← Chapters

အခန်း (၂၃၁)

Vol. 16 Ch. 231

အခန်း (၂၃၁)

Vol. 16 Ch. 231

"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

စင်မြင့်ပေါ်မှ အခြေအနေကို မြင်လျှင် မုန့်ချန်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

ရှကျဲနှင့် ယခင် တိုက်ပွဲအပြီးတွင် မုန့်ချန်သည် ရှကျဲ၏ အင်အားကို နားလည်ထားခဲ့သည်။

သူက ရှကျဲ၏ တိုက်ကွက် ၃၀ ကို ခံနိုင်ရည်ရှိခဲ့သည်မှာ အလွန်ပင် ကောင်းမွန်နေပြီဟု မူလက ထင်ခဲ့သည်။

သိထားရမည့်အချက်မှာ ရှကျဲသည် နက်နဲမှုအဆင့် ကိုယ်ခံပညာ အတော်များများအပြင် ထူးဆန်းပြီး ခန့်မှန်းရခက်သည့် နက်နဲမှုအဆင့်မြင့် ခန္ဓာကိုယ် နည်းစနစ်ကိုပါ တတ်မြောက်ထားခြင်း ဖြစ်သည်။

ရှကျဲ၏ တစ္ဆေတရဲကဲ့သို့ လှုပ်ရှားနိုင်သည့် ခြေလှမ်းကွက်အောက်တွင် သူသည် အစွမ်းကုန် ကြိုးစားပြီးမှသာ တိုက်ကွက် ၃၀ အထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မုန့်ချန် ဘယ်လိုမှ မထင်ထားသည်မှာ ကျန်းချန်သည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်ကို အားကိုးပြီး ရှကျဲကို သူ၏ အင်္ကျီစကိုပင် မထိမိအောင် အကွက် ၃၀ အထိ ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဒီကောင်လေးက ရှကျဲကို အနိုင်ယူပြမယ်လို့ ခြိမ်းခြောက်ရဲတာ အံ့ဩစရာ မဟုတ်ဘူးပဲ.. သူ့မှာ တကယ်ပဲ အရည်အချင်း အနည်းငယ် ရှိနေတယ်"

ရှကျဲ၏ ရူးသွပ်သော လိုက်ဖမ်းမှုအောက်တွင် အေးဆေးတည်ငြိမ်စွာ ရှိနေသည့် ကျန်းချန်ကို ကြည့်ရင်း ပိုင်ရှန့်ရှင်း၏ အိုမင်းသော မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု တောက်ပလာခဲ့သည်။

ဤကလေးက တကယ်ကို သာမန်မဟုတ်ပေ။

သူ၏ အဆင့်ဖြင့် ကျန်းချန်က နက်နဲမှုအဆင့်မြင့် ခြေလှမ်းကွက် တတ်မြောက်ထားသည်ကို မြင်နိုင်ရန် မခက်ခဲချေ။

ဤခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်၏ အဆင့်သည် မြေကြီး အဆင့်ကို မရောက်လျှင်ပင် မြေကြီးအဆင့်ရှိ ခန္ဓာကိုယ် နည်းစနစ် အချို့နှင့် လုံးဝ နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။

ဤခြေလှမ်းကွက်ဖြင့်သာ ဆိုလျှင် ဤကောင်လေးသည် အဆင့်တူထဲမှ မည်သည့်ပြိုင်ဘက်ကိုမဆို ရင်ဆိုင်သည့်အခါတွင် အလွယ်တကူ ရှုံးနိမ့်နိုင်မည် မဟုတ်ပေ။

စင်မြင့်ပေါ်ရှိ ရှကျဲ၏ မျက်နှာသည်လည်း အနည်းငယ် မကောင်းတော့ပေ။

ရှကျဲသည် ဤကဲ့သို့ ဖြစ်လာမည်ကို မျှော်လင့်ထားပုံမရချေ။

သူက နက်နဲမှုအဆင့်မြင့် ခြေလှမ်းကွက်ဖြစ်သည့် တစ္ဆေခြေလှမ်းကို အသုံးပြုခဲ့သော်လည်း သူ့ရှေ့မှကောင်လေးကို လိုက်မဖမ်းနိုင်ခဲ့ပေ။

သူကဲ့သို့ ယန်ဟွမ်ကျောင်းတော်မှ ဂုဏ်သိက္ခာကြီးမားသည့် နဂါးစာရင်းဝင် ကျောင်းသားတစ်ယောက်သည် ဤမျှအထိ အသည်းအသန် လိုက်ဖမ်းနေရသော်လည်း တစ်ဖက်လူ၏ အင်္ကျီစကိုပင် ထိမိအောင် မလုပ်နိုင်ခြင်းသည် အလွန်ပင် ရှက်စရာ ကောင်းနေပြီ ဖြစ်သည်။

ရှကျဲသည် တဖြည်းဖြည်း စိတ်မရှည်ဖြစ်ကာ ဒေါသထွက်လာခဲ့သည်။

"ကောင်လေး.. မင်းက ငါ့ကို အနိုင်ယူပြမယ်လို့ လေကျယ်ခဲ့တယ် မဟုတ်လား.. ဒါဆိုလည်း ဘာလို့ ခြေလှမ်းကွက်ကို အားကိုးပြီး ငါ့ရှေ့မှာ ရှောင်တိမ်းနေတာလဲ.. ဒီလို ရှောင်တိမ်းနေမှတော့ မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး အနိုင်ယူပြမှာလဲ"

"သတ္တိရှိရင် ရှောင်မနေဘဲ ငါနဲ့ ဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်တိုက်ခိုက်စမ်းပါ"

"ကောင်းပါပြီ စီနီယာ ရှကျဲ.. စီနီယာက မရှောင်နဲ့ ဆိုတော့ကျွန်တော် မရှောင်တော့ပါဘူး.. လာပါ... စိတ်ချလက်ချ တိုက်ခိုက်လို့ရပါတယ်.. ကျွန်တော် ဘယ်ကိုမှ မရွေ့လျားဘဲ ဒီနေရာမှာပဲ ရပ်နေမယ်လို့ ကတိပေးပါတယ်.. စီနီယာ ကျွန်တော့်ကို စိတ်ကြိုက် တိုက်ခိုက်နိုင်ပါတယ်"

"မင်းအတည် ပြောနေတာလား"

ရှကျဲ၏ မျက်လုံးတွင် ဒေါသရိပ်သန်းသည့် အကြည့်တစ်ခု တောက်ပလာခဲ့သည်။

သူက ခြေဖဝါးကို မြေပြင်ပေါ်သို့ တစ်ချက် ဆောင့်ချလိုက်ပြီး တစ္ဆေခြေလှမ်းကွက်ကို အသုံးပြုကာ မျက်စိတမှိတ်အတွင်း ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထို့နောက် သူက ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လျှပ်စီးလိုအရှိန်ဖြင့် ကျန်းချန်၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။

"ထန်း"

ရှကျဲက ကျန်းချန်ကို လက်ဝါးနှင့် ရိုက်လိုက်သောအခါတွင် သတ္တုချင်း ထိခတ်မိသော အသံများကဲ့သို့ ပဲ့တင်သံများ ထွက်ပေါ်လာခဲ့သည်။

သူ လက်ဝါးဖြင့် ရိုက်လိုက်မိသောအရာမှာ လူတစ်ယောက်လို မဟုတ်ဘဲ မာကျောသော ကြေးရုပ်တုတစ်ခုကို ရိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူ့တစ်ကိုယ်လုံးသည်လည်း ကျန်းချန်၏ ကြီးမားသော တန်ပြန် တုံ့ပြန်မှု ခွန်အားကြောင့် တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ်.ဆုတ်လိုက်ရသည်။

"ဒါ... ဒါက ဘယ်လိုအခြေအနေကြီးလဲ.. ငါပဲ အမြင်မှားနေတာလား"

"ကျန်းချန်က သူ့နေရာမှာပဲ ရပ်နေပြီး စီနီယာ ရှကျဲကို တိုက်ခိုက်ခွင့်ပေးလိုက်ပေမယ့် စီနီယာ ရှကျဲကပဲ အနောက်ကို ခြေလှမ်းဆုတ်လိုက်ရတယ်.. တကယ် မယုံနိုင်စရာပဲ"

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မရေမတွက်နိုင်သော လူများသည် မျက်လုံးများ ကျွတ်ကျလုမတတ် အံ့ဩသွားကြသည်။

ကျန်းချန်က ထူးဆန်းသော ခြေလှမ်းကွက်ကို အားကိုးပြီး ရှကျဲကို သူ၏ အင်္ကျီစကိုပင် မထိမိအောင် စွမ်းဆောင်နိုင်သည်မှာ အံ့ဩစရာကောင်းနေပြီ ဖြစ်သည်။

ယခု ကျန်းချန်က ရှကျဲ၏ တိုက်ခိုက်မှုကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်၍ ရှကျဲကိုအနောက်သို့ ဆုတ်စေခဲ့ပြန်၏။

ယင်းမှာ ယန်ဟွမ်ကျောင်းတော်ကို ယခုမှ ဝင်ရောက်လာသည့် ကျောင်းသားသစ် တစ်ယောက်အနေဖြင့် မယုံကြည်နိုင်စရာ စွမ်းဆောင်မှုပင် ဖြစ်သည် မဟုတ်ပါလား။

အခန်း(၂၃၁) ပြီး၏

All Chapters