အခန်း (၂၂၈)
Vol. 16 Ch. 228
"ယန်ဟွမ်ကျောင်းတော်က တကယ်ကို မဟာရှားနိုင်ငံရဲ့ မြင့်မြတ်တဲ့ ကိုယ်ခံပညာ နယ်မြေပဲ"
"ချီကာကွယ်ရေး အဆင့် ၉က မူလဘူတ နယ်ပယ်အဆင့်၁ကို အဆင့်ကျော်ပြီး အနိုင်ယူနိုင်တာ တကယ် ကြောက်စရာကောင်းလွန်းတယ်"
"ဟားဟား.. ငါတို့က သာမန် ကျောင်းသားဖြစ်ဖို့ပဲ ကံပါလာပုံရတယ်"
သူတို့ရှေ့မှ မြင်ကွင်းက ကျောင်းသားသစ် အများစု၏ နှလုံးသားထဲကို ရေအေးတစ်ပုံး လောင်းချလိုက်သလို ဖြစ်သွားစေခဲ့သည်။
ယန်ဟွမ်ကျောင်းတော်၏ အကဲဖြတ် စစ်ဆေးမှုက တကယ်ကို ရုန့်ရင်းကြမ်းတမ်းလွန်းသည်။
အလယ်အလတ်အဆင့် ကျောင်းသားအဖြစ် သတ်မှတ်ခံရဖို့အတွက်ပင် သူတို့သည် အသည်းအသန် ကြိုးစားခဲ့ရ၏။
သို့သော် ချီကာကွယ်ရေး အဆင့်၉ ကျောင်းသားသည် ငါးပွဲလက်ခံ ကစားပြီးနောက်တွင် သိသိသာသာ အားကုန်သွားပုံရသည်။
ထိုအခွင့်အရေးကို တစ်စုံတစ်ယောက်က အသုံးချရန် ကြံစည်နေသောအချိန်မှာပင် အကြီးအကဲ ပိုင်ရှန့်ရှင်းသည် စင်ပေါ်မှ ချီကာကွယ်ရေး အဆင့်၉ ကျောင်းသားနေရာကို အစားထိုးလိုက်ကာ ရေတွက်၍မရသည့် ကျောင်းသားသစ်များ၏ နှလုံးသားထဲမှ နောက်ဆုံး ကံကောင်းခြင်း အကြွင်းအကျန်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်၏။
နေ့တစ်ဝက် ကြာပြီးနောက်တွင် ကျောင်းသား တစ်ဝက်ကျော်ကို အကဲဖြတ်မှု လုပ်ဆောင်ပြီးသွားပြီ ဖြစ်သည်။
ကျောင်းသားသစ် ၁၀၀ ကျော်ထဲတွင် အနည်းဆုံး ၇၀%သည် စိန်ခေါ်မှုကို မအောင်မြင်ခဲ့ဘဲ သာမန် ကျောင်းသားများသာ ဖြစ်သွားခဲ့သည်။
ချီကာကွယ်ရေး အဆင့်၉ကို စိန်ခေါ်ပြီး အလယ်အလတ်အဆင့် ကျောင်းသားအဖြစ် တိုက်ရိုက် တိုးမြှင့်ခံရသည့်သူမှာအလွန်ပင် နည်းပါးသည်။
မူလဘူတ နယ်ပယ်အဆင့်၁ ကို စိန်ခေါ်ပြီး အဆင့်မြင့် ကျောင်းသားအဖြစ် တိုက်ရိုက် သတ်မှတ်ခံရသည့်သူမှာ ပို၍ပင် ရှားသေး၏။
အကဲဖြတ်မှုက တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာခဲ့ပြီး
စစ်ဆေးမှုမှာ မပါဝင်ရသေးသည့် ကွင်းထဲမှ လူအရေအတွက်သည်လည်း တဖြည်းဖြည်း နည်းပါးလာပြီး မကြာခင်မှာပင် ဆယ်ယောက်အောက်သာ ကျန်ရှိတော့သည်။
သို့သော် ထိုသို့ဖြစ်ခဲ့လျှင်ပင် ကျန်းချန်နှင့် မှော်ကျောက်တုံး တစ်သန်း လောင်းကြေးထပ်ထားသည့် မုန့်ချန်သည် ဘာမှ အလျင်စလို မဖြစ်ဘဲ စိတ်အေးလက်အေးသာ စောင့်ဆိုင်းနေခဲ့၏။
တခြားသူတွေက နဂါးစာရင်းဝင် ကျောင်းသား ရှကျဲထံ အကဲဖြတ်ခံယူသည်ကို သူက စောင့်ကြည့်ချင်ခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို နားလည်လျှင် တိုက်ပွဲတွင် အရှုံးမရှိဟူသော စကားအတိုင်း ရှကျဲ၏ အားသာချက်နှင့် အားနည်းချက်ကို ရှာဖွေတွေ့ရှိမှသာ သူက ရှကျဲကို အချိန် ကြာကြာတောင့်ခံနိုင်ပြီး ကျန်းချန်နှင့် လောင်းကြေးကို အနိုင်ရရှိမည် ဖြစ်သည်။
မုန့်ချန် စောင့်ဆိုင်းနေသောအချိန်မှာပင် တစ်စုံတစ်ယောက်သည် အဆုံးသတ်တွင် ရှကျဲကို စိန်ခေါ်ရန် စင်မြင့်ပေါ်သို့ တက်လာခဲ့၏။
ပထမဆုံး ထွက်ပေါ်လာသည့်သူက ဟောင်ထျန်းကျောင်းတော်မှ ဓားရေး ပါရမီရှင် ယဲ့ချမ်ချိုး ဖြစ်သည်။
ရှကျဲက ကျင့်ကြံမှု အခြေခံကို ယဲ့ချန်ချိုးနှင့် အဆင့်တူတွင် ဖိနှိပ်ထားခဲ့သည်။
နက်နဲသော ဓားစိတ်ဆန္ဒကို နားလည်ထားသည့် ယဲ့ချမ်ချိုးသည် ရှကျဲ၏ တိုက်ကွက် ဆယ်ကွက်ကို ခံနိုင်ရည်ရှိခဲ့ပြီး အတွင်းစည်း ကျောင်းသားအဖြစ် တိုက်ရိုက် တိုးမြှင့်ခံရသည့် ပထမဆုံး ကျောင်းသားသစ် ဖြစ်လာသည်။
နောက်တစ်ယောက် အလှည့်ကျသူမှာ ယင်ခိုင် ဖြစ်သည်။
သူသည်လည်း သူ၏ သွေးမျက်လုံး စွမ်းအားကို အားကိုးပြီး တိုက်ကွက် ဆယ်ကွက်ကို အလွယ်တကူပင် ခံနိုင်ရည်ရှိခဲ့ကာ အတွင်းစည်း ကျောင်းသား ဖြစ်လာခဲ့သည်။
ယဲ့ချမ်ချိုးနဲ့ ယင်ခိုင်တို့ တိုက်ခိုက်သည်ကို ကြည့်ရှုပြီးနောက်တွင် ရှကျဲ၏ အင်အားကို အတန်အတင့် နားလည်သွားသော မုန့်ချန်သည် အဆုံးသတ်တွင် လှုပ်ရှားလာခဲ့သည်။
"ကျန်းချန်.. အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်း.. အဆင်သင့်ပြင်ထားလိုက်တော့"
မုန့်ချန်က ကျန်းချန်ကို ပြုံးပြပြီးနောက် ချက်ချင်းပင် စင်မြင့်ပေါ်ကို တက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"နဂါးစာရင်းက ကျောင်းသားကို ငါ စိန်ခေါ်တယ်"
ရှကျဲရဲ့ မျက်လုံးများက အေးစက်သွားပြီး စင်ပေါ်ကို နောက်တစ်ကြိမ် တက်လာခဲ့သည်။
ထို့နောက် နှစ်ယောက်စလုံးက အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
တခဏအတွင်း နှစ်ယောက်စလုံးသည် တိုက်ကွက် ဆယ်ကွက်နီးပါး တိုက်ခိုက်ပြီးသွားခဲ့သည်။
မုန့်ချန်က သူ့တိုက်ကွက်ကို အလွယ်တကူ ပိတ်ဆို့နေသည်ကို မြင်လျှင် ရှကျဲ၏ မျက်နှာသည် အနည်းငယ် အကျည်းတန်သွားခဲ့၏။
သူက ဆယ်ကွက်ပြည့်၍ စင်ပေါ်မှ ဆင်းရန် ပြင်နေစဥ်မှာပင်
မုန့်ချန်၏ မောက်မာသော ရယ်သံသည် သူ့နားထဲကို တိုးဝင်လာခဲ့သည်။
"ဟားဟား... တကယ်ပဲ အားရဖို့ကောင်းလိုက်တာ"
"စီနီယာရှ.. ဆက်တိုက်ကြရအောင်.. အဆင့်တူ အခြေအနေမှာ ဘယ်နှစ်ကွက်လောက် တောင့်ခံနိုင်မလဲဆိုတာ ကျွန်တော် တကယ်ကို သိချင်နေတယ်"
ရှကျဲက အေးစက်စက် မျက်လုံးဖြင့် ကြည့်လိုက်သည်။
ဒီကောင်လေးက သေချင်နေမှတော့ သူက ယဉ်ကျေးနေဖို့ မလိုတော့ပေ။
သူက မုန့်ချန်ကို နောက်တစ်ကြိမ် တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
အဆုံးသတ်တွင် မုန့်ချန်သည် ရှကျဲ၏ တိုက်ကွက်ကို အကွက် သုံးဆယ်သာ ခံနိုင်ရည်ရှိခဲ့ပြီး ရှကျဲ၏ လက်ချက်ဖြင့် စင်မြင့်ပေါ်ကနေ အောက်သို့ ပြုတ်ကျသွားခဲ့သည်။
"ကျန်းချန် မင်းအလှည့်ပဲ"
ရှကျဲ၏ လက်ချက်ဖြင့် စင်အောက်သို့ ရောက်သွားသည့် မုန့်ချန်သည် မျက်နှာပျက်နေသော်လည်း ကျန်းချန်ကို ကြည့်သည့် သူ့၏ အကြည့်ကမူ အလွန်ပင် မောက်မာနေခဲ့သည်။
"အကွက် သုံးဆယ်လောက် တောင့်ခံနိုင်တာကိုများ ဘာတွေဂုဏ်ဆာနေတာလဲ"
"မင်းအနေနဲ့ မှော်စွမ်းအင် ကျောက်တုံး တစ်သန်းကို အမြန်ဆုံး ပြင်ဆင်ထားသင့်တယ်လို့ ငါထင်တယ်"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"မင်းက အစကတည်းက ဒီကစားပွဲကို ရှုံးပြီးသားပဲ"
အခန်း(၂၂၈) ပြီး၏