၏။
ထျန်ကျစ်ရီသည် သူမ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ရင်း သူမ၏ အမူအရာကတည်ငြိမ်နေ၏။
ဖျတ်ခနဲဆို သူမသည် စိတ်ဝိညာဥ်မြွေနှင့်ဆင်တူသော ဧရာမလှံကို ဖမ်းဆွဲပြီး အဲ့ဒါကိုဖျစ်ညှစ်လိုက်၏။
ဖောက်...
သွေးများက လှံပေါ်သို့ ပြန့်ကျဲဖိတ်စင်သွား၏။
မဟူရာအင်မော်တယ်က သူ၏ လှံကို ဝေ့ယမ်းလိုက်စဥ်မှာပင် အဆိပ်ရှိမြွေတစ်ကောင်က သူ၏ အင်္ကျီလက်စထဲကနေ လျှောထွက်လာပြီး လှံကိုရစ်ပတ်ကာ အချိန်မရွေးတိုက်ခိုက်ဖို့ ပြင်ဆင်ထား၏။
ကံဆိုးစွာနှင့်ပင် ထျန်ကျစ်ရီက တစ်ချက်ကြည့်ရုံနှင့် အဲ့ဒါကိုတွေ့မြင်သွား၏။
သူမက လှံကိုဆုပ်ကိုင်ပြီး မြွေကိုဖိချေရင်း ထျန်ကျစ်ရီသည် သူမ၏ လက်ထဲရှိ အဆိပ်ဓားကို ထိုသူ၏ မျက်နှာထံ ပစ်ထုတ်လိုက်၏။
လှုပ်ရှားမှုနှစ်ခုက တစ်ချိန်တည်းနီးပါးမှာပင် ပြီးမြောက်သွား၏။
ဒါ့အပြင် ထျန်ကျစ်ရီ၏ ခုတ်ချက်ထံမှ စွမ်းအားနှင့်အလျင်အဟုန်က အရမ်းကိုမြန်ဆန်၏။
သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေကြပြီး မဟူရာအင်မော်တယ်က လုံးဝမရှောင်တိမ်းနိုင်တော့ပေ။
ဖောက်...
အဆိပ်ဓားက သူ၏ မျက်နှာထဲသို့ ဝင်ရောက်၍ သူ၏ အသိစိတ်ကိုထိုးဖောက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်ဆီးပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် နက်မှောင်နေသော မြူခိုးများဖြင့် ပြည့်နှက်နေသည့် ကင်းမြီးကောက်အမြီးလက်သီးနှင့် ခရမ်းရောင် အရောင်အဝါတစ်ခုဖြာထွက်နေသည့် ကောင်းကင်ပင့်ကူလက်တို့က ဆင်းသက်လာခဲ့၏။
ရုတ်တရက်ဆိုသလို...။
ထျန်ကျစ်ရီ၏ ပုံရိပ်က နေရာကနေ ပျောက်ကွယ်သွား၏။
၎င်း၏ နေရာမှာ စောစောက သူမ၏ ဓားဖြင့် မျက်နှာကိုထိုးဖောက်ခံရသည့် မဟူရာအင်မော်တယ်က ရောက်ရှိလာ၏။
တမလွန်ဖလှယ်ခြင်း...။
ထိုသူကို သတ်ဖြတ်ပြီးနောက် ထျန်ကျစ်ရီသည် လုံးဝရပ်တန့်သွားခဲ့ခြင်းမရှိဘဲ သူမ၏ သာမန်နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ကာ ထိုသူနှင့် နေရာချင်းလဲလိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ကြိတ်၍ချီးကျူးလိုက်၏။
ထျန်ကျစ်ရီသည် တိုက်ခိုက်ရေးပါရမီနှင့် မွေးဖွားလာသည့်အလားဖြစ်ပြီး သူမ၏ နည်းစနစ်များအားလုံးက လိုက်ဖက်ညီစွာ ပေါင်းစည်းနေ၏။
စောစောက ထျန်ကျစ်ရီသာ အနည်းငယ်နှေးကွေးသွားမည်ဆိုလျှင် သူမက သေခဲ့ရပေလိမ့်မည်။
ဘန်း...
ကောင်းကင်ပင့်ကူလက်နှင့် ကင်းမြီးကောက်အမြီးလက်သီးက ဆင်းသက်လာခဲ့သော်လည်း သေပြီးသား မဟူရာအင်မော်တယ်ကိုသာ ထိခတ်သွား၏။
ထိုမဟူရာအင်မော်တယ်က သေနှင့်နေပြီးသားဖြစ်ပြီး ထိုထိုးချက်များဖြင့် ထိခတ်ခံရပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းပင် ပုပ်သိုးဆွေးရိသွား၏။ တစ်ခဏချင်းမှာပင် သူက အဝါရောင်သွေးရည်အိုင်တစ်ခုအဖြစ် ပြောင်လဲသွား၏။
သူတို့၏ တိုက်ခိုက်မှုများလွဲချော်သွားသည့်အခါ သူတို့နှစ်ယောက်စလုံးက တုန်လှုပ်သွားကြ၏။
ဖျတ်ခနဲဆို... ထျန်ကျစ်ရီက သူတို့နှစ်ယောက်ထံသို့ ပြန်လည်ပြေးဝင်လာခဲ့ပြီဖြစ်၏။
သူမသည် သူတို့နှစ်ယောက်ကို တတ်နိုင်သမျှမြန်မြန် ရှင်းထုတ်ရပေမည်။ မဟုတ်ပါက ကင်းခြေများနှင့် ဖားပြုတ်တို့ရောက်ရှိလာလျှင် သူမအတွက် အခြေအနေက ပို၍အန္တရာယ်များလာပေလိမ့်မည်။
ဘန်း... ဘန်း... ဘန်း...
သူတို့သုံးယောက်က အရှိန်အဟုန်ဖြင့် တိုက်ခိုက်လိုက်ကြပြီး တစ်ခဏချင်းမှာပင် သူတို့သည် တိုက်ကွက်များစွာကို ဖလှယ်ပြီးသွားကြလေပြီ။ သူတို့၏ ပုံရိပ်သုံးခုက အဆက်မပြတ် ချာလပတ်လည်၍ တဖျတ်ဖျတ်လှုပ်ရှားနေ၏။
ရုတ်တရက်ဆိုသလို... ။
ပုံရိပ်သုံးခုက ရပ်တန့်သွား၏။
အဲ့ဒီနောက် သူတို့ထဲမှ နှစ်ယောက်သည် လဲကျသွားပြီး သူတို့၏ အသက်ဓာတ်အားက အလျင်အမြန် လျော့ကျကာ သူတို့က ဆက်လက်၍ မရှင်သန်နိုင်တော့ပေ။
ထျန်ကျစ်ရီကသာလျှင် အနည်းငယ်မောဟိုက်နေပြီး အမူအရာကင်းမဲ့စွာဖြင့် မတ်တတ်ရပ်နေ၏။
သူမက ဒဏ်ရာရရှိထားခြင်းမရှိဘဲ သူမ၏ အထွတ်အထိပ်အခြေအနေမှာရှိနေမည်ဆိုလျှင် သူတို့နှစ်ယောက်က သေသွားနှင့်သည်မှာ ကြာနေလောက်လေပြီ။
ထိုတိုက်ခိုက်မှုက သူမ၏ ဒဏ်ရာများကို နောက်တစ်ဖန်ပွင့်ထွက်လာစေ၏။
“ကင်းမြီးကောက်... ကောင်းကင်ပင့်ကူ”
“နတ်ဆိုးမ... ငါကနင့်ကို နင့်အသက်နဲ့ပြန်ပေးဆပ်ခိုင်းမယ်”
ဒေါသတကြီး ဟိန်းဟောက်သံနှစ်သံက တစ်ဖက်တစ်ချက်စီကနေ ထွက်ပေါ်လာ၏။
ကျန်ရှိနေသောလူနှစ်ယောက်က ရောက်ရှိလာခဲ့ပြီဖြစ်၏။
သူတို့ထဲမှတစ်ယောက်သည် နက်မှောင်နေသော ကင်းခြေများတစ်ကောင်ကို စီးနင်းလာပြီး လေထဲကနေပျံသန်းလာ၏။ အဆိပ်ချီက ပျံ့နှံ့နေပြီး သားရဲချီက လေထဲမှာပြည့်နှက်နေ၏။
အခြားသောတစ်ယောက်က သူ၏ ခြေလက်လေးဖက်ဖြင့် မြေပြင်ပေါ်မှာ ဝမ်းလျားထိုးကာ လှုပ်ရှားလာ၏။
ရုတ်တရက်... သူ၏ နှုတ်ခမ်းကို တင်းကျပ်စွာစေ့ပြီး ဧရာမဖားပြုတ်တစ်ကောင်ကဲ့သို့ သူ၏ ပါးနှစ်ဖက်က ဖောင်းကားတက်လာခဲ့၏။
ထိုသူက သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်ပြီး စေးကပ်နေသော အဆိပ်လုံးတစ်လုံးကို ထွေးထုတ်လိုက်၏။
ထျန်ကျစ်ရီက သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီး ကျန်နှစ်ယောက်ကိုသတ်ဖြတ်ရန် နောက်တစ်ဖန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်၏။
သို့သော်လည်း သူမ၏ ဦးခေါင်းက ချာချာလည်လာပြီး သူမ၏ ခြေလက်များက ပျော့ခွေလာသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး သူမ၏ အသိစိတ်က ဝေဝါးလာခဲ့၏။
“ငါသေရတော့မှာပါလား”
ထျန်ကျစ်ရီက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။