အခန်း (၂၃၇)
Vol. 16 Ch. 237
ထူးဆန်းသော ခရစ်စတယ် ကျောက်တုံး အတွင်းမှ ပုံရိပ်များကို မြင်သည်နှင့် စနစ်သတိပေးချက်သည် ကျန်းချန်၏ နားအတွင်း ချက်ချင်း မြည်ဟီးလာခဲ့သည်။
ကျန်းချန်၏ ဓားစိတ်ဆန္ဒမှာ အံ့သြဖွယ်ရာ မရှိဘဲ ဒုတိယအဆင့်သို့ တိုးမြှင့်ခံလိုက်ရသည်။
"မဟာရှားနိုင်ငံရဲ့ မြင့်မြတ်တဲ့ ကိုယ်ခံပညာ နယ်မြေ ဖြစ်ထိုက်ပါတယ်.. ဒီခရစ်စတယ်ကျောက်က ကိုယ်ခံပညာ လေ့လာဖို့အတွက် အကောင်းဆုံး နည်းလမ်းပဲ"
ကျန်းချန်သည် ခရစ်စတယ် ကျောက်တုံးကို အနီးကပ် စိုက်ကြည့်၍ စိတ်နှလုံးအတွင်း အံ့သြတုန်လှုပ်သွားခဲ့သည်။
သူက ယန်ဟွမ် ကျောင်းတော်အတွင်းမှ အဓိပ္ပါယ်ချိုင့်ဝှမ်းကို လင်ယွင်ကျောင်းတော် အတွင်းမှ ဓားအမှတ်အသား နန်းတော် နှင့် ဆင်တူမည်ဟု ထင်မှတ်ခဲ့သည်။
ဤခရစ်စတယ်ကျောက်တွင်လည်း သိုင်းသခင်နယ်ပယ်မှ အင်အားကြီးမားသောသူများ ချန်ထားရစ်ခဲ့သည့် ကိုယ်ခံပညာ၏ အဓိပ္ပါယ် အစအနများ ရှိသည်။
သို့သော် ယန်ဟွမ် ကျောင်းတော်သည် ဤခရစ်စတယ်ကျောက်ကို အသုံးပြု၍ သိုင်းသခင်နယ်ပယ်မှ အင်အားကြီးမားသော ကျင့်ကြံသူ၏ ပုံရိပ်ကို အမှန်တကယ်ပင် စည်းတံဆိပ်ခတ် သိမ်းဆည်းထားမည်ဟု ကျန်းချန်သည် မည်သည့်အခါမှ မတွေးထားခဲ့ပေ။
ဤတိုက်ပွဲပုံရိပ်၏ တန်ဖိုးသည် ကိုယ်ခံပညာ၏ အဓိပ္ပါယ် အစအန တစ်ခုနှင့် လုံးဝ နှိုင်းယှဉ်၍ မရချေ။
ကျန်းချန်သည် သိုင်းသခင်နယ်ပယ်မှ အင်အားကြီးမားသော ကျင့်ကြံသူ၏ ကိုယ်ခံပညာ အဓိပ္ပါယ်ကို ကြည့်ရှုခွင့် ရခဲ့သည်။
ယန်ဟွမ် ကျောင်းတော်၏ နည်းလမ်းသည် ကျောင်းသားများကို အားထုတ်မှု အနည်းငယ်ဖြင့် ပိုမို ဉာဏ်အလင်းရစေရန် သေချာပေါက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"ဒါက ယန်ဟွမ် ကျောင်းတော်ရဲ့ ပထမဆုံးကျောင်းအုပ် ချင်းယွင် ဓားသခင် ကူချင်းယွင် ဖြစ်မယ်ထင်တယ်"
"မမျှော်လင့်ဘဲ.. ယန်ဟွမ် ကျောင်းတော်က သူ့ရဲ့ တိုက်ပွဲဝင် ပုံရိပ်ကို ဒီနေရာမှာ တကယ်ပဲ သိမ်းဆည်းထားခဲ့တာပဲ"
မုန့်ချင်းရွှယ်သည်လည်း မယုံကြည်နိုင်လောက်သော အမူအရာဖြင့် ခရစ်စတယ်ကျောက်ထဲမှ ပုံရိပ်ကို ကြည့်ရှုနေခဲ့သည်။
သူမ၏ လှပသော မျက်လုံးများသည် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ထွက်ပေါ်လာသည်။
"သူ့ရဲ့ ဓားစိတ်ဆန္ဒက တကယ်ပဲ အင်အားကြီးလွန်းတယ်... မင်း အသေအချာ လေ့လာရင် ဉာဏ်အလင်းရနိုင်လိမ့်မယ်"
ကျန်းချန်က ရယ်မော၍ ပြောလိုက်သည်။
"မင်းရဲ့ ဓားစိတ်ဆန္ဒက အခြေခံအားဖြင့် ရှေ့ပြေး ပုံစံမှာ ရှိနေပြီ.. ဒီသုံးရက်က ဓားဆန္ဒကို အပြည့်အဝ နားလည်ဖို့ လုံလောက်တယ်"
မုန့်ချင်းရွှယ်သည် ခဏမျှ ငြိမ်သက်သွားခဲ့သည်။
သူမသည် အံ့အားသင့်သော အကြည့်ဖြင့် ကျန်းချန်ကို ကြည့်လိုက်၏။
"နင်.. နင်က နောက်ထပ် နားလည်သွားပြန်ပြီလား"
"နည်းနည်းပါးပါး လောက်ပါပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
စနစ်ကြောင့် သူက ကိုယ်ခံပညာ၏ အဓိပ္ပါယ် အမျိုးအစားတစ်ခုကို ကြည့်ရှု၍ အတွေ့အကြုံ တစ်ကြိမ်သာ ရရှိနိုင်လေရာ ဤနေရာတွင် ဆက်လက် နေထိုင်ခြင်းသည် သူ့အတွက် လုံးဝ အဓိပ္ပါယ် မရှိပေ။
"............"
မုန့်ချင်းရွှယ်သည် လုံးဝ စကားမပြောနိုင် ဖြစ်သွားသည်။
[ဒီကောင်က အရင်လို နတ်ဆိုးဆန်နေတုန်းပဲ]
နောက်ဆုံးအကြိမ်က လင်ယွင်ကျောင်းတော်၏ ဓားအမှတ်အသား နန်းတော်အတွင်း ရှိစဉ် ကျန်းချန်သည် ဓားအမှတ်အသား ကျောက်တုံးကို တစ်ချက်သာ ကြည့်ရှု၍ နည်းနည်းပါးပါး နားလည်ခဲ့သည်ဟု ပြောဖူးသည်။
ရလဒ်အနေဖြင့် ကျန်းချန်၏ နည်းနည်းပါးပါး နားလည်မှုသည် တကယ်တမ်းတွင် ဓားစိတ်ဆန္ဒ ဖြစ်နေခဲ့၏။
ဤတစ်ကြိမ်တွင် ချင်းယွမ် ဓားသခင် ကူချင်းယွင်၏ ဓားစိတ်ဆန္ဒကို ကြည့်ရှုပြီးနောက် ကျန်းချန်၏ ဓားစိတ်ဆန္ဒသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့် အထိ ရောက်ရှိသွားသည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။
မုန့်ချင်းရွှယ်သည် အသက်ကို ခပ်ပြင်းပြင်းရှူ၍ ကျန်းချန်၏ ပုံမှန်မဟုတ်သော အခြေအနေကို လျစ်လျူရှုလိုက်သည်။
ထို့နောက် ဓားစိတ်ဆန္ဒကို နားလည်ရန်အတွက် သူမက စိတ်နှစ်၍ စတင် ကြိုးစားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် အပြင်သို့ လျှပ်တစ်ပြက် ထွက်ခွာလာခဲ့သည်။
"မင်း... မင်းက ဘာကြောင့် ဒီလောက် မြန်မြန်ဆန်ဆန် ထွက်လာရတာလဲ"
အဓိပ္ပါယ်ချိုင့်ဝှမ်းမှ အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ကျန်းချန်က မိနစ်အနည်းငယ် အတွင်း ထွက်လာသည်ကို မြင်လျှင် ချက်ချင်းဆိုသလို အံ့အားသင့်သွားခဲ့သည်။
ယန်ဟွမ် ကျောင်းတော်မှ အဓိပ္ပါယ်ချိုင့်ဝှမ်း အတွင်းသို့ အခမဲ့ ဝင်ရောက်နိုင်သည့် အခွင့်အရေးမှာ ရရှိရန် မဖြစ်နိုင်သလောက်ပင်။
ဤကောင်လေးကမူ အခွင့်အရေး တစ်ခုကို အခြားသူများအား ပေးလိုက်သည်။
သူက အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်း အပျင်းလာဖြေသကဲ့သို့ မိနစ်အနည်းငယ်အတွင်း ပြန်ထွက်လာခဲ့၏။
"အကြီးအကဲ.. မြန်မြန်ဆန်ဆန် ထွက်လို့မရဘူးဆိုတဲ့ စည်းမျဉ်းတော့ မရှိလောက်ပါဘူးနော်"
ကျန်းချန်သည် ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။
"ကျွန်တော် အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်းက ဓားစိတ်ဆန္ဒကို နားလည်သွားပြီ "
"ဟမ့်.. မင်း မရှက်ဘူးလား.. ဘာလို့ မင်းလိုကောင်ကို အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်းကို အခမဲ့သုံးကြိမ် ဝင်ရောက်ခွင့် ပေးခဲ့မှန်း ငါ တကယ်ပဲ မသိတော့ဘူး.. မင်းလိုကောင်ကို ဒီလို အခွင့်အရေးတွေ ပေးတာက ဖြုန်းတီးတာသက်သက်ပဲ"
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုက အေးစက်စက် အော်ငေါက်လိုက်သည်။
ကိုယ်ခံပညာကို ဉာဏ်အလင်းရရန်မှာ မလွယ်ကူပေ။
ယန်ဟွမ် ကျောင်းတော်၏ သမိုင်းအတွင်း နတ်ဆိုးဆန်သော ဓားပါရမီရှင်များ မရှားပါးချေ။
သို့သော် မည်သူကမျှ အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်း ဝင်ရောက်ပြီး မိနစ်အနည်းငယ် အတွင်း ဓားစိတ်ဆန္ဒကို နားလည်ပြီဟု မပြောဘူးပေ။
"ကျွန်တော်က အခွင့်အရေးကို ဖြုန်းတီးခဲ့တယ်လား"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
"အကြီးအကဲ အထင်မှားနေပြီထင်တယ်.. ကျွန်တော်က ဓားစိတ်ဆန္ဒကို နားလည်နေမှတော့ အခွင့်အရေးကို ဖြုန်းတီးခဲ့တယ်လို့ ဆိုလို့ မရဘူးလေ"
အခန်း(၂၃၇) ပြီး၏