← Chapters

အခန်း (၂၃၃)

Vol. 16 Ch. 233

အခန်း (၂၃၃)

Vol. 16 Ch. 233

ရှကျဲ၏ ပေါက်ကွဲထွက်လာသော အရှိန်အဝါကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာသည် အလွန်ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။

မူလဘူတ အဆင့်၇ ကျင့်ကြံသူသည် အင်အားကြီးမားသော်လည်း ကျန်းချန်အနေဖြင့် လုံးဝစိုးရွံ့ခြင်းမရှိခဲ့ပေ။

ရှကျဲသာ တကယ်ပဲ သူ့ကို တိုက်ခိုက်ဝံ့လျှင် သူသည် ဤနဂါးစာရင်းဝင် ကျောင်းသားကို အနိုင်ယူရန် ဝန်လေးနေမည်မဟုတ်ပေ။

ရှကျဲက ကျင့်ကြံမှုကို ဖိနှိပ်မထားတော့ဘဲ မူလဘူတ အဆင့်၇ စွမ်းအား တိုက်ရိုက် ထုတ်ဖော်လိုက်သည်ကို အားလုံးက တွေ့လိုက်ရသည်။

ထိုခဏတွင် နံဘေးတွင်ရှိနေသည့် ပိုင်ရှန့်ရှင်းသည် အေးစက်သော လေသံဖြင့် အော်ငေါက်လိုက်သည်။

"တော်လိုက်စမ်း.. မင်း ဒီလောက်တောင် အရှက်ကွဲနေပြီ.. ဒီထက်ပိုပြီး အရှက်ကွဲချင်နေတာလား"

ပိုင်ရှန့်ရှင်းက သူ၏ ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါဖြင့် ရှကျဲကို ဖိနှိပ်လိုက်သည်။

လျှပ်စီးဒဏ် ခံလိုက်ရသကဲ့သို့ ရှကျဲက တုန်လှုပ်သွားပြီး ပိုင်ရှန့်ရှင်း၏ ဖိအားအောက်တွင် မြေပြင်ပေါ်သို့ ခြေထောက်တစ်ဖက်က ဒူးညွတ်ကျသွားခဲ့သည်။

"ရှကျဲ မင်းက လောင်းကြေးထပ်ပြီးသွားပြီပဲ.. မင်းရှုံးနိမ့်မှတော့ ကျန်းချန်ကို နဂါးစာရင်းဝင် ကျောင်းသားတံဆိပ်ပြား ပေးလိုက်ပါ"

ပိုင်ရှန့်ရှင်းက ရှကျဲကို ကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။

ရှကျဲသည် ပိုင်ရှန့်ရှင်း၏ စကားကို မဆန့်ကျင်ရဲပေ။

သူက မလိုလားသော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်ကာ သူ၏ တံဆိပ်ပြားကို ကျန်းချန်ဆီ ပစ်ပေးလိုက်သည်။

"ချာတိတ်လေး ငါ့ကို ဆက်ဆက်စောင့်နေ.. ငါ့ရဲ့ တံဆိပ်ပြားကို ငါကိုယ်တိုင် ပြန်လာယူမယ်"

ရှကျဲက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ရင်ပြင်မှ ချာခနဲ လှည့်ထွက်သွားခဲ့သည်။

"ကောင်လေး နဂါးစာရင်းဝင် ကျောင်းသားဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်.. မင်းက ယန်ဟွမ်ကျောင်းတော်ကို စတင်တည်ထောင် ကတည်းကနေ ရေတွက်ရင် နဂါးစာရင်းဝင် ကျောင်းသားဖြစ်လာတဲ့ ပထမဆုံး ကျောင်းသားသစ်ပဲ"

ပိုင်ရှန့်ရှင်းက ကျန်းချန်ကို ပြုံး၍ ကြည့်လိုက်သည်။

"ဒါပေမဲ့ ဒီနဂါးစာရင်းဝင် ကျောင်းသားရာထူးကို ဆက်လက်ထိန်းထားနိုင်မလား ဆိုတာကတော့ မင်းအပေါ်ပဲမူတည်တယ်"

ယန်ဟွမ်ကျောင်းတော်တွင် ကျောင်းသားများအကြားရှိ ပြိုင်ဆိုင်မှုသည် အလွန်ပင် ပြင်းထန်၏။

အထူးသဖြင့် နဂါးစာရင်းမှ ကျောင်းသားများသည် အဆင့်များကို ပြိုင်ဆိုင်ရန်အတွက် စိန်ခေါ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ဤကောင်လေးသည် ရှကျဲ၏ တံဆိပ်ပြားကို ရရှိထားသော်လည်း သူ၏ ခွန်အားက မူလဘူတ အဆင့်လေးတွင်သာ ရှိသေးသည်။

စစ်စစ် နဂါးစာရင်းဝင် ကျောင်းသားများထဲတွင် အဆင့်၁၀၀ ရှိသူပင် အနည်းဆုံး မူလဘူတ အဆင့်၆ သို့ ရောက်နေပြီ ဖြစ်၏။

ထို့ကြောင့် ကျန်းချန်အတွက် နဂါးစာရင်းထဲတွင် အဆင့် ၄၆ နေရာကို ဆက်လက် ထိန်းထားဖို့ ဆိုသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။

"ဒီကောင်က တကယ်ပဲ နဂါးစာရင်းဝင် ကျောင်းသားအဖြစ် တိုက်ရိုက် သတ်မှတ်ခံလိုက်ရပြီ"

"နဂါးစာရင်းဝင် ကျောင်းသားဖြစ်လာခဲ့ရင်တောင် သူ့ရဲ့အင်အားနဲ့ဆိုရင် လဝက်လောက်ပဲ ခံနိုင်မယ်လို့ ခန့်မှန်းရတယ်"

"လဝက်ကျော်တာနဲ့ ဒီကောင်တော့ လုံးဝ သေပြီ"

ထိုခဏတွင် နဂါးစာရင်း၌ ရှကျဲ၏ အဆင့် ၄၆ နေရာကို ကျောင်းသားသစ်ဖြစ်သည့် ကျန်းချန်နဲ့ အစားထိုးလိုက်သည်ကို အားလုံးက တွေ့လိုက်ရသည်။

ရင်ပြင်ထဲရှိ ကျောင်းသားအတော်များများသည် အံ့အားသင့်နေကြ၏။

သို့သော် အတော်များများကမူ မထီမဲ့မြင်ပြုကာ ပြုံးနေခဲ့ကြ၏။

ယန်ဟွမ်ကျောင်းတော်တွင် နဂါးစာရင်းဝင် ကျောင်းသားတိုင်းသည် စိန်ခေါ်မှုကို အောင်မြင်ပြီးနောက်တွင် လဝက်ခန့်သာ လုံခြုံရေးကာလ ရှိသည်။

ထို့ကြောင့် လဝက်အကြာတွင် ကျန်းချန်သည် နဂါးစာရင်းမှ တခြားသော ကျောင်းသားများ၏ စိန်ခေါ်မှုများကို ကျိန်းသေပေါက် ရင်ဆိုင်ရလိမ့်မည် ဖြစ်၏။

ဆိုရလျှင် ကျန်းချန်သည် မူလဘူတ အဆင့်လေး ခွန်အားဖြင့် နဂါးစာရင်းထဲကို မတော်တဆ ဝင်လာနိုင်သူ ဖြစ်ရာ နဂါးစာရင်းမှ ကျောင်းသားထဲတွင် အားအနည်းဆုံး ဖြစ်နေသည်မှာ သံသယဖြစ်စရာပင် မလိုပေ။

ထို့အပြင် သူသည် ရှကျဲ၏ နေရာကို အစားထိုးယူလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် သူ့နောက်တွင် နဂါးစာရင်းဝင် ကျောင်းသား ၅၀ ကျော်ရှိ၍ လဝက်ကျော်သည်နှင့် စိန်ခေါ်မှုများကို ဆက်တိုက်ရင်ဆိုင်ရမည်မှာ သေချာသလောက်ပင်။

တကယ်တမ်းတွင် တခြားသူများက ကျန်းချန်ကို စိန်မခေါ်လျှင်ပင် ရှကျဲသည် ကျန်းချန်ကို စိန်ခေါ်လိမ့်မည် ဖြစ်၏။

သူက ကျန်းချန်ကို လုံးဝ အလွှတ်ပေးမည် မဟုတ်ပေ။

ထိုအချိန်သို့ရောက်လျှင် ရှကျဲသည် ယနေ့လိုမျိုး မူလဘူတ အဆင့်လေးထိ သူ၏ ကျင့်ကြံမှုကို ဖိနှိပ်ထားမည် မဟုတ်၍ မူလဘူတ အဆင့်ခုနစ် ကျင့်ကြံသူဖြစ်သည့် ရှကျဲကို ကျန်းချန်က မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

ပတ်ဝန်းကျင်မှ လှောင်ပြောင်ရေရွတ်သော အသံများကို ကျန်းချန်သည် လုံးဝ ဂရုမစိုက်ခဲ့ပေ။

သူက နဂါးစာရင်းတွင် အားအနည်းဆုံး ကျောင်းသားဖြစ်နေလျှင်ပင် မည်သူ့ကို ဂရုစိုက်ရပါမည်နည်း။

ယခု တံဆိပ်ပြားက သူ့လက်ဝယ်တွင်ရှိရာ နဂါးစာရင်း၏ အဆင့် ၄၆ နေရာက သတ်မှတ်ပြီးသား ဖြစ်သွားချေပြီ။

ဤနေရာက သူ့အတွက်သာ ဖြစ်ပြီး မည်သူ့ကိုမှ သူ့ဆီကနေ လုယူခွင့် ပြုမည် မဟုတ်ချေ။

အခန်း(၂၃၃) ပြီး၏

All Chapters