အခန်း (၂၂၉)
Vol. 16 Ch. 229
"ဟားဟား ကျန်းချန် မင်း လေလုံးထွားမနေနဲ့.. မင်း ငါ့ကို အနိုင်ယူချင်တယ်ဆိုရင် စီနီယာ ရှကျဲရဲ့ လက်အောက်မှာ အနည်းဆုံး တိုက်ကွက် သုံးဆယ် ခံနိုင်ရည်ရှိအောင် အရင် ကြိုးစားကြည့်သင့်တယ်"
မုန့်ချန်က မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။
သူက ရှကျဲနှင့် တိုက်ခိုက်ပြီးနောက်တွင် နဂါးစာရင်းဝင် ကျောင်းသား၏ အင်အားက မည်မျှအထိ အားကောင်းမှန်း သိခဲ့ရ၏။
ကျင့်ကြံခြင်းအခြေခံကို တူညီသည့် အဆင့်အထိ ဖိနှိပ်ထားလျှင်ပင် ရှဲကျဲ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်ကျင့်ကြံသူများထက် များစွာ သာလွန်နေခဲ့၏။
မုန့်ချန်သည် မဟာရှားနိုင်ငံတော်၏ နာမည်ကျော် မုန့်မိသားစုတွင် ပါရမီရှင်အဖြစ် မွေးဖွားလာပြီး လျှို့ဝှက် နက်နဲသော ကိုယ်ခံပညာမျိုးစုံကို တတ်ကျွမ်းထားသော်လည်း ရှကျဲကို တိုက်ကွက် သုံးဆယ်သာလျှင် ခံနိုင်ရည်ရှိခဲ့သည်။
သူ့အမြင်တွင် စီရင်စု ကိုးခု ကိုယ်ခံပညာပြိုင်ပွဲ၏ ဗိုလ်စွဲသူ ကျန်းချန်သည် ယဲ့ချမ်ချိုးနှင့် ယင်ခိုင်တို့ထက် အနည်းငယ် ပိုအားကောင်းရုံလောက်သာ ဖြစ်ပြီး ရှကျဲ၏ လက်အောက်တွင် တိုက်ကွက် ၁၀ ကွက် သို့မဟုတ် တိုက်ကွက် ၂၀ လောက်သာ ခံနိုင်ရည် ရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။
ဆိုရလျှင် ရှကျဲကို အနိုင်ယူဖို့ ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။
"မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ကြည့်ထားလိုက်.. မင်းကို အနိုင်ယူဖို့ဆိုတာ ငါ့အတွက် ပန်းခြံထဲမှာ လမ်းလျှောက်သလောက်ပဲ ရှိတယ်"
ကျန်းချန်က ပေါ့ပါးစွာ ပြောလိုက်ပြီး ရင်ပြင်အလယ်ကနေ စင်မြင့်ဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
ကျန်းချန် စင်ပေါ်သို့ တက်လာသည်ကို မြင်လျှင် စင်ပေါ်ကနေ မဆင်းရသေးသည့် ရှကျဲသည် အေးစက်စွာ ပြောလိုက်သည်။
"မင်းလည်း ငါ့ကို စိန်ခေါ်ချင်တာလား"
"အမှန်ပဲ"
"ခုနက မင်းရဲ့ လက်ချက်နဲ့ စင်အောက်ကို ပြုတ်ကျသွားတဲ့ကောင်နဲ့ ငါနဲ့က မင်းရဲ့ လက်ထဲမှာ ဘယ်လောက်ကြာကြာ ပိုပြီး တောင့်ခံနိုင်မလဲ ဆိုတာကို လောင်းကြေးထပ်ထားကြတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
သူက ရှကျဲကို စူးစိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
"မင်းက ခုနက တိုက်ပွဲမှာ ခွန်အားအများအပြား သုံးလိုက်ရတာဆိုတော့ ပြန်လည်ကုသဖို့အတွက် မင်းကို ၁၅ မိနစ် အချိန်ပေးမယ်"
"မလိုအပ်ပါဘူး"
ရှကျဲက အေးစက်စက် ရေရွတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့.. ငါတို့ စလိုက်ကြရအောင်"
"ငါကတော့ အများကြီး လိုအပ်တယ်လို့ ခံစားရတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ခဏနေလို့ တစ်စုံတစ်ယောက်က ရှုံးသွားပြီး အရှုံးကို ဝန်မခံရင် ငါ့အတွက် အကြီးအကျယ် ဆုံးရှုံးသွားရမှာမို့လို့ပဲ"
"ဟမ့်...သာမန်ကျောင်းသားသစ် တစ်ယောက်ကများ ငါ့ရှေ့မှာ ဒီလောက်အထိ မာန်တက်ပြရဲရအောင် မင်းကိုယ်မင်း ဘာထင်နေတာလဲ"
"မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်.. မင်း ငါ့ရဲ့ တိုက်ကွက် ၃၀ ကို ဘယ်လို ခံနိုင်ရည်ရှိမလဲ ဆိုတာကို ငါ စောင့်ကြည့်ရသေးတာပေါ့"
ရှကျဲ၏ မျက်လုံးက အေးစက်သွားပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ အမြန် မျိုချလိုက်သည်။
ထို့နောက် တင်ပျဥ်ခွေထိုင်၍ ပေါင်ပေါ် လက်တင်ကာ သူ၏ အင်အားများကို ပြန်လည် စုစည်းလိုက်သည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင် ရှကျဲသည် နောက်ဆုံး၌ တင်ပျဥ်ခွေထိုင်ရာကနေ ထလာခဲ့သည်။
သူက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ပြင်းထန်သော ချီလှိုင်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
သူ၏ အေးစက်သော အသံသည် ကျန်းချန်၏ နားထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့၏။
"ကောင်လေး ငါ့ရဲ့ အင်အားတွေ ပြန်ကောင်းသွားခဲ့ပြီ.. မင်း အခု စလို့ရပြီ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"မလောပါနဲ့.. ငါ တိုက်ပွဲမစခင်မှာ အကြီးအကဲပိုင်ကို မေးခွန်းတစ်ခုလောက် မေးချင်သေးတယ်"
ကျန်းချန်၏ စကားကို ကြားလျှင် ဘေးနားမှ အကြီးအကဲ ပိုင်ရှန့်ရှင်းသည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
သူက အံ့ဩသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။
"မင်းမှာ ဘာပြဿနာ ရှိလို့လဲ"
ကျန်းချန်က ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အကြီးအကဲပိုင်... ယန်ဟွမ်ကျောင်းတော်ရဲ့ ဝင်ခွင့်စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အကြီးအကဲ ပြောခဲ့တဲ့ အကဲဖြတ် စစ်ဆေးမှု အမျိုးအစားက သုံးခုပဲ ရှိတာလား"
ကျန်းချန်၏ စကားကို ကြားလျှင် ပိုင်ရှန့်ရှင်းသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။
"ဟုတ်တယ်.. ဝင်ခွင့်စစ်ဆေးမှု အမျိုးအစားက သုံးခုပဲ အမြဲရှိခဲ့တယ်.. ဘာပြဿနာရှိလို့လဲ"
"နည်းနည်းတော့ ရှိတယ် အကြီးအကဲ.. အကြီးအကဲ ပြောခဲ့တဲ့ စစ်ဆေးမှု သုံးမျိုးက နည်းနည်းလေး ရိုးရှင်းလွန်းနေတယ်"
ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူက ဆန့်ကျင်ဘက်တွင်ရှိနေသည့် ရှကျဲကို လက်ညှိုးထိုးကာ အံ့ဩစရာကောင်းသည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
"ကျွန်တော်က အကယ်၍ သူ့ကို အနိုင်ရသွားရင်ရော.."
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ရင်ပြင်ထဲရှိ ရေတွက်၍ မရနိုင်သောလူများသည် အသက်ရှူပင် မှားသွားခဲ့ကြသည်။
လူတိုင်းက မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အကြည့်များဖြင့် ကျန်းချန်ကို ကြည့်လိုက်ကြသည်။
သူတို့က သူတို့၏ နားတွင် အကြားအာရုံ ချို့ယွင်းနေသလားဟုပင် သံသယဝင်ခဲ့ကြသည်။
ရှကျဲဆိုသည်မှာ မည်သူနည်း။
သူက ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းတွင် အဆင့် ၄၆ နေရာတွင် ရှိသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ယန်ဟွမ်ကျောင်းတော်ကို ယခုမှ ဝင်ရောက်လာသည့် ကျောင်းသားသစ် တစ်ယောက်က နဂါးစာရင်းမှ ထိပ်ဆုံးအဆင့် ၅၀ အတွင်းမှ ကျောင်းသားကို အနိုင်ယူချင်နေခဲ့၏။
ယင်းက မည်မျှပင် ရူးသွပ်ပြီး မာနကြီးလိုက်ပါသနည်း။
အခန်း(၂၂၉) ပြီး၏