ဓားဝိဉာဉ်စွမ်းအား
Vol. 3 Ch. 33
ကျူးဝူဓား၏ သွေးချီသည် ၂ကျန်း မြင့်သည့် သွေးရောင် နတ်ဆိုး ဗိုလ်ချုပ်ကြီး ပုံစံအဖြစ်သို့ ပေါင်းစည်းသွားသည်။သူ့ပုံစံသည် ပမာမခန့်ပုံစံပေါက်ကာ စုယီနှင့် ပေါင်းစပ်ရန် ဖြည်းညင်းစွာ ဆင်းသက်လာသည်။
ချက်ချင်းပင် စုယီသည် သွေးရောင်ပုံရိပ်နှင့် ပေါင်းစပ်သွားသည်။သူသည် သံချပ်ကာပုံစံ အင်္ကျီကို ဝတ်ဆင်ထားသည်။
သွေးအရိပ်၏ ညာလက်သည် ကျူးဝူဓားကို ဆုပ်ကိုင်ထားသည်။ ထို့နောက် သွေးချီများ တဟုန်ထိုးတက်လာကာ ဓါးသွားတစ်လျှောက် စီးကျလာပြီး သုံးကျန်းအရှည်အထိ ရောက်ရှိသွားသည်။
ကောင်ချူးသည် ရုတ်ချည်း ရပ်တန့်သွားကာ ပါးစပ်အဟောင်းသားနှင့် ရေရွတ်တော့သည်။ “ဒါ ဘာနတ်ဆိုးသိုင်းကွက်လဲ?”
သူသည် မပြောင်းလဲခင်ကနှင့် ယှဉ်လျှင် စုယီ၏ သတ်ဖြတ်ချင်စိတ်များ နှစ်ဆမြင့်တက်သွားသည်ကို ခံစားမိလိုက်သည်။
“ဟက်!ခု မင်းခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ပေး။ငါ မင်းရန်သူတွေကို ကူသတ်ပေးမယ်!”
နဂါးတံဆိပ် ခတ်နှိပ်ထားသော ဓားဝိဉာဉ်သည် စုယီ၏ အတွေးထဲတွင် ဟစ်အော်နေသည်။သူ့အသံသည် တိကျပြတ်သားကာ ဩဇာအာဏာ ကြီးမားသည်။ထိုအခိုက် စုယီသည် စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ စီးဝင်လာသည်ကို ခံစားမိလိုက်သည်။
ယခုအာရုံသည် ပတမတစ်ကြိမ် သူ နတ်ဆိုးသတ်တုန်းကရသည်ထပ် ပို၍ ပြင်းထန်သည်။
ကောင်ချူးလို စွမ်းအားကြီးတဲ့ရန်သူမျိုးကိုတောင် သူ့မျက်လုံးထဲတွင် အလွယ်ချေမှုန်းနိုင်မည်ဟု မြင်လာသည်!
ကောင်းကင်ဘုံက နတ်ဘုရားများနှင့် ဗုဒ္ဓများတောင် သူ့ဓားတစ်ချက် ယမ်းလိုက်ရုံနှင့် နှိမ်နင်းပစ်နိုင်သည်!
နဂါးတံဆိပ် ခတ်နှိပ်ထားသော ဓားဝိဉာဉ်၏ ထိန်းချုပ်မှုအောက်တွင် စုယီသည် လေပေါ်ပျံနေသလို ခံစားလိုက်ရသည်။
“ထိပ်ပြောင်အဘိုးကြီး။ငါတို့က လူတွေရှိတဲ့နေရာ ရောက်နေတာနော်။ငါကတော့ သီးသန့်နေရာ မရှိလည်း တိုက်နိုင်တယ်။မင်းကို အခွင့်အရေး နောက်တစ်ခု ထပ်ပေးမယ်။မင်း နောက်မဆုတ်ဘူးဆိုရင်…”
“သေရမယ်!”
စုယီက အေးစက်စွာ ပြောသည်။သူ့ခန္ဓာကိုယ်အား နဂါးတံဆိပ် ခတ်နှိပ်ထားသည့် ဓားဝိဉာဉ်ထံသို့ ပေးအပ်ထားပြီး ဖြစ်သော်ငြား စကားပြောနေတဲ့သူကတော့ သူသာ ဖြစ်သည်။
ခုမှ ရောက်လာသည့် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးရော၊ ရဟတ်ယာဉ်ထဲရှိ ဂျာနယ်လစ်များနှင့် စစ်သားများပါ မယုံနိုင် ဖြစ်ကုန်ကြသည်။
စုယီ၏ အသံသည် ယုံကြည်ချက်အပြည့်ဖြင့် လမ်းမများပေါ်တွင် ပဲ့တင်ထပ်နေသည်။ကင်မရာမှတစ်ဆင့် မြို့ထဲရှိလူတိုင်း ကြားကြသည်။
ဒါက အကြောင်းပြချက်ဘဲ!
သူထွက်ပြေးတယ် ဆိုတာက အပြစ်မဲ့တဲ့သူတွေကို မထိခိုက်စေချင်သောကြောင့် ဖြစ်သည်!
ထိုအချိန်တွင် လူများသည် စုယီ၏ သဘောထားကို လေးစားကြပြီး ကောင်ချူးပေါ်ထားသည့် သူတို့၏စိတ်များကတော့ ယုတ်လျော့လာသည်။
ကောင်ချူး စုယီကို စစချင်းတွေ့သည့်အချိန်က သူသည် စုယီကို အနောက်ဗုဒ္ဓမင်းဆက်တွင် ပူးပေါင်းဖို့ သိမ်းသွင်းရန် ကြိုးစားခဲ့သည်။စုယီက ငြင်းပယ်လိုက်သည့်အခါ သူသည် သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည်!
ယခုတော့ စုယီ၏ အရှိန်အဝါသည် ကောင်ချူးကို လွှမ်းမိုးသွားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်း အားတက်သွားကြသည်။
စိတ်ထားသေးသိမ်တဲ့လူတွေတောင်မှ ထိုသို့ပင် အားတက်လာသည်။စုယီသည် သူတို့လိုပင် ဟွားရှကမ္ဘာမှလာကာ သူတို့၏အသက်များကို ကယ်တင်ပေးခဲ့သည်။စိတ်ဓာတ်ပိုင်းရော၊ သဘောတရားအရပါ သူတို့အားလုံးသည် စုယီဘက်တွင် ရပ်တည်ကြသည်။
“သူ့ကို အဆုံးသတ်ပစ်လိုက်!”
“မွန်မြတ်တယ်တဲ့လား!သူက ငါတို့ ဟွားရှရဲ့ဘုန်းကြီးတွေနဲ့ယှဉ်ရင် ဘာမှကို မဟုတ်ဘူး!”
“သေစမ်း!တစ်ခါတော့ ငါလည်း မသေမျိုးဖြစ်တဲ့ထိ ကျင့်ကြံပြီး စုယီ လက်စားချေတာကို ကူညီအုံးမယ်!”
“ခု စုယီပုံစံကြီးက အရမ်း မိုက်တာဘဲ!”
မြို့ထဲရှိ လူတိုင်းသည် စုယီက ကောင်ချူးကို နိုင်ပါစေဟူ၍ ဆုတောင်းနေကြသည်။
ကောင်ချူးသည် စုယီ၏စကားများကို ဒေါသထွက်သွားသည်။နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများကို သတ်ခြင်းသည် လူသားမျိုးနွယ်၏ ရှေးရိုးစွဲလမ်းကြောင်းကို လိုက်သည့်လူများ လုပ်ကိုလုပ်သင့်သည့် အရာပင်။ဒီလို နတ်ဆိုးတစ်ပိုင်းကောင်က ခုလို အဓိပ္ပာယ်မရှိတဲ့စကားကို ပြောရဲတယ်။အနောက်ဗုဒ္ဓမင်းဆက်ကို မထီမဲ့မြင်ပြုခြင်းသည် ရှေးရိုးစွဲလမ်းစဉ်ကို မထီမဲ့မြင်ပြုခြင်းသာ ဖြစ်သည်။
သူသည် သူ၏ ညာလက်ကို ချက်ချင်း မြှောက်လိုက်ရာ သူ၏ လက်ဖဝါးထဲမှ ဝိဉာဉ်စွမ်းအားသည် ထွက်ပေါ်လာသည်။ထိုစွမ်းအားသည် အရှိန်မြင့်စွာ လည်နေသည့် ရွှေရောင်ဘီးလုံးအဖြစ်သို့ ပေါင်းစည်းသွားသည်။လေကို ဖြိုခွင်းကာ ဆူညံသံများ ထွက်ပေါ်လာသည်။
စုယီထံ သူ့အကြည့်သည် ပြောင်းလဲသွားကာ အတိအလင်း ပြောလေသည်။ “နတ်ဆိုးပေါက်စ! မင်း ဆက်ပြီး လှည့်စားနေမယ်ဆို ဒီနေ့ ငါ ကောင်းကင်ဘုံဆန္ဒရဲ့ တမန်တော် လုပ်ပေးမယ်!”
ကောင်းကင်ဆန္ဒရဲ့ တမန်တော်?
စုယီသည် ဒေါသတကြီး ရယ်မောကာ တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် သူ့ခန္ဓာကိုယ်သည် ထိန်းမနိုင် သိမ်းမရ ရှေ့သို့ တက်သွားသည်။
“ဒီ အသေကောင်ကို ဘာလို့ အပိုစကားတွေ ပြောနေအုံးမှာလဲ!”
နဂါးတံဆိပ် ခတ်နှိပ်ထားသည့် ဓားဝိဉာဉ်သည် သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် ပြောလေသည်။ကောင်ချူးက အသေကောင်တောင် ဖြစ်နှင့်နေပြီပေါ့။
စုယီ၏အရှိန်သည် ယခင်ကထပ် နှစ်ဆပိုလာသည်။ကောင်ချူး၏ ညာလက် အောက်သို့ မချရသေးခင်မှာပင် စုယီ၏ဓားသည် ရှေ့သို့ ထိုးဖောက်လာသည်။
ကြည့်ရှုသူများအနေဖြင့် စုယီသည် သွေးရောင် အလင်းတန်းအဖြစ် ပြောင်းသွားသည်။တယ်လီပို့ကဲ့သို့ ငါးဆယ်မီတာ အကွာအဝေးကို မြို့ကို ဖြတ်သန်းကာ ခဏတွင်း ရောက်သွားသည်။
ကျူးဝူဓားက သူ့ရင်ဘတ်သို့ ထိုးမိသွားသည့်အခါတွင် ကောင်ချူးသည် ရှောင်ချိန်မရလိုက်သဖြင့် သွေးများ ပန်းထွက်လာသည်။
ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးသည် ဆွံ့အသွားသည်။
ဝူချင်းယောင်နှင့် မိုဟောင်ရှန့်ပါ မျက်လုံးများ ပြူးကျယ်လာသည်။
ယခင်က အားနည်းချက် ရှိခဲ့သော စုယီသည် ချက်ချင်းပင် ကြီးမြတ်သော ဗုဒ္ဓအား ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
“ဒီအရှိန်အဝါက…သူက လုံးဝ တခြားတစ်ယောက် ဖြစ်လာသလိုဘဲ?”
မုတ်ဆိတ်မွေးနှင့် ကျင့်ကြံသူသည် သရဲတစ္ဆေကို မြင်လိုက်ရသလို အံ့အားသင့်ကာ ရေရွတ်နေသည်။
သူတို့ ထိတ်လန့်နေကြချိန်တွင် တစ်မြို့လုံးကတော့ ကြွေးကြော် ဂုဏ်ပြုနေကြသည်။
စုယီက အသန်မာဆုံး ဖြစ်နေဆဲပင်!
“မင်း…ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်…”
ကောင်ချူးသည် ထစ်ငေါ့စွာ ပြောသည်။သူ့မျက်လုံးများသည် ထိတ်လန့်မှုများ အပြည့်ဖြင့် ပြူးကျယ်နေသည်။
စုယီ၏မျက်နှာသည် ရေခဲလို အေးစက်နေသည်။သွေးရောင်သံချပ်ကာနှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့သွင်ပြင်သည် လုံးဝကို ဂုဏ်ယူဝင့်ကြွားဟန် ပေါက်နေသည်။
အနောက်ဗုဒ္ဓမင်းဆက်ရဲ့ ကြီးမြတ်တဲ့ဗုဒ္ဓဆိုတော့ရော ဘာဖြစ်လဲ?
ငါ့ဓားချက်အောက်မှာ ဇီဝိန်ချုပ်သွားရတာဘဲ မလား!
ထိုအချိန်တွင် စုယီသည် သူ၏ ဓားကို ချက်ချင်း ဆွဲနုတ်လိုက်ရာ သွေးများသည် မိုးစက်၊မိုးပေါက်များ သဖွယ် ကောင်းကင်ယံမှ ရွာကျလာသည်။
ကောင်ချူး၏ အကြည့်သည် ရုတ်တရက် အာရုံစိုက်သွားပြီး သူ၏ ညာလက်ကို အောက်ဘက်သို့ လွှဲယမ်းလိုက်သည်။ရွှေရောင် ဘီးလုံးကြီးသည် မြန်ဆန်သည့် အရှိန်ဖြင့် စုယီ၏ ခေါင်းကို ဖြတ်ပစ်ရန် စုယီစီသို့ ဦးတည်လာနေသည်။
ထို့နောက်—
ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရွှေရောင်ဘီးလုံးကြီးသည် တစ်စစီ ကွဲကြေသွားသည်!
ဓားချီများသည် ကောင်ချူးစီသို့ ဦးတည်ကာ ပေါင်းစည်းသွားကာ ချက်ချင်းပင် သူ့မျက်နှာတစ်ပြင်လုံး သွေးများ ပေကျံသွားသည်။သူသည် ဘာမှ မလုပ်နိုင်တော့ဘဲ ခေါင်း နောက်ပြန်လည်ကာ အသက်ထွက်သွားတော့သည်။
ထို့နောက် စုယီသည် သူ့ပေါ်သို့ တိုက်ရိုက် တက်နင်းလိုက်သည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ခြေလှမ်းလဲ!
စုယီသည် နဂါး တစ်ရာ့နှစ်ဆယ်၏စွမ်းအားကို ပိုင်ဆိုင်သည်။နဂါးတံဆိပ် ခတ်နှိပ်ထားသည့် ဓားဝိဉာဉ်နှင့်သာ ပေါင်းစပ်လိုက်လျှင် သူ့စွမ်းအားများသည် ဓားကို ပိုင်းပြီး မြစ်တွေကို သွန်နိုင်တဲ့အထိ သန်မာလာသည်။
ကောင်ချူး၏ သန်မာသော ခန္ဓာကိုယ်သည် သူ့ခြေထောက်အောက်တွင် တစ်ခါတည်း ကြေမွသွားသည်။လူအများသည် အော်ဟစ်ကာ မျက်လုံးတွေကို ပိတ်ထားကုန်ကြသည်။
ကြီးမြတ်သောဗုဒ္ဓ ကျသွားပြီ!
နတ်ဆိုးတစ်ပိုင်း၏တန်ခိုးက အတော်လေး ပြင်းထန်တယ်!
ထိုအချင်းအရာကို မြင်သည့် မိုဟောင်ရှန့်ကာ ဒူးထောက်ကျသွားပြီး တုန်ရီနေသည်။သူ့မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နေသည်။
ဒီစွမ်းအားမျိုးနဲ့ စုယီသာ သူ့ကို သတ်ချင်လျှင် လောရွှေဂိုဏ်းက မည်သူမှ သူ့အား ကယ်နိုင်မည် မဟုတ်ပါ!
ထိုအချိန်တွင် သွေးမိုးကြားထဲမှ ရွှေရောင်အလင်းတန်းတစ်ခုသည် ထွက်ပေါ်လာသည်။အနီးကပ်ကြည့်သည့်အခါ ကလေး လက်သီးဆုပ်ရွယ် ရွှေရောင်အလင်းတန်းလေးကို တွေ့ရသည်။၎င်း၏ပုံစံမှာ ကောင်ချူးကို ကိုယ်စားပြုခြင်း ဖြစ်သည်။
ယင်းမှာ ကောင်ချူး၏ အခြေတည်စဝိဉာဉ်မှလွဲ အခြား မဖြစ်နိုင်။
နှလုံးသားနှင့် ပေါင်းစည်းခြင်း အထက်တွင် အခြေတည်စဝိဉာဉ်ရှိသည်။အများအားဖြင့် အခြေတည်စ ဝိဉာဉ်ကျင့်ကြံသူဟု ခေါ်သည်!
အခြေတည်စ ဝိဉာဉ်ကျင့်ကြံသူများသည် ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်သည့် အရည်အချင်း ရှိကြသည်။သူတို့သည် မင်းဆက်ခုနစ်ဆက်ကို ပူးပေါင်းခဲ့မည်ဆိုလျှင်တောင် များစွာသော ကြည်ညိုလေးစားခြင်းကို ခံရလိမ့်မည်။
ကောင်ချူး၏ အခြေတည်စဝိဉာဉ်သည် အံ့ဖွယ်အရှိန်ဖြင့် ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်၌ ပျောက်ကွယ်သွားသည်။
“မင်းရဲ့ ရုပ်ခန္ဓာက အလုံအလောက် မသန်မာဘူး။မဟုတ်ရင် ငါ သူ့ကို လိုက်ဖမ်းနိုင်မှာ”
စုယီ၏စိတ်ထဲတွင် ဖုန်းလုံ၏ပုံရိပ်သည် ပဲ့တင်ထပ်ကာ သွေးရောင်သံချပ်ကာသည်လည်း ပျောက်ကွယ်သွားသည်။သွေးမျှင်များအဖြစ် ပြောင်းကာ ကျူးဝူဓားထဲသို့ ပြန်ဝင်သွားသည်
စုယီသည် အားနည်းလာကာ အောက်သို့ ပြုတ်ကျသွားသည်။
လေထဲတွင် ဆယ့်နှစ်မီတာလောက်မှ ပြုတ်ကျရာ သူ၏မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူရော်သွားသည်။ချက်ချင်းပင် သူသည် ဗရမ်းဗတာ ဆင်းသက်ကာ မြေပြင်ပေါ်သို့ ရိုက်လေသည်။ထြိအခါ မြေကြီးပေါ်တွင် လူပုံစံ ကြီးမားသည့် ချိုင့်ခွက်ကြီး ပေါ်လာသည်။
ကံကောင်းသည်မှာ သူ့ရုပ်ခန္ဓာ သန်မာ၍သာ တော်သေးသည်။မဟုတ်လျှင် တစ်ပိုင်းတစ်စစီ ဖြစ်ကုန်လိမ့်မည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲတွက် အရိုးများစွာ ကျိုးသွားသည်ကို ခံစားမိလိုက်သည်။
“ဖုန်းလုံ…မင်းမိဘတွေကို ငါ နှုတ်ဆက်လိုက်ပါတယ်!”
စုယီသည် ချိုင့်ခွက်ထဲတွင် လဲရင်း ယောင်တက်ရာရာ ပြောနေခဲ့သည်။သူ့ပါးစပ်ထဲမှ သွေးများလည်း တရစပ် ထွက်လာသည်။ထိုအချိန်တွင် တံတွေးမျိုချရတာတောင် သူ့အတွက် ခက်ခဲနေသည်။
“ဆောရီးဘဲ။ငါက ဓားဝိဉာဉ်လေ။ငါ့မှာ မိဘမရှိဘူး”
“...”
စုယီက မချိမဆံ့ ဝေဒနာကို ခံစားနေရချိန်တွင် မြို့သူမြို့သားများကတော့ ကမ္ဘာကြီး တုန်ခါသွားသည်အထိ အားပေးဂုဏ်ပြုနေကြသည်။
နောက်တစ်ဖန် စုယီသည် ရှီဝမ်မြို့၏ မြို့သူမြို့သားများကြားတွင် ပို၍ပင် အံ့သြထိတ်လန့်စေသည့် သူ၏ အတုမရှိနိုင်သော စွမ်းအားကို ပြသခဲ့သည်။
ဒီလောက် စွမ်းအားကြီးတဲ့ အစောင့်အရှောက်နဲ့သာဆို သူတို့ ရှီဝမ်မြို့ကြီးသည် ပို၍ လုံခြုံတော့မည်!
တစ်ချိန်တည်းမှာပင် စုယီသည် ကမ္ဘာသားတွေလည်း အလွန်စွမ်းအားကြီးနိုင်ကြောင်း သူတို့အား သက်သေပြခဲ့သည်!
“အံ့လောက်ပါပေတယ်။သူက တကယ် စူပါမန်းဘဲ!”
“အခုရော ရွှေရောင်အလင်းတန်းက ဘာလုပ်နိုင်သေးလဲ?”
“ဟဟဟ ငါတို့ကမ္ဘာမြေသားတွေကို အထင်လာမသေးနဲ့။မီးပွင့်သွားမယ်!”
“တော်လိုက်တာကွာ! အရမ်း ကျေနပ်တယ်!”
“အာ ဘယ်အချိန်မှများ ငါ စုယီလို စွမ်းအားကြီးနိုင်မှာလဲကွာ?”
တစ်မြို့လုံးသည် စုယီ၏ လုပ်ရပ်ကို စိတ်ဝင်တစား ဆွေးနွေးနေကြသည်။ထိုအချိန်တွင် စုယီ အလွန်အမင်း နာကျင်ခံစားနေရတာကိုတော့ သတိမပြုမိကြပေ။
သူသည် ခက်ခက်ခဲခဲ ကြိုးစားပြီး မတ်တပ်ရပ်လိုက်သည်။သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ခါနေခဲ့သည်။
သူ့ခွန်အားနဲ့ဆိုလျှင် သူ အခုလိုမျိုး ဘယ်တော့မှ ပြုတ်ကျမည် မဟုတ်ပါ။သို့သော် ဖုန်းလုံသည် အစောပိုင်းတွင် သူ၏ ခွန်အား အကုန်လုံးနှင့် နတ်ဆိုးစွမ်းအားများကို သုံးပစ်လိုက်ကာ သူ့အား လုံးဝ ပင်ပန်းနွမ်းနယ်နေသည့် ပုံစံဖြင့် ထားခဲ့သည်။ထို့ကြောင့် သူသည် ပြုတ်ကျကာ အလွန်ပြင်းထန်သည့် ဒဏ်ရာများကို ရရှိခြင်း ဖြစ်သည်။
…