← Chapters

အခန်း (၂၃၅)

Vol. 16 Ch. 235

အခန်း (၂၃၅)

Vol. 16 Ch. 235

မုန့်ချန်က ကျန်းချန်ကို မထီမဲ့မြင် ပြုံးလိုက်ပြီး လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ တစ်ယောက်၏ နောက်သို့ လိုက်သွားကာ ရင်ပြင်မှ ထွက်သွားခဲ့သည်။

မုန့်ချန်ထွက်သွားပြီးနောက်တွင် မုန့်ချင်းရွှယ်သည် ကျန်းချန်၏ နံဘေးကို တိုက်ရိုက် လျှောက်လာခဲ့သည်။

သူမက ထွက်ခွာသွားသော မုန့်ချန်၏ နောက်ကျောကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"မုန့်ချန်က နဂါးပျံလျှို့ဝှက်နည်းစနစ် နင့်ကို ပေးလိုက်တာ လုံးဝ ကောင်းမွန်တဲ့ကိစ္စ မဟုတ်ဘူး.. နင်လက်မခံခဲ့သင့်ဘူး"

"သူက ငါ့ကို မှော်စွမ်းအင် ကျောက်တုံး တစ်သန်းတောင် ကြွေးတင်နေတာလေ.. သူ့ဆီက အာမခံအဖြစ် တစ်ခုခု ယူထားမှ သင့်တော်မှာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"သူ့ဆီကနေ ဘာမှ မယူထားရင် သူ ငါ့ကို လိမ်သွားမလားဆိုတာ ငါ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

"အခု ငါက ဒီနဂါးပျံလျှို့ဝှက်နည်းစနစ်ကို လက်ခံလိုက်တာမို့ ဒီကောင် ကျိန်းသေ ငါ့ကို ပိုက်ဆံလာပေးရမှာပဲ"

ထိုစကားကို ကြားလျှင် မုန့်ချင်းရွှယ်သည် ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။

"သူက နင့်ကို ပေးထားတဲ့ နဂါးပျံလျှို့ဝှက်နည်းစနစ်ကို မှော်စွမ်းအင် ကျောက်တုံး တစ်သန်းနဲ့ ဘယ်တော့မှ ပြန်ရွေးမှာ မဟုတ်ဘူး။

"ဒါဆို ပိုမကောင်းသွားဘူးလား"

"မှော်စွမ်းအင်ကျောက်တုံးနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါက ဒီနဂါးပျံ လျှို့ဝှက်နည်းစနစ်ကို ပိုပြီးတောင် စိတ်ဝင်စားသေးတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ ပြုံးကာ ပြောလိုက်သည်။

"ဒီနဂါးပျံနည်းစနစ်က ပြဿနာကို ဆွဲဆောင်ခဲ့ရင်တောင် ငါဂရုစိုက်နေမှာမဟုတ်ဘူး"

ကမ္ဘာကြီးတွင် ကိုယ်ခံပညာအပြင် မှော်ဆန်သည့် လျှို့ဝှက်နည်းစနစ် များစွာရှိသည်။

ထိုလျှို့ဝှက်နည်းစနစ်တိုင်းသည် အချိန်တိုအတွင်း ကျင့်ကြံသူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို များစွာ တိုးမြှင့်ပေးနိုင်၏။

အထူးသဖြင့် နက်နဲမှုအဆင့်ကို ရောက်ရှိနေသည့် လျှို့ဝှက်နည်းစနစ်များသည် ကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း အဆင့်ငယ် နှစ်ဆင့် သို့မဟုတ် သုံးဆင့်အထိ မြှင့်တင်စေဖို့ လုံလောက်၏။

နက်နဲမှုအဆင့် အခြေခံ လျှို့ဝှက်နည်းစနစ် တစ်ခု၏ တန်ဖိုးပင် မှော်စွမ်းအင် ကျောက်တုံးတစ်သန်းထက် များစွာ သာလွန်နေပြီ ဖြစ်သည်။

ထို့ကြောင့် မုန့်ချန်က ပြန်ရွေးဖို့ မလာလျှင်ပင် ကျန်းချန်သည် အကြွေးသွားတောင်းနေမည် မဟုတ်ပေ။

ကျန်းချန်၏ စကားကို ကြားလျှင် မုန့်ချင်းရွှယ်သည် ခဏမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

[ဒီအကောင်က အရင်လို မာနကြီးနေဆဲပဲ]

ဤ မဟာရှားနိုင်ငံတွင် မုန့်မိသားစု၏ လျှို့ဝှက်နည်းစနစ်ကို ပွင့်ပွင့်လင်းလင်း လက်ခံရဲသော ပထမဆုံးလူသည် ကျန်းချန် ဖြစ်မည်မှာ သေချာသည်။

ကျန်းချန်၏ နတ်ဆိုးဆန်မှုဖြင့်သာဆိုလျှင် ဤ ယန်ဟွမ်ကျောင်းတော်တွင်ရှိသည့် မုန့်မိသားစု၏ တပည့်အတွက် သူမ ရင်လေးနေမိသည်။

စင်စစ် ကျန်းချန်သည် ယန်ဟွမ်ကျောင်းတော်၏ အထောက်အပံ့မရှိလျှင်ပင် ယန်ချင်းရွှယ်နှင့် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အပြည့်အဝ ထောက်ခံမှုကို ရရှိထားသူ ဖြစ်သည်။

ဆိုရလျှင် သူမတို့ မုန့်မိသားစုပင် ကျန်းချန်ကို အလွယ်တကူ သွားထိ၍ ရမည် မဟုတ်ပေ။

ထို့နောက်တွင် ပိုင်ရှန့်ရှင်း၏ နေရာချထားမှုဖြင့် ကျန်းချန်သည် ရှကျဲနေရာကို အစားထိုးဝင်ရောက်လာပြီးနောက်၌ နဂါးစာရင်းဝင် ကျောင်းသားများ နေထိုင်ခွင့်ရသည့် အဆင့် ၄၆ နှင့် သက်ဆိုင်သော မြေကွက်တွင် နေထိုင်ခွင့်ရခဲ့သည်။

မုန့်ချင်းရွှယ်က အတွင်းစည်းကျောင်းသား အဖြစ် အကဲဖြတ်မှုကို အောင်မြင်ခဲ့သော်လည်း အတွင်းစည်း ကျောင်းသားများ နေထိုင်သည့်နေရာကို မသွားခဲ့ပေ။

ထိုအစား သူမသည် ကျန်းချန်နံဘေးမှာသာ နေပြီး ကျန်းချန်၏ အစေခံအဖြစ်သာ ဆက်လက် လုပ်ဆောင်ခဲ့သည်။

ယန်ဟွမ်ကျောင်းတော်တွင် တစ်ညတာ အနားယူပြီး နောက်တစ်နေ့တွင် ဘာမှ လုပ်စရာကိုင်စရာ မရှိသည့် ကျန်းချန်သည် သိုင်းသခင်နယ်ပယ်မှ ကျင့်ကြံသူများ၏ စစ်မှန်သော အဓိပ္ပါယ်ကို သွားရောက် လေ့လာရန် ဆုံးဖြတ်လိုက်သည်။

စီရင်စုကိုးခု ကိုယ်ခံပညာပြိုင်ပွဲ၏ ဗိုလ်စွဲသူ တစ်ယောက်အနေဖြင့် သူ့တွင် ဉာဏ်အလင်းရရန် အတွက် အခမဲ့လေ့လာနိုင်မည့် အခွင့်အရေး သုံးကြိမ်ရှိသည်။

ထို့ကြောင့် ထိုဆုကို သူက ဖြုန်းတီးပစ်မည်မဟုတ်ပေ။

ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ခေါ်ကာ ယန်ဟွမ်ကျောင်းတော်ထဲရှိ စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်း ဆီသို့ သွားရောက်ခဲ့သည်။

စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းသည် ယန်ဟွမ်ကျောင်းတော်မှ ကျောင်းသားများ သိုင်းသခင်နယ်ပယ်၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်အတွက် အထူးနေရာတစ်ခုဖြစ်သည်။

စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းထဲတွင် သိုင်းသခင်နယ်ပယ်မှ ကျင့်ကြံသူ ချန်ရစ်ခဲ့သည့် စစ်မှန်သော အဓိပ္ပါယ်အမျိုးအစား ကိုယ်ခံပညာ အတော်များများရှိသည်ဟု ဆိုကြသည်။

ထိုကိုယ်ခံပညာများ၏ စစ်မှန်သော အဓိပ္ပါယ် အားလုံးသည် စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းထဲရှိ အစီအရင်ထဲတွင် ဝှက်ထားခဲ့သည်။

ကျန်းချန်ကဲ့သို့ အထူး အခွင့်အရေးရှိသည့် ကျောင်းသားအချို့မှလွဲလျှင် စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းထဲကို ဝင်ချင်ပါက တစ်ကြိမ်လျှင် အဆင့်နိမ့် မှော်စွမ်းအင်ကျောက်တုံး တစ်သောင်း အခကြေးငွေ ပေးဆောင်ရမည် ဖြစ်၏။

ထို့အပြင် ကျန်းချန်တွင် ဉာဏ်အလင်းရရှိရန်အတွက် အချိန်ကန့်သတ်ချက်မရှိ အသုံးပြုနိုင်မည့် အခွင့်အရေး သုံးကြိမ်ရှိသည်။

ဆိုရလျှင် ကျန်းချန် ရရှိသော ဆုလာဘ်သည် အလွန်ပင် တန်ဖိုးရှိသော ဆုလာဘ် ဖြစ်သည်။

စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းကို ရောက်သောအခါတွင် ကျန်းချန်သည် ချိုင့်ဝှမ်း၏ အစောင့်အရှောက် ဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို ဆီသို့ လျှောက်သွားလိုက်သည်။

ထို့နောက် ရှားတုန်ဟွမ် သူ့ကို ပေးထားသည့် ဆုလက်မှတ်ကို ထုတ်ပြလိုက်သည်။

ထိုဆုလက်မှတ်ကို မြင်လျှင် အနက်ရောင်ဝတ်စုံနှင့် အဘိုးအို၏ အိုမင်းသော မျက်လုံးထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု တောက်ပလာခဲ့၏။

သူက ကျန်းချန်ကို ပေါ့ပါးစွာကြည့်၍ ပြောလိုက်သည်။

"ကောင်လေး စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်းထဲမှာ ဓား၊ လက်သီး၊ လေ၊ လျှပ်စီးနဲ့ မီးဆိုတဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ငါးခုရှိတယ်"

"မင်းက ဘယ်တစ်ခုကို နားလည်ချင်လဲဆိုတာ ငါသိလို့ရမလား"

[ယန်ဟွမ်ကျောင်းတော်က မဟာရှားနိုင်ငံ၏ အမြင့်မြတ်ဆုံးကိုယ်ခံပညာမြေ ဖြစ်ထိုက်ပါပေတယ်.. ကျောင်းသားတွေ ကိုယ်ခံပညာရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ဖို့အတွက် စစ်မှန်တဲ့အဓိပ္ပါယ်ငါးခုတောင် ရှိတယ်]

ကျန်းချန်က ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။

သူက အခွင့်အရေးရခဲ့လျှင် စစ်မှန်သော အဓိပ္ပါယ်ချိုင့်ဝှမ်း၏ စစ်မှန်သော အဓိပ္ပါယ်ငါးခုလုံးကို လေ့လာမည်ဟု ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချထားလိုက်သည်။

အခန်း(၂၃၅) ပြီး၏

All Chapters