အခန်း (၂၃၈)
Vol. 16 Ch. 238
"မင်းက အဓိပ္ပါယ်ချိုင့်ဝှမ်းရဲ့ ဓားစိတ်ဆန္ဒကို နားလည်သွားပြီလို့ လေလုံးထွားရဲမှတော့ တကယ်ပဲ အစွမ်းအစရှိရင် မင်းရဲ့ဓားဆန္ဒကို ပြသစမ်းပါ"
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုက မဲ့ပြုံးပြုံး၍ ပြုံးလိုက်သည်။
သို့သော် သူ၏စကားသံ အဆုံးမှာပင် ထက်မြသော ဓားစိတ်ဆန္ဒ တစ်ရပ်သည် ကျန်းချန်ထံမှ ရုတ်တရက် ထွက်ပေါ်လာ၏။
"ဓားစိတ်ဆန္ဒ"
"ဒါ့အပြင် ဒါက ဒုတိယအဆင့် ဓားစိတ်ဆန္ဒပဲ"
ကျန်းချန်ထံမှ ထွက်ပေါ်လာသော အင်အားကြီးမားသည့် ဓားစိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ရှုကာ မယုံကြည်နိုင်သော အာမေဋိတ်သံကို ထုတ်ဖော်လိုက်သည်။
"မင်း... မင်းက တကယ်ပဲ ဓားစိတ်ဆန္ဒကို ဒီအဆင့်ထိ နားလည်နေတာလား"
ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"အကြီးအကဲ.. ကျွန်တော်ရဲ့ ဓားစိတ်ဆန္ဒကို မြင်ပြီးပြီ ဆိုတော့ ကျေနပ်ပြီ မဟုတ်လား"
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုက ခါးသီးစွာ ပြုံးလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ကျန်းချန်အပေါ် အထင်မှားခဲ့၏။
အဓိပ္ပါယ်ချိုင့်ဝှမ်းအတွင်းမှ အကြီးအကဲ တစ်ဦး အနေဖြင့် အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုသည် ကျောင်းတော်အတွင်းမှ ကိုယ်ခံပညာ၏ အဓိပ္ပါယ်ကို နားလည်သော ပါရမီရှင်များကို တွေ့ဖူးခဲ့သည်။
သို့သော် သူ၏ ရှေ့မှ ကောင်လေးသည် သူ တွေ့ဖူးသမျှတွင် နတ်ဆိုးအဆန်ဆုံးလူ ဖြစ်၏။
ထင်ရှားသည်မှာ ဤကောင်လေးသည် ယန်ဟွမ် ကျောင်းတော်ကို ယခုမှ ဝင်ရောက်လာသော ကျောင်းသားသစ် ဖြစ်နေခြင်းပင်။
ဤကောင်လေး၏ ဓားစိတ်ဆန္ဒသည် သူ ပြောသည့်အတိုင်း အဓိပ္ပါယ်ချိုင့်ဝှမ်း အတွင်းမှ နားလည်ခဲ့ခြင်း ရှိမရှိ သူ ဂရုမစိုက်ပေ။
သို့သော် ကျောင်းသားသစ်တစ်ဦး အနေဖြင့် ဓားစိတ်ဆန္ဒကိုဒုတိယအဆင့်ထိ နားလည်နိုင်ခြင်းသည် ယန်ဟွမ် ကျောင်းတော်၏ သမိုင်းအတွင်း ပထမဆုံး ဖြစ်မည်မှာ သေချာသည်။
"ကောင်လေး.. ငါမှားသွားတယ်.. မင်းရဲ့ ဓားပညာ ပါရမီမျိုး ငါ့ဘဝတစ်သက်တာ အတွင်း ဒီတစ်ခါပဲ တွေ့ဖူးတယ်"
"မင်းရဲ့ ပါရမီတွေကို မဖြုန်းတီးဖို့ မျှော်လင့်တယ်.. မင်းက ယန်ဟွမ် ကျောင်းတော်ရဲ့ ပထမဆုံး ကျောင်းအုပ် ကူချင်းယွင်လို ပြိုင်ဘက်ကင်း ဓားသခင် တစ်ဦး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်"
အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုက ကျန်းချန်ကို တစ်ချက်ကြည့်ရှု၍ ပြောလိုက်သည်။
"ဓားစိတ်ဆန္ဒကို နားလည်ချင်ရင် အချိန်မရွေး အဓိပ္ပါယ် ချိုင့်ဝှမ်းကို လာရောက်နိုင်တယ်.. ငါမင်းကို အခမဲ့ လေ့လာခွင့်ပေးမယ် ကောင်လေး"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ "
ကျန်းချန်သည် အနက်ရောင် ဝတ်ရုံနှင့် အဘိုးအိုကို ကျေးဇူးတင် စကားပြောပြီးနောက် အဓိပ္ပါယ်ချိုင့်ဝှမ်းကနေ တရွေ့ရွေ့ ထွက်ခွာသွားခဲ့သည်။
ခဏကြာပြီးနောက်တွင် ကျန်းချန်သည် နဂါးစာရင်းဝင် ကျောင်းသားများ နေထိုင်သည့် နေရာမှ သူ၏ ခြံဝင်း၄၆သို့ ပြန်ရောက်လာခဲ့သည်။
သူက တံခါးဝကို ရောက်ရုံသာ ရှိသေး၏။
ရုတ်တရက် ပုံရိပ်နှစ်ခုက ထွက်ပေါ်လာပြီး သူ့ကို တားဆီးလိုက်သည်။
လူနှစ်ယောက်။
သူတို့ထဲမှ တစ်ယောက်ကို ကျန်းချန်က အလွန် ရင်းနှီးလေသည်။
ထိုလူက မုန့်မိသားစုမှ မုန့်ချန်ပင် ဖြစ်၏။
ထို့အပြင် မုန့်ချန်၏ဘေးတွင် ထူးဆန်းသော လူငယ်တစ်ဦး ရှိနေသည်။
လူငယ်၏ မျက်နှာက အေးတိအေးစက် ဖြစ်နေပြီး တစ်ကိုယ်လုံးသည် အေးစက်သော အင်အားတစ်ခုကို ဖော်ပြနေသည်။
တစ်ချက်ကြည့်ရုံဖြင့် လူငယ်က သာမန် မဟုတ်မှန်း သိနိုင်ပေသည်။
ကျန်းချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ မုန့်ချန်သည် အေးစက်စွာ ပြုံးလိုက်သည်။
"ကျန်းချန်.. ငါဒီမှာ မင်းကို စောင့်နေတာ အတော်တောင်ကြာနေပြီ"
"မင်းက နဂါးပျံ လျှို့ဝှက်နည်းကို ပြန်လည် ရယူဖို့ ဒီကို ရောက်လာတာလား"
ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒါဆိုလည်း မှော်ကျောက်တုံး တစ်သန်းကို ထုတ်ပေးပါ"
မုန့်ချန်၏ မျက်လုံးများအတွင်း အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွား၏။
သူသည် အေးစက်စက် ရေရွတ်လိုက်သည်။
"ငါ့မှာ မှော်ကျောက်တုံး မရှိဘူး.. ဒါပေမဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကိုတော့ မင်းငါ့ကို ပြန်ပေးရမယ်"
"မင်းတောင်းတိုင်း ငါကပေးရအောင် မင်းကိုယ်မင်း ဘယ်သူလို့မှတ်နေလဲ"
ကျန်းချန်၏ မျက်နှာက ရုတ်တရက် အေးစက်သွားသည်။
"မင်းက မှော်ကျောက်တုံးကို မပေးနိုင်မှတော့ ငါ့ကို အာရုံလာမနောက်နဲ့.. မြန်မြန် ငါ့ရှေ့ကဖယ်စမ်း"
"မင်းက ကျန်းချန်လား...ငါတို့ မုန့်မိသားစုရဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်က မင်း လက်ခံနိုင်တဲ့အရာ မဟုတ်ဘူး"
ထိုအချိန်တွင် မုန့်ချန်ဘေးမှ လူငယ်၏ မောက်မာသော လေသံသည် ကျန်းချန်၏ နားအတွင်း တိုက်ရိုက် မြည်ဟီးလာခဲ့သည်။
ကျန်းချန်သည် လူငယ်ကို တစ်ချက်ကြည့်ရှု၍ အေးစက်စွာ မေးလိုက်သည်။
"မင်းကဘယ်သူလဲ"
"မုန့်မိသားစုက မုန့်ပိုင်.. ယန်ဟွမ် ကျောင်းတော်ရဲ့ နဂါးစာရင်းမှာ အဆင့် ၆၀ နေရာကပဲ"
လူငယ်က အေးစက်စွာ ပြောလိုက်သည်။
"ကျန်းချန်.. နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အမြန် ထုတ်ပေးပါ"
ကျန်းချန်သည် အေးစက်စွာ ပြုံးလိုက်သည်။
သူ၏ အထက်စီးဆန်သော အသံက ချက်ချင်းပင် ပဲ့တင်ထွက်လာ၏။
"မုန့်ချန်က ငါ့ကို မှော်ကျောက်တုံး တစ်သန်း အကြွေးတင်နေတဲ့အတွက် နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို အာမခံအနေနဲ့ ထားထားတာပဲ"
"မင်းအနေနဲ့ နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို တကယ်ပဲ ပြန်လည် ရယူချင်တယ် ဆိုရင် သူ့ကိုယ်စား အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်းကို ထုတ်ပေးနိုင်တယ်"
"မထုတ်နိုင်ရင်တော့ ငါနဲ့ ဝေးနိုင်သမျှ ဝေးဝေးကို ထွက်သွားလိုက်တာ အကောင်းဆုံးပဲ"
အခန်း(၂၃၈) ပြီး၏