ဝင်္ကပါကို စိန်ခေါ်ခြင်း
Vol. 130 Ch. 1949
“တံလျှပ်မျက်လုံးက ပကတိတစ်ဆယ်ဝင်္ကပါထဲမှာရှိတဲ့ လှုပ်ရှားမှု တစ်ခုခုကို အာရုံမခံနိုင်ဘူးနဲ့တူတယ်.. ဟုတ်တယ်မလား”
ဆူဇီမိုက ခဏမျှ တွေးတောပြီး မေးမြန်းလိုက်၏။
ထျန်ကျစ်ရီက ခေါင်းညိတ်ပြလိုက်၏။
“ပကတိတစ်ဆယ်ဝင်္ကပါကို အပြင်လောကနဲ့ ပိုင်းခြားထားတယ်.. တံလျှပ်မျက်လုံးတောင်မှ အဲဒါကို ထွင်းဖောက်ပြီး မြင်နိုင်မှာ မဟုတ်ဘူး”
ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
ထိုသို့ဆိုပါက သူသည် ဆက်လက်၍ စိုးရိမ်ပူပန်စရာ မရှိတော့ပေ။
သူက ဝင်္ကပါကို စိန်ခေါ်ဖို့အတွက် မည်သို့သော နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ.. မည်သည့်အရာကမှ ပေါက်ကြားသွားတော့မည် မဟုတ်ပေ။
တကယ်တော့ ယခုအချိန်ထိကို သူသည် ဖြေရှင်းဖို့ နည်းလမ်းတစ်စုံတစ်ရာကို မတွေးမိသေးပေ။
“ဒီဓားမြှောင်တစ်စုံကို ငါ မင်းကို ပြန်ပေးလိုက်မယ်”
ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ နက်မှောင်နေသော ဓားမြှောင်များကို ထုတ်ယူပြီး ထျန်ကျစ်ရီကို ပစ်ပေးလိုက်၏။
“ရှင်…”
ဤတစ်ခေါက်မှာ ထျန်ကျစ်ရီက ပို၍ပင် မှင်တက်သွားရ၏။
သူမ၏ အဖိုးတန်ဆုံး ကိုယ်ပိုင်ဓမ္မရတနာကို ဒီတိုင်းပင် ပြန်ရလိုက်ပြီလား။
အစကတော့ ဆူဇီမိုသည် ထိုဓားမြှောင်တစ်စုံကို သူ့ဘာသာသူ သုံးဖို့အတွက် ရည်ရွယ်ထားခဲ့၏။
ထျန်ကျစ်ရီက သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သည့်အတွက် ထိုမျှလောက်တော့ အပြစ်ပေးသင့်လေသည်။
သို့သော်လည်း ယခု ထျန်ကျစ်ရီသည် မိုးကြိုးဧကရာဇ်ကို ကူညီဖို့ ဤနေရာသို့ ရောက်လာခြင်းဖြစ်ဖို့များကြောင်း ဆူဇီမိုက ခန့်မှန်းမိသွားပြီဖြစ်ပြီး သူမကို ဆက်လက်၍ အနိုင်ကျင့်တော့မည် မဟုတ်ပေ။
ဒါ့အပြင် ထိုဓားမြှောင်တစ်စုံက ထက်ရှသော်လည်း သူ့အတွက် များစွာ အသုံးမတည့်ပေ။
သူက ထိုဓားမြှောင်တစ်စုံကို ယူထားမည်ဆိုလျှင် သူသည် ဒီတိုင်းပင် သိုလှောင်အိတ်ထဲသို့ ပစ်ထည့်ပြီး သိပ်မကြာခင် တဖြည်းဖြည်း မေ့လျော့သွားမည်ဖြစ်၏။
“အဲဒီဓားမြှောင်တွေက ငါ့အတွက် အသုံးမတည့်ဘူးဆိုမှတော့ မင်းကို ပြန်ပေးလိုက်တာ ပိုကောင်းပါတယ်လေ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
အတန်ကြာအောင် ငြိမ်သက်နေပြီးနောက် ထျန်ကျစ်ရီက သူမ၏ ခေါင်းကို မော့ပြီး တည်တံ့စွာ ပြောလိုက်၏။
“ကျွန်မ ရှင့်ကို အကြွေးနှစ်ခု တင်နေပြီ.. နောက်ကျရင် ကျွန်မ အဲဒါကို သေချာပေါက် ပြန်ပေးဆပ်မယ်”
ဆူဇီမိုက ပြုံး၍ လက်ကာပြပြီး လိုဏ်ဂူအပြင်ဘက်သို့ ဦးတည်လိုက်၏။
“တာအိုရောင်းရင်း”
ရုတ်တရက် ထျန်ကျစ်ရီက ဆူဇီမိုကို လှမ်းခေါ်လိုက်၏။
“ရှင်က တံလျှပ်မျက်လုံးကို ရှောင်လွှဲချင်တယ်ဆိုရင် ဒီကိုလာပြီး ကျွန်မရဲ့ မဟူရာထီးအောက်မှာ ပုန်းကွယ်နေပါလား”
“ရပါတယ်.. ကောင်းကောင်းအနားယူလိုက်.. သွားလိုက်ဦးမယ်”
ထိုသို့ပြောပြီးသည်၌ ဆူဇီမိုက ရုတ်တရက် ပျောက်ကွယ်သွားပြီး လိပ်ပြာတစ်ကောင်အဖြစ် အသွင်ပြောင်းလဲကာ တောအုပ်ထဲသို့ တဖျပ်ဖျပ် ပျံသန်းသွား၏။
“အသွင်ပြောင်းလဲခြင်း ၇၂မျိုးလား”
ထျန်ကျစ်ရီက ရင်တစ်ချက်ထိတ်သွား၏။
“ဒီလူ့မှာ ငါ မသိသေးတဲ့ လှည့်ကွက်တွေ ဘယ်လောက်တောင် များနေတာလဲ”
“ငါက အပြင်ဘက်ကို ပြန်ရောက်ပြီး ငါ့ရဲ့ မျိုးဆက်သွေးကို အသက်သွင်းပြီး ငါ့ရဲ့ ခွန်အား အထွတ်အထိပ်ကို ပြန်ရမယ်ဆိုရင်တောင်မှာ ငါ သူ့ကို ယှဉ်နိုင်ပါ့မလား”
“ပကတိတစ်ဆယ်ငရဲကို ဝင်ရောက်လာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ဆူဇီမိုနှင့် ပို၍ ထိတွေ့ဆက်ဆံရလေလေ.. ထိုသူ့ကို အကဲဖြတ်ဖို့ ပို၍ မလွယ်ကူလေဖြစ်သည်ကို ထျန်ကျစ်ရီက နားလည်သဘောပေါက်လိုက်၏။
ထိုလူကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရပြီး အံ့မခန်း ဖြစ်နေ၏။
ဆူဇီမိုသည် ထျန်ကျစ်ရီကို ထားခဲ့ပြီး ပကတိတစ်ဆယ်ဝင်္ကပါ ရှိရာသို့ ပျံသန်းသွား၏။
ထျန်ကျစ်ရီက ကျရှုံးခဲ့သော်လည်း သူက အလျှော့မပေးလိုပေ။
သိပ်မကြာခင် ဆူဇီမိုသည် ရေလွှမ်းမိုးဝင်္ကပါရှေ့သို့ ပြန်လည်ရောက်ရှိလာ၏။
ထိုအခိုက်အတန့်မှာ ရေလွှမ်းမိုးဝင်္ကပါက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီး အထဲမှာ ကြိုတင်ခန့်မှန်း၍ မရနိုင်သော မြူခိုးများဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက ထိုနားမှာ ကြန့်ကြာမနေဘဲ ပကတိတစ်ဆယ်ဝင်္ကပါကို ဆက်လက်၍ လှည့်ပတ်လိုက်၏။
ခဏနေပြီးနောက် သူသည် နောက်ထပ် အင်မော်တယ်ဝင်္ကပါတစ်ခုရှေ့သို့ ရောက်ရှိလာ၏။
ထိုအင်မော်တယ်ဝင်္ကပါက နီရဲ၍ အပူလှိုင်းများကို ဖြာထုတ်ပေးနေ၏။ သူထင်တာ မမှားဘူးဆိုရင် သူ့ရှေ့မှာ ရှိသော အင်မော်တယ်ဝင်္ကပါက ဒေါသူပုန်မီးတောက်ဝင်္ကပါ ဖြစ်ပေလိမ့်မည်။
“ဒေါသူပုန်မီးတောက်ဝင်္ကပါလား”
ဆူဇီမိုက စဉ်းစားတွေးတောရင်း ရင်တစ်ချက်ထိတ်သွား၏။ သူ၏ မျက်လုံးထဲရှိ အလင်းက သိပ်သည်းကျစ်လစ်လာခဲ့၏။
“ဒီအင်မော်တယ်ဝင်္ကပါကို ငါကြိုးစားကြည့်လို့ ရရင်ရလောက်တယ်”
ခဏမျှ စဉ်းစားတွေးတောပြီးနောက် ဆူဇီမို၏ မျက်လုံးထဲမှာ ပြတ်သားသည့် အကြည့်တစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာကာ သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ထုတ်ပြီး ဒေါသူပုန်မီးတောက်ဝင်္ကပါထဲသို့ ပစ်ထည့်လိုက်၏။
ဝှစ်..
ငရဲဖိနှိမ်မီးဖိုက ဒေါသူပုန်မီးတောက်ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည့် ခဏမှာပင် မီးတောက်များက အတွင်းမှာ လောင်ကျွမ်းတောက်လောင်လာခဲ့၏။
သူတို့က ရူးသွပ်သွားသည့်အလား မီးတောက်များသည် ငရဲဖိနှိမ်မီးဖို ရှိရာသို့ တလိပ်လိပ် တိုးဝင်လာပြီး ပြင်ပ ပစ္စည်းကို ဝါးမျိုကာ ပြာချပစ်ချင်၏။
ငရဲဖိနှိမ်မီးဖို၏ နံရံများထဲမှ တစ်ဖက်က ရုတ်တရက် ခပ်ဖျော့ဖျော့ အရောင်အဝါတစ်ခုကို ဖြာထုတ်ပေးလာ၏။
မီးတောက်များက ငရဲဖိနှိမ်မီးဖို၏ ပတ်ပတ်လည်သို့ ရောက်ရှိလာသည့် ခဏမှာပင် သူတို့သည် နံရံ၏ စုပ်ယူဝါးမျိုခြင်း ခံရပြီး သိပ်မကြာခင် ပျောက်ကွယ်သွား၏။
မီးဖို၏ နံရံက ဘေးပတ်လည်မှာ ရှိသော မီးတောက်များ အားလုံးကို ဝါးမျိုပစ်လိုက်၏။
ဆူဇီမိုက အဲဒါကို တွေ့မြင်သောအခါ သူ၏ မျက်လုံးက ဝင်းလက်သွား၏။
အောင်မြင်လေပြီ။
မီးဖို၏ ထိုနံရံက ဟင်္သပြဒါးငှက်ဝိညာဉ် အိပ်မောကျနေသောဘက်အခြမ်းဖြစ်၏။
ဟင်္သပြဒါးငှက်က မီးဒြပ်စင်တစ်မျိုးဖြစ်ပြီး မီးတောက်များ၏ အထွတ်အမြတ်ဝိညာဉ်တစ်ခု ဖြစ်၏။
မည်သည့်မီးတောက်မဆို.. ဟင်္သပြဒါးငှက်၏ ဝိညာဉ်ရှေ့မှာ ဦးညွှတ်ရပေလိမ့်မည်။
ဖျတ်ခနဲဆို ဆူဇီမိုက ဒေါသူပုန်ထမီးတောက်ဝင်္ကပါထဲသို့ ပစ်ဝင်လိုက်၏။
နောက်ထပ် ပြင်ပ အရာတစ်ခု ဝင်ရောက်လာသောအခါ ဒေါသူပုန်ထမီးတောက်ဝင်္ကပါသည် ကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ ဆူဇီမိုထံသို့ လောင်ကျွမ်းစေမည့် မီးတောက်များကို ထုတ်လွှတ်လိုက်၏။
သို့သော်လည်း မီးတောက်များက ဆူဇီမိုနားသို့ ချဉ်းကပ်မလာခင်မှာပင် သူတို့သည် ငရဲဖိနှိမ်မီးဖို၏ နံရံပေါ်မှ ဟင်္သပြဒါးငှက်ဝိညာဉ်၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
ဆူဇီမိုက ကျေနပ်သဘောကျသွား၏။
ဟင်္သပြဒါးငှက်ဝိညာဉ်၏ အကူအညီနှင့်အတူ သူသည် မီးဖိုထဲမှာ ဝင်ရောက်ပုန်းကွယ်နေခြင်း မရှိလျှင်တောင် ဒေါသူပုန်ထမီးတောက်ဝင်္ကပါထဲမှာ ရှင်သန်နိုင်ပြီဖြစ်၏။
ငရဲဖိနှိမ်မီးဖိုက သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေပြီး အနားသို့ ချဉ်းကပ်လာသည့် မီးတောက်မှန်သမျှကို ဝါးယူစုပ်မျိုပစ်ပေလိမ့်မည်။
အစကတော့ နဂါးအသူရာချောက်နက်ကြယ်ပေါ်ရှိ တိုက်ပွဲအပြီး၌ မီးဖို၏ နံရံပေါ်မှာ ဟင်္သပြဒါးငှက်ဝိညာဉ်က အိပ်မောကျနေခဲ့၏။
သို့သော် ယခု ဒေါသူပုန်ထမီးတောက်ဝင်္ကပါ၏ အဆုံးမဲ့ အားဖြည့်ပေးမှုနှင့်အတူ ဟင်္သပြဒါးငှက် အထွတ်အမြတ်ဝိညာဉ်က နိုးထတော့မည့် လက္ခဏာများ ပြသလာ၏။
ဆူဇီမိုသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ခိုင်မာသော အကြည့်နှင့်အတူ ဒေါသူပုန်ထမီးတောက်ဝင်္ကပါ၏ အနက်ပိုင်းထဲသို့ ဦးတည်လိုက်၏။
မြို့တော်အရှင် ဂေဟာတွင်…
“စောစောက ပကတိတစ်ဆယ်ငရဲ အပြင်ဘက်မှာ လှုပ်ရှားမှုတချို့ ရှိလိုက်တဲ့ပုံပဲ”
ရုတ်တရက် ပကတိမိုးကြိုးမြို့တော်၏ မြို့တော်အရှင်က ပြောလိုက်၏။
“အဆိပ်ငါးဖော် မဟူရာအင်မော်တယ်တွေက အဲဒီနေရာမှာ သေသွားတာ ထင်တယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ခေါင်းခါပြလိုက်၏။
“ငါလည်း သေချာမပြောတတ် ဘူး”
သူ၏ စိတ်အာရုံအများစုက အစက ဆူဇီမို ရှိနေခဲ့သော လိုဏ်ဂူအနီးအနားမှာ ရစ်ဝဲနေဆဲဖြစ်၏။
မင်းသားယွမ်ကျောသည် ပကတိတစ်ဆယ်ငရဲ ရှိရာဘက်သို့ ကြည့်ပြီး သူ၏ မျက်လုံးက တဖျပ်ဖျပ်လက်သွား၏။
“ကျင်းယွဲ့.. ပကတိတစ်ဆယ်ဝင်္ကပါမှာ ပြဿနာ တစ်စုံတစ်ရာ မရှိလောက်ဘူးမလား”
သူက ရုတ်တရက် မေးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြုံးပြလိုက်၏။
“မပူပါနဲ့ အရှင်မင်းသား.. ပကတိတစ်ဆယ်ဝင်္ကပါကို ဘာဟာကွက်မှ မရှိဘဲ ခင်းကျင်းလာခဲ့တာ နှစ်ပေါင်းသိန်းချီကြာသွားခဲ့ပြီ”
“အရင်တုန်းက ပကတိအင်မော်တယ် ဝင်္ကပါမဟာသခင်တစ်ယောက်က ဝင်္ကပါကို စိန်ခေါ်ချင်ခဲ့ပေမဲ့ သူက အထဲမှာပဲ ပိတ်မိပြီး သေဆုံးသွားရတယ်”
မင်းသားယွမ်ကျောက လေးနက်စွာ ပြောလိုက်၏။
“မိုးကောင်းကင်ကိုးလွှာ အင်မော်တယ် မဟာနယ်မြေမှာတုန်းက အဲဒီလူက မွန်းတည့်ချိန်က နေတစ်စင်းလိုမျိုး တောက်ပခဲ့တာ.. သူ့ရဲ့ နာမည်ဂုဏ်သတင်းက ပြိုင်ဘက်ကင်းခဲ့တယ်… ဒီနှစ်တွေထဲမှာ အလျှော့မပေးလိုသေးတဲ့ သူ့ရဲ့နောက်လိုက်တွေ အများကြီး ရှိခဲ့တယ်”
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“သူ့ရဲ့ နောက်လိုက်အများစုက ဘုရင်ထျန်ရှင်းနဲ့ အာဏာပါးကွက်သား အစောင့်တပ်သားတွေ သတ်ဖြတ်လို့ သေကုန်ကြပြီ.. လွန်ခဲ့တဲ့ နှစ်တစ်သောင်းက သူ့ရဲ့သားကိုလည်း မင်းသားကိုယ်တိုင်ပဲ သတ်ဖြတ်ခဲ့တာမလား.. အဲဒီ ဘာမဟုတ်တဲ့သူတွေကို ကြောက်စရာမလိုပါဘူး”
“ဘာမှမဖြစ်ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့”
မင်းသားယွမ်ကျောက ခေါင်းညိတ်ပြလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြုံးလိုက်လေသည်။
“အရှင်မင်းသား.. အဲဒီလူရဲ့ တာအိုသစ်သီးက ခြေမွှဖျက်ဆီးခံထားရတယ်ဆိုတာကို မမေ့လိုက်နဲ့.. သူက ထွက်ပြေးလွတ်မြောက်လာမယ်ဆိုရင်တောင် ပြဿနာကောင်းကောင်းရှာနိုင်မှာ မဟုတ်ဘူး”
“နောက်ပြီး ပကတိအင်မော်တယ်တွေရဲ့ ဘဝသက်တမ်းက နှစ်ငါးသိန်းပဲ.. အခု အဲဒီလူရဲ့ ဘဝသက်တမ်းက ကုန်ဆုံးတော့သလောက်နီးပါး ဖြစ်နေပြီ”
“တာအိုသစ်သီး ဖျက်ဆီးခံထားရတဲ့ ဘဝနေဝင်ချိန်အရွယ် အဘိုးကြီးတစ်ယောက်က ဘာများလုပ်နိုင်မှာလဲ”
မင်းသားယွမ်ကျောက တဖြည်းဖြည်း စိတ်သက်သာရာရသွား၏။
သို့သော်လည်း သူ၏ စိတ်အာရုံက ပကတိတစ်ဆယ်ဝင်္ကပါပေါ်သို့ မကြာမကြာ ကျရောက်သွားဆဲဖြစ်၏။
ဘာကြောင့်ရယ်မသိ.. ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည့်အလား သူက ရင်တထိတ်ထိတ် ခံစားနေရ၏။
“ဆူဇီမိုဆီကနေ ဘာလှုပ်ရှားမှုမှ ရှိမလာသေးဘူးလား”
သူက ရုတ်တရက် မေးလိုက်၏။
ပကတိအင်မော်တယ်ကျင်းယွဲ့က ပြောလိုက်၏။
“အဲဒီလူက လိုဏ်ဂူထဲမှာ ပုန်းကွယ်နေတုန်းပဲ.. သူက အထဲမှ ဘာလုပ်နေသလဲ ကျုပ်လည်း သိချင်မိတယ်”
“ဒီလူက တော်တော်စိတ်ရှည်တာပဲ”
မင်းသားယွမ်ကျောက အေးစက်စွာ နှစ်တစ်ချက်မှုတ်လိုက်၏။
ထိုအခိုက်အတန့်မှာ ပကတိအင်မော်တယ်ကျင်းယွဲ့ပင်လျှင် ဆူဇီမိုကို ဆက်လက်၍ အာရုံမစိုက်လိုတော့ပေ။
သူတို့၏ မျက်လုံးများထဲမှာ ဘာမဟုတ်သည့် နိမ့်ကျသက်ရှိ ပုရွက်ဆိတ်တစ်ကောင်ဟု သတ်မှတ်ထားသည့်သူက ပကတိတစ်ဆယ်ဝင်္ကပါထဲသို့ ဝင်ရောက်နေပြီကို မြို့တော်အရှင်ဂေဟာမှာ ရှိသည့် မြို့တော်အရှင်များစွာနှင့် အဆင့်မြင့်အင်မော်တယ်များစွာက နားလည်သဘောပေါက်ခြင်း မရှိကြသေးပေ။
ထိုနိမ့်ကျသက်ရှိ ပုရွက်ဆိတ်ဆိုသူသည် ပကတိမိုးကြိုးမြို့တော်မှာသာမက မဟာကျင်းနိုင်ငံတစ်ခုလုံးမှာပင် တုန်လှုပ်စရာကောင်းသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေတော့မည် ဖြစ်၏။