ကြန်အင်လက္ခဏာအသစ်များ
Vol. 3 Ch. 35
ပြုတ်ကျသည့်အရာမှာ ဂြိုဟ်တုငယ်တစ်ခုဖြစ်ကာ ပြင်ပနေရာသို့ မကျဘဲ အမြင့်မီတာသုံးထောင်တွင် တစ်မြို့လုံးအတွက် ကွန်ရက်အချက်ပြမှုများ ပေးဆောင်ရန် ဗဟိုချက်နေရာသို့ ကျလေသည်။
ထိုဂြိုလ်တုငယ် ပြုတ်ကျသွားသည့်အခါ တစ်မြို့လုံး၏ ကွန်ရက်များ ပြတ်တောက်သွားကာ တိုက်ရိုက်လွှင့်မှုကို ကြည့်နေကြသည့် ဖုန်းများ၊တီဗီများအားလုံး ပိတ်သွားသည်။
“သေစမ်း! ဘာလို့ ကွန်ရက်မရတော့တာလဲ?”
“အင်တာနက်လိုင်းရေ! မင်းမေကလွှား! တစ်နေကုန် ကျင့်ကြံပြီး ခုမှ လိုင်းလေးသုံးမလို့ ရှိသေး။ခု လိုင်းက ပြတ်သွားပြီတဲ့!ဂိမ်းထဲမှာ ငါ Level 99 ရောက်နေပြီ။အစက ပြန်မဆော့ချင်ဘူးကွ! ဘောစ့်က ငါ့ကို သတ်တော့မယ်!”
“ဘာတွေ ဖြစ်ကုန်တာလဲ? လိုင်းက ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ?”
“ချီလင်၏ မြင့်မြတ်သောကြာပွင့်က လုပ်လိုက်တာများလား?”
“ထူးဆန်းတယ်။ပြန်လည် တည်ဆောက်ပြီးကတည်းက ဒါ ပထမဆုံး အင်တာနက်လိုင်း ပြတ်တောက်တာဘဲ”
မြို့သူမြို့သားများသည် သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။ဂြိုလ်တုသည် မြို့လယ်ခေါင်တည့်တည့် ပြုတ်ကျသွားကာ သူကျသည့်နေရာရှိ လမ်းများ ပျက်စီးကုန်သည်။မြင်လိုက်ရသည့် လမ်းသွားလမ်းလာများသည် ထိတ်လန့်သွားကြသည်။
ပထမတော့ ချီလင်၏ မြင့်မြတ်သော ကြာပွင့် ပေါ်လာတယ်။ခုကျတော့ အင်တာနက် ပြတ်သွားပြီ။
မြို့သူမြို့သားအားလုံး ဝမ်းနည်း အားငယ်လာကြကုန်သည်။
မြို့ထဲရှိ လူတွေအကုန်လုံး အင်တာနက်လိုင်းများ ပြတ်ကုန်ကြသည်။လူတစ်ယောက်မှ လွဲ၍—စုယီ
သူသည် နန်ရှောင်ပေါင် နိုးလာမည်ကို စောင့်နေစဉ် ဧကရာဇ်စုဂိုဏ်းသားများ ကြွားလုံးထုတ်ပြီး လေပေါနေသည်ကို သူ့စိတ်အာရုံထဲမှနေ၍ ကြည့်နေခဲ့သည်။
နတ်ဆိုးမြေခွေး ကြယ်ပွင့် ဂိုဏ်းထဲရောက်လာကတည်းက ကျားနက်ဧကရာဇ်နှင့်အတူ မနက်ကနေ ညအထိ စကားပြောနေကြသည်။
အိပ်ကော အိပ်ရဲ့လား?
ရှားထန်ယိနှင့် နတ်ဆိုးဘုရင်ချင်းယန်တို့သည် အလုပ်များသည့်သူများ ဖြစ်ကြသည်။သူတို့ ဝင်ပြောသည့် အကြောင်းအရာတိုင်းမှာ အဓိကသတင်းများ ဖြစ်ကြပြီး အမြဲတမ်း အဖွဲ့ဝင်များကို အံ့ဩစေသည့် အကြောင်းအရာများသာ ဖြစ်သည်။
သခင်ကြီးချီယန်ကတော့ သူ ထွက်မပြေးခင်ကတည်းက စကားပြောတာ တဖြည်းဖြည်း နည်းလာခဲ့သည်။
ဝူချင်းယောင်ကတော့ အရင်ထပ်ပိုပြီး တက်ကြွလာသည်။အရင်ကလို သူမပြောသည့် စကားတိုင်းက နတ်ဆိုးနှင့် မိစ္ဆာများကို မုန်းတီးသည့် အကြောင်းများ မဟုတ်တော့ပါ။သူမသည် ကျားနက်ဧကရာဇ်နှင့် နတ်ဆိုးမြေခွေး ကြယ်ပွင့် ပြောသည်များကိုပင် ရယ်နေတတ်သေးသည်။
“ဘာလို့ ခုထိ အလုပ်မဖြစ်သေးတာလဲ။တစ်ခုခုများ မှားယွင်းသွားလို့လား?”
စုယီသည် စိုးရိမ်လာကာ မနေနိုင်တော့ဘဲ ဧကရာဇ်စုဂိုဏ်းထဲတွင် ဝင်မေးလိုက်တော့သည်။
ဧကရာဇ်စု: ချီလင်၏ မြင့်မြတ်သောခန္ဓာ နိုးထဖို့ရန်အတွက် အချိန် ဘယ်လောက်လိုအပ်လဲ?
ဝူချင်းယောင်: သင်ရော အာ့တာကို စိတ်ဝင်စားနေတာလား?
ဧကရာဇ်စု: ဟုတ်တယ်
နတ်ဆိုးဘုရင် ချင်းယန်: ချီလင်၏ မြင့်မြတ်သောခန္ဓာက ရှေးဟောင်းနတ်ဆိုးမိစ္ဆာ တစ်ကောင်ဘဲ။ပြီးတော့ ခုက နှစ်ပေါင်း သုံးထောင်ကြာပြီးနောက် ပထမဆုံးအကြိမ် ပြန်ပေါ်လာတာ။အာ့တော့ ဆယ်ရက်ကနေ လဝက်လောက်ထိ ကြာလိမ့်မယ်လို့တော့ ငါ ထင်တယ်!
နတ်ဆိုးမြေခွေး ကြယ်ပွင့်: အာ့လောက် ကြာတယ်လား၊ဟမ်? အာ့ကိုရောက်ဖို့ အချိန်ရှိသေးတာဘဲ။ဧကရာဇ်စု ၊ငါတို့ တွေ့ရင်တွေ့ရနိုင်တယ်?
ဧကရာဇ်စု: ငါက အာ့နယ်မြေက မဟုတ်ဘူး။ဒါပေမယ့် တစ်ကမ္ဘာလုံးက အရာအားလုံးကို ငါ ကင်းထောက်နိုင်တယ်။
စုယီသည် နောက်တစ်ကြိမ် ကြွားလုံးထုတ်လိုက်သည်။သူသည် ဝဘ်နိုဘယ်များစွာကို ဖတ်ဖူးသည့်အတွက် ရှေးအတွေးအခေါ်များစွာကို သိသည်။ထို့ကြောင့် သူ၏ လိမ်လည်မှုသည် ပိရိသည်။
သူ့အပြောက ကြောက်စရာကောင်းသည့်အတွက် နတ်ဆိုး မြေခွေးကြယ်ပွင့်သည် ဧကရာဇ်စုနှင့် အပြင်မှာ လူချင်းတွေ့ဖို့ နောက်တစ်ကြိမ် မတွေးရဲတော့ပါ။
“ဂရုစိုက်။ တစ်စုံတစ်ခုက မင်းကို စောင့်ကြည့်နေတယ်”
ထို့နောက် ဖုန်းလုံ၏အသံသည် ထွက်ပေါ်လာသည်။
ဖုန်းလုံသည် ဧကရာဇ်စုဂိုဏ်း၏ စကားပြောဝိုင်း စာမျက်နှာကို ချောင်းကြည့်၍ မရပါ။စုယီ၏ အတွေးများ ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်ကြီးပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည် အလိုအလျောက် သူ၏အတွေးများကို ဖုံးကွယ်ပစ်လိုက်သည်။ထို့ကြောင့် ဖုန်းလုံသည် စုယီကို ဒီတိုင်း ငြိမ်နေသည်ဟုသာ ထင်လိုက်သည်။
ထိုစကားကို ကြားသည့်အခါ စုယီသည် ချက်ချင်း မတ်တပ်ရပ်လိုက်သည်။သူသည် အပျက်အစီးများကြားတွင် ရပ်နေပြီး မီတာတစ်ထောင်အတွင်းတွင် ပျက်စီးနေသည့်နံရံများသာရှိသည်။ ဧရာမနွယ်ပင်များသည် တောင်တန်းငယ်များနှင့်တူသည်။ ဖုန်မှုန့်များ ပျံ့လွင့်ခြင်းမရှိသော်လည်း ဤနေရာသည် မည်သူမဆို နီးကပ်လာရန် အလွန်အန္တရာယ်များနေသေးသည်။
ဝူချင်းယောင်သာ်လည်း ချီလင်၏ မြင့်မြတ်သော ကြာပွင့်က ဘယ်လောက် ကြောက်စရာကောင်းကြောင်း ပြောရင်း ထန်ချွမ်မင်ကို သတိပေးနေခဲ့သည်။
မြို့တော်ဝန်တစ်ယောက်အနေနှင့် ယခုအချိန်မှာ ရှီဝမ်မြို့၏ ဘုရင်တစ်ပါး ဖြစ်သည်။ထန်ချွမ်မင်သည် အခြေအနေကို သေချာ နားလည်ဖို့ လိုသည်။သို့မှသာ ဤနယ်မြေကို လုံခြုံအောင် ထားနိုင်လိမ့်မည်။
ကောင်းကင်ကြီးသည် ကြည်လင်တောက်ပနေကာ အဖြူရောင်တိမ်တိုက်အချို့ ရွေ့လျားနေသည်။မူမမှန်တာ ဘာတစ်ခုမှ မရှိပါ။အနီးတစ်နေရာတွင် ရန်သူ ပုန်းအောင်းနေလျှင် သူတို့အတွက် ရှာဖို့ရန် ခက်ခဲသည်။
“ဘယ်မှာလဲ?”
စုယီက သူ့စိတ်ထဲတွင် မေးလိုက်သည်။ဖုန်းလုံက ရိပ်မိသည့်အတွက် ပြိုင်ဘက်၏တည်နေရာကို ဖုန်းလုံ သိရှိ၍သာ ဖြစ်မည်ဟု စုယီ ကောက်ချက်ချလိုက်သည်။
“ကောင်းကင်ထဲမှာ!”
ဖုန်းလုံ၏ တုံ့ပြန်မှုသည် စုယီကို မျက်မှောင်ကြုတ်သွားစေသည်။ဘယ်ရန်သူက ကောင်းကင်ထဲ ရှိနိုင်မှာလဲ?
မမြင်နိုင်တဲ့ အရာများလား?
စုယီသည် သူ့မျက်လုံးများကို မှေးကျဉ်းကာ သိမ်းငှက်တစ်ကောင်၏ အကြည့်မျိုးဖြင့် ကောင်းကင်ထဲ ကြည့်လိုက်သည်။
ထို့နောက် တိမ်တိုက်တစ်ခုသည် ကြောက်လန့်ဖွယ် မြင်ကွင်းတစ်ခုကို သယ်ဆောင်ကာ အဝေးတစ်နေရာမှ လွင့်လာသည်။မရေမတွက်နိုင်သော လင်းနို့များသည် သူတို့၏ တောင်ပံများကို ခတ်နေကြသည်။ကြည့်ရုံဖြင့် သူတို့က မရေမတွက်နိုင်အောင် များပြားမှန်း သိနိုင်သည်။တစ်ကောင်ချင်းစီသည် သိမ်းငှက်အရွယ်အစား ရှိသည်။
စုယီသည် သူ၏ သာလွန်သော အကြားစွမ်းရည်ဖြင့် စူးရှသည့် အော်ဟစ်သံများ တစ်စတစ်စ ပိုမို ကျယ်လောင်လာသည့်ကို ကြားလိုက်သည်။
ကြီးမားသော နတ်ဆိုးချီလှိုင်းကြီးသည် မိုးခြိမ်းသံများကိုပါ သယ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
မြို့ထဲရှိ လူအများသည် ကောင်းကင်ပေါ်ရှိ မူမမှန်သည့်အရာကို သတိပြုမိသွားသည်။
ရှီဝမ်မြို့ရှိ မိုးမျှော်တိုက်ကြီး၏ ထိပ်ဆုံးထပ်တွင် ထမ်ချွမ်မင်သည် အလုပ်သမားများကို ဆူပူနေသည်။ “ဂြိုလ်တုက ဘယ်လိုလုပ် ကျလာရတာလဲ? အာ့တာက ရှီဝမ်တစ်မြို့လုံးကို အန္တရာယ် ဖြစ်စေမယ်ဆိုတာ သိလား?”
“ခု ကျွန်တော်တို့မှာ လူ ငါးသိန်းလောက်တောင် မကျန်တော့ဘူး! မြို့ထဲမှာရှိတဲ့ လူတိုင်း သေရင် အပြစ်တင်ခံရလိမ့်မယ်!”
သူ့ ဆူပူသံကြောင့် အလုပ်သမားများ ချွေးစေးပြန်လာသည်။ဂြိုလ်တုက ဘာကြောင့် ရုတ်တရက် ပြုတ်ကျလာတယ်ဆိုတာ သူတို့လည်း မသိပါ။
ဂြိုလ်တုများသည် ကမ္ဘာပေါ်က ဂြိုလ်တုများကဲ့သို့ အာကာသအတွင်းသို့ မဝင်ရောက်နိုင်သောကြောင့် ၎င်းတို့တွင် အရန်ဂြိုလ်တုများ ရှိပြီး ၎င်းတို့ကို လျှပ်စစ်ဓာတ်အားဖြင့် ပျံဝဲနေအောင် ထိန်းသိမ်းထားသည်။
အလုပ်သမားများသည် အရန်ဂြိုလ်တုများကို အမြန် ယူကာ ပြုပြင်ပြီး ပြန်လည် လွှတ်တင်ဖို့အတွက် ပြင်ဆင်ကြသည်။
“နေအုံး! အာ့တာ ဘာလဲ?”
ထမ်ချွမ်မင်ဘေးရှိ ကြွက်သားတောင့်တင်းသည့် လူတစ်ယောက်သည် ကောင်းကင်ကို ညွှန်ပြကာ အလန့်တကြား အော်လေသည်။
သူ၏အမည်မှာ ကျန်းယိချန် ဖြစ်ပြီး ရှီဝမ်မြို့ရှိ ထိပ်တန်း ဒေသခံ ကျင့်ကြံသူ ဖြစ်သည်။သူ၏ချီကို ဒြပ်စင်ရှစ်မျိုးမှ တစ်ဆင့် ရရှိခဲ့ကာ အစွမ်းထက်သည့် မှော်ရတနာတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။စုယီ၊လောရွှေဂိုဏ်းနှင့် ကြီးမြတ်သောဝေ့၏ အကြီးအကဲလေးဦးမှလွဲလျှင် သူသည် မြို့တော်၏ ထိပ်တန်းသုံးယောက်တွင် ပါဝင်သည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။
ထမ်ချွမ်မင်နှင့် အလုပ်သမားများသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။မိုးခြိမ်းသံများကြားရှိ လင်းနို့အုပ်ကြီးကို မြင်လိုက်ချိန်မှာပင် တစ်မြို့လုံးကို နတ်ဆိုးတွေ ဖုံးအုပ်သွားသည်ဟု ထင်လိုက်ရသည်။
“အာ့တာ မိစ္ဆာတွေဘဲ!”
မြို့ကို အရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်!”
ထမ်ချွမ်မင်သည် သူ့လူယုံတော်ကို အမြန် ညွှန်ကြားလိုက်သည်။လူယုံတော်သည် ထုတ်လွှင့်သည့်ရုံးသို့ ချက်ချင်း ဖုန်းဆက်သည်။ရှီဝမ်မြို့၏ ဆက်သွယ်ရေးကို နှစ်ပိုင်း ပိုင်းခြားထားသည်။တစ်ခုမှာ ခရိုင်တစ်ခုချင်းစီရှိ အသံလွှင်ရုံများ ဖြစ်သည်။၎င်းကို ဝိုင်ယာများဖြင့် ဆက်ထားကာ အင်တာနက်ကို ဂြိုလ်တုမှ ထောက်ပံ့သည်။မြို့၏ ထောင့်တိုင်းတွင် ရှိပါသည်။
ခဏအကြာ မြို့၏ ခရိုင်များတွင် သတိပေးသံ ထွက်ပေါ်လာကာ မြို့သူမြို့သားများ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြသည်။
“နောက်ထပ် နတ်ဆိုးဘုရင် လာတိုက်တာလား?” စုယီက ရေရွတ်လိုက်သည်။
ရှီဝမ်မြို့သည် တကယ့်ကို ဒုက္ခများ ဆက်နေသည်!
ဒီလိုသာ ဆက်ဖြစ်နေလျှင် လူဦးရေတွေ ကျန်တော့မည် မဟုတ်!
စုယီသည် ဝေဟင်တိုက်ပွဲအတွက် ဖုန်းလုံကို အားမကိုးပါ။ယင်းသည် သူ့အား တကယ့်ကို ထိခိုက်စေသည်။
“ရှီဝမ်မြို့က ပြင်ပကမ္ဘာမှ ဆန်းကြယ်တဲ့မြို့ဖြစ်ပြီး ချီလင်၏ မြင့်မြတ်သောကြာပွင့် ပါရှိသောကြောင့် ဂိုဏ်းအများအပြားက စိတ်ဝင်စားနေကြတယ်။ ဘေးကင်းဖို့ ဖြောင့်မတ်ပြီး နတ်ဆိုးလမ်းကြောင်းထဲက ကြီးမားတဲ့ ကျောင်းတစ်ခုခု သို့မဟုတ် မြင့်မြတ်သောထန်၏ အဓိကအင်အားစုတစ်ခုနှင့် ချိတ်ဆက်ရမယ်။တခြားမင်းဆက်ခြောက်ဆက်က ကာကွယ်ဖို့ ခွန်အားမရှိဘူး!" ဖုန်းလုံက သူ့စိတ်ထဲမှာ ခွဲခြမ်းစိတ်ဖြာနေသည်။
စုယီသည်လည်း အတွေးတူတူပင်။သူသည် ရှီဝမ်မြို့ကို သေချာပေါက် တစ်သက်လုံး ကာကွယ်နေလို့ မရပါ။
အဆိုးဆုံးမှာ သူသည် ရွှဲ့ယွမ် လူသားဧကရာဇ်ကို ကြောက်နေခြင်းပင် ဖြစ်သည်။
ရွှဲ့ယွမ်လူသားဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်ကို ဆန့်ကျင်ရန် သူတို့ကို စေလွှတ်ခဲ့သော်လည်း ဤနေရာတွင် သူသည် နတ်ဆိုးများကို ပြုစုပျိုးထောင်နေလေသည်။
တွေးရုံဖြင့်ပင် ရှက်စရာ ကောင်းသည်!
ရွှဲ့ယွမ်လူသားဧကရာဇ်က သူ့ကို မထီမဲ့မြင်ပြုတယ်လို့ ထင်သွားလောက်သည်။
“သူတို့ ဘာစောင့်နေတာလဲ?”
စုယီသည် မျက်လုံးများကို မှေးကျဉ်းရင်း မေးလိုက်သည်။လင်းနို့တွေက တစ်စုံတစ်ခုကို စောင့်နေမှန်း သူ အာရုံခံမိသည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် သူ့အတွေးထဲ ရုတ်တရက် ပေါ်လာသည်။ကြီးမြတ်သော တာအိုဆက်သွယ်ရေးစက်ကြီးရဲ့ ဖန်သားပြင်ပင် ဖြစ်သည်။
အောက်ပါ လုပ်ဆောင်ချက် အသစ်များထဲမှ တစ်ခုကို ဖွင့်ရန် ရွေးချယ်ပါ!
နတ်ဆိုး အရိပ်စစ်တပ်!
ဂိုဏ်း တယ်လီပို့ခြင်း!
စုယီ၏ အမူအရာသည် ပြောင်းလဲသွားသည်။လုပ်ဆောင်ချက် အသစ်?
သူတို့နှစ်ခုလုံး၏နာမည်များသည် အံ့ဩစရာပင်!
တစ်ခုထဲကို ရွေးရတာတော့ နှမျောစရာပင်။သို့သော် သူသည် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။
ရှေ့ဟာက စစ်တပ်၊ နောက်ကဟာက ဧကရာဇ်စုဂိုဏ်းထဲမှ အဖွဲ့သားတစ်ယောက်ကို တယ်လီပို့ခြင်း ဖြစ်သည်။ခုချိန်တွင် သခင်ကြီးချီယန်နှင့် ဝူချင်းယောက် မဟုတ်ဘဲ ဘယ်သူ့ကိုဘဲ တယ်လီပို့ လုပ်လုပ် သူ ထိန်းချုပ်လို့ရမည် မဟုတ်ဘဲ သူ့ကို စွန့်လွှတ်သွားမည် ဖြစ်သည်။
ဒါပေမယ့် နတ်ဆိုး အရိပ်စစ်တပ်ကရော အန္တရာယ် မရှိနိုင်ဘူးလား?
…