အခန်း (၂၃၉)
Vol. 16 Ch. 239
"ကောင်လေး မင်းသေချင်နေပြီလား"
မုန့်ပိုင်၏ မျက်လုံးများက အေးစက်သွားသည်။
သူ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းပင် လူသတ်စိတ်များ ပြည့်နှက်သွားခဲ့သည်။
"ဘာလဲ မင်းက တိုက်ခိုက်ချင်တာလား"
ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။
"ယန်ဟွမ် ကျောင်းတော်မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ရှိတယ်.. မင်းငါ့ကို တိုက်ခိုက်မယ်ဆိုရင် ဘယ်လို အကျိုးဆက်နဲ့ ရင်ဆိုင်ရမလဲဆိုတာ သိသင့်တယ်"
"ကျန်းချန်.. သိပ်ပြီးမာန်တက်ပြမနေနဲ့"
"ဒီကမ္ဘာမှာ ငါတို့ မုန့်မိသားစုရဲ့ လျှို့ဝှက်နည်းစနစ်ကို ဝင်ရောက်စွက်ဖက်ရဲတဲ့ ဘယ်သူမဆို အဆုံးသတ်မှာ သေခြင်းတရားနဲ့ပဲ ကြုံရလိမ့်မယ်"
"မင်းက နဂါးပျံ လျှို့ဝှက်နည်းစနစ်ကို နာခံမှုရှိရှိ ပေးအပ်ပြီး မင်းရဲ့ အပြစ်တွေကို တောင်းပန်တဲ့အနေနဲ့ မှော်ကျောက်တုံး ၁၀သန်း ထုတ်ပေးရင် မင်းကို အလွှတ်ပေးဖို့ ငါစဉ်းစားပေးနိုင်တယ်"
မုန့်ပိုင်က ကျန်းချန်ကို မထီမဲ့မြင် ပြုံး၍ စိုက်ကြည့်နေသည်။
ကျန်းချန်ကို လာရောက်ရှာဖွေရန် ဤနေရာသို့ မလာမီတွင် မုန့်ပိုင်သည် သူ့လူများကို ကျန်းချန်၏ အသေးစိတ် အချက်အလက်များအား စုံစမ်းခိုင်းထားပြီ ဖြစ်သည်။
သူရှေ့မှ ကောင်လေးသည် စီရင်စု ကိုးခု ကိုယ်ခံပညာ ပြိုင်ပွဲ၏ ဗိုလ်စွဲသူဖြစ်ပြီး အနက်ရောင်တိမ်တိုက် ကုန်သွယ်ရေး အဖွဲ့တွင် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး သန်း ၂၀ ကို အနိုင်ရရှိခဲ့သည်။
ဤသို့ ကြီးမားသော ကြွယ်ဝမှုသည် မုန့်ပိုင်ကိုပင် လောဘဖြစ်စေခဲ့၏။
ထို့အပြင် သူသည် နက်နဲမှု အဆင့်မြင့် ကိုယ်ခံပညာတစ်ခုကို ဝယ်ယူရန်အတွက် မှော်ကျောက်တုံး အမြောက်အမြားကို အရေးတကြီး လိုအပ်နေသည်။
သူအနေဖြင့် မုန့်ချန် ဘက်ကနေ ရပ်တည်ရန် သဘောတူခဲ့ရသည့် အကြောင်းအရင်းမှာ တကယ်တမ်းတွင် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်မှ မှော်စွမ်းအင် ကျောက်တုံးကြောင့်ပင်။
"ဟားဟား.. မင်းတို့ မုန့်မိသားစုမှာ မုန့်ယန်လို့ ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ရှိတယ်လို့ ငါ ကြားမိတယ်.. သူက ယန်ဟွမ် ကျောင်းတော်ရဲ့ ထိပ်ဆုံး ပါရမီရှင် ဆယ်ယောက် အတွင်း အဆင့် သတ်မှတ်ခံထားရတယ်"
"မင်းတို့လို ကောင်တွေ မပြောနဲ့.. မုန့်ယန် ကိုယ်တိုင် ရောက်လာရင်တောင် ငါ့ရှေ့မှာ ဒီလိုစကားကို ပြောဆိုဖို့ အရည်အချင်း မရှိဘူး"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
ထို့နောက် သူက မုန့်ပိုင်ကို စိတ်မရှည်စွာ ကြည့်ရှုလိုက်သည်။
"မင်း လူ့စကားကို နားမလည်ဘူးလား...ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. မှော်ကျောက်တုံးကို မထုတ်ပေးနိုင်ရင် ဒီနေရာကနေ ထွက်သွားလိုက်တော့"
"ကောင်းတယ်.. သိပ်ကောင်းတယ်"
မုန့်ပိုင်က ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်၏။
သူ၏ အေးစက်သော အသံသည် လေထဲတွင် တိုက်ရိုက် ပဲ့တင်ထွက်လာခဲ့သည်။
"ကျန်းချန်.. ငါမင်းကို တရားဝင် စိန်ခေါ်မယ်"
"လဝက်အတွင်း မင်းနဲ့ငါနဲ့ တွေ့ကြတာပေါ့"
ကျန်းချန်နှင့် မုန့်ပိုင်ကြားမှ ထိပ်တိုက်တွေ့ဆုံမှုသည် သဘာဝကျစွာပင် ဖြတ်သန်းသွားသော ကျောင်းသားအများအပြားကို ဆွဲဆောင်သွားပြီး လူအုပ်ကြီးပငိ ဖြစ်ပေါ်စေခဲ့သည်။
"ကြည့်စမ်း.. နဂါးစာရင်းမှာ အဆင့် ၆၀ ရှိတဲ့ မုန့်ပိုင်က ချာတိတ်တစ်ယောက်ကို စိန်ခေါ်နေတယ်ဟ"
"ဒါက ပုံမှန်ပဲလေ.. ဒီကောင်က လက်ရှိ နဂါးစာရင်းဝင်ကျောင်းသားတွေထဲမှာ အားအနည်းဆုံးပဲ"
"ဒါ့အပြင် နဂါးစာရင်းမှာလည်း အဆင့် ၄၆ ရထားတော့ လဝက်အတွင်း ဘယ်သူက စိန်မခေါ်ချင်ဘဲ နေမှာလဲ"
"သနားစရာပဲ.. နောက်ထပ် လဝက်ကြာရင် ဒီကောင်လေးက ဆိုးဆိုးရွားရွား သေဆုံးဖို့ ကံပါလာတယ် ထင်တယ်"
မုန့်ပိုင်က ကျန်းချန်ကို စိန်ခေါ်လိုက်သည်ကို မြင်လျှင် လူအတော်များများသည် ခေါင်းကိုခါယမ်းလိုက်ကြ၏။
ကျန်းချန်ကို ကြည့်ရှုနေသော သူတို့၏ မျက်လုံးများတွင် စာနာသောအရိပ်အယောင်ကို မပြသဘဲ မနေနိုင်ကြပေ။
ကျောင်းသားသစ်တစ်ဦးသည် မူလဘူတအဆင့်၄ ခွန်အားကို ပိုင်ဆိုင်ထားသည်မှာ တကယ်ပင် အလွန် ကောင်းမွန်၏။
သို့သော် ယန်ဟွမ် ကျောင်းတော်၏ နဂါးစာရင်းအတွင်းမှ ကျောင်းသားများသည် အနည်းဆုံး မူလဘူတနယ်ပယ် အဆင့်၆သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်လို မူလဘူတအဆင့်၄ ကျောင်းသားသစ်တစ်ဦးက နဂါးစာရင်းဝင် ကျောင်းသားများကြားတွင် ခြေကုပ်ယူလိုနေခြင်းမှာ အိပ်မက်တစ်ခုသာ ဖြစ်သည် မဟုတ်လော။
"မင်းက ငါ့ကို စိန်ခေါ်မှာ သေချာလား"
ကျန်းချန်က သူ့ရှေ့မှ မုန့်ပိုင်ကို ကြည့်ရှုကာ မဲ့ပြုံးပြုံးလိုက်သည်။
"သိပ်သေချာတာပေါ့.. ဘာလဲ... မင်း ငါ့ကို ကြောက်နေပြီလား"
"ဟက်... ဒါပေမဲ့ မင်း ကြောက်ရွံ့လို့ ရင်မဆိုင်ရဲရင်လည်း အသုံးမဝင်တော့ဘူး"
မုန့်ပိုင်က စပ်ဖြဲဖြဲ ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ ယန်ဟွမ် ကျောင်းတော်ရဲ့ စိန်ခေါ်မှု စည်းမျဉ်းအရ မင်းက လဝက်ကြာရင် စိန်ခေါ်မှုတွေကို ငြင်းဆန်ဖို့ အခွင့်အရေး မရှိတော့လို့ပဲ"
"ဟားဟား...ရယ်စရာကောင်းလိုက်တာကွာ"
"ငါက အဆင့် ၄၆ နေရာက ရှကျဲကိုတောင် မကြောက်ရွံ့တာ.. မင်းလို အဆင့် ၆၀က ကောင်ကို ဘာလို့ ကြောက်ရွံ့ရမှာလဲ"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။
မကြာမီမှာပင် သူ၏ အထက်စီးဆန်သော အသံသည် လေထဲတွင် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။
"ငါ့ကို စိန်ခေါ်ဖို့ စောင့်ဆိုင်းနေတဲ့ လူအများအပြား ရှိတာကို ငါသိတယ်"
"ဒါပေမဲ့ ငါ ကျန်းချန်က အကျိုးမရှိတဲ့ စိန်ခေါ်မှုမျိုးကို လက်ခံမှာ မဟုတ်ဘူး"
"ငါ့ကို စိန်ခေါ်ချင်ရင် အဆင့်နိမ့် မှော်စွမ်းအင် ကျောက်တုံး တစ်သန်း လောင်းကြေးထပ်ရမယ်"
"မှော်စွမ်းအင်ကျောက်တုံးတစ်သန်း လောင်းကြေးထပ်နိုင်သ၍ ဘယ်လိုစိန်ခေါ်မှုကိုမဆို လက်ခံမယ်"
အခန်း(၂၃၉) ပြီး၏