အခန်း (၂၄၀)
Vol. 16 Ch. 240
ကျန်းချန်၏ အထက်စီးဆန်သော အသံသည် သူ၏ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုကို တိုက်ရိုက် ဖြစ်ပေါ်စေခဲ့သည်။
လူတိုင်းသည် ကျန်းချန်ကို အရူးတစ်ယောက် ကဲ့သို့ ကြည့်ရှုနေခဲ့ကြသည်။
နဂါးစာရင်းဝင် ကျောင်းသားဆိုသည်မှာ ယန်ဟွမ် ကျောင်းတော်၏ အင်အား အကောင်းဆုံး ပါရမီရှင် ၁၀၀ ဖြစ်၏။
နဂါးစာရင်းတွင် အဆင့်၁၀၀ ရှိသော ကျောင်းသားပင် ကျန်းချန်ထက် ကျင့်ကြံခြင်းတွင် အဆင့်ငယ် နှစ်ဆင့် ပိုမို မြင့်မားသည်။
အထူးသဖြင့် ကျန်းချန်နှင့် ဆန့်ကျင်ဘက်တွင် ရှိသော မုန့်ပိုင်သည် နဂါးစာရင်းတွင် အဆင့် ၆၀ ရှိသော လူဖြစ်ပြီး သူ၏ အင်အားသည် မူလဘူတအဆင့်၇ကို ရောက်ရှိနေပြီ ဖြစ်၏။
ကျန်းချန်၏ အင်အားကမူ မူလဘူတ နယ်ပယ်အဆင့်၄ သာလျှင် ရှိသေးလေသည်။
သူ့ထက် အဆင့်ငယ် သုံးဆင့် ပိုမို မြင့်မားသော မုန့်ပိုင်ကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်သည် မှော်စွမ်းအင် ကျောက်တုံး တစ်သန်းနှင့် ကြီးမားသော လောင်းကြေးကို ထုတ်ဖော် ပြောဆိုလိုက်သည်။
ဤလူငယ်သည် ဦးနှောက်ပျက်နေခြင်း မဟုတ်ခဲ့လျှင် မုန့်ပိုင်၏ ရှေ့တွင် ဤမျှ မာနကြီးရန် မည်သူက သတ္တိပေးထားပါသနည်း။
"ဟားဟား... ယန်ဟွမ် ကျောင်းတော်ကို အခုမှ ဝင်ရောက်လာတဲ့ ကျောင်းသားသစ်က ငါရဲ့ ရှေ့မှာ မောက်မာရဲတယ်ပေါ့"
"ကျန်းချန်.. ယန်ဟွမ် ကျောင်းတော်မှာ မင်းဘဝရဲ့ နောက်ဆုံး လဝက်ကို ပျော်ရွှင်လိုက်ပါ"
"လဝက်ကြာရင် ငါ့ရှေ့မှာ မင်းက ဘာမှမဟုတ်ဘူး ဆိုတာကို ငါမင်းကို သိစေမယ်"
မုန့်ပိုင်က မထီမဲ့မြင် ပြုံးလိုက်ပြီး မုန့်ချန်နှင့်အတူ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
လဝက်အကြာတွင် သူသည် ဤကောင်လေးကို သူ၏ မာနတရားအတွက် ကြီးမားသော အဖိုးအခကို ပေးချေစေမည် ဖြစ်၏။
မုန့်ပိုင်တို့ နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခြံဝင်းဆီသို့ ပြန်သွားခဲ့၏။
သို့သော် ကျန်းချန်နှင့် ပတ်သက်သည့် သတင်းကမူ အတောင်ပံ ပေါက်နေသကဲ့သို့ ယန်ဟွမ်ကျောင်းတော် အတွင်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
နဂါးစာရင်းဝင် ကျောင်းသားများကို ကျန်းချန်သည် အထူးအသားပေး၍ စိန်ခေါ်ခဲ့ရုံသာမက မှော်ကျောက်တုံး တစ်သန်း
လောင်းကြေးထပ်ရမည်ဟုပါ ထုတ်ပြန်ခဲ့သည်။
ဤသတင်းသည် ယန်ဟွမ် ကျောင်းတော် တစ်ခုလုံးကို တိုက်ရိုက် ဂယက်ရိုက်ခတ်စေခဲ့သည်။
အဆင့်၄၆ နောက်တွင် အဆင့်သတ်မှတ်ခံထားရသော နဂါးစာရင်းဝင် ကျောင်းသား အချို့သည် ထိုသတင်းကို ရရှိပြီးနောက်တွင် ဒေါသထွက်ခဲ့ကြသည်။
သူတို့လို ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းဝင် ကျောင်းသားများကို ယခုမှ ရောက်လာသော ကျောင်းသားသစ် တစ်ဦးက ဤမျှအထိ မထီမဲ့မြင် လုပ်နေခဲ့ရာ မည်သူက ဒေါသမထွက်လဲ နေပါမည်နည်း။
ထို့နောက်တွင် နဂါးစာရင်းဝင် ကျောင်းသား ဒါဇင်ပေါင်းများစွာသည် နောက်ထပ် လဝက်အကြာတွင် ကျန်းချန်ကို ပညာပေးရန် ဟန်ရေးတပြင်ပြင် ဖြစ်နေခဲ့ကြသည်။
ပြင်ပတွင် ကျန်းချန်နှင့် ပတ်သက်၍ ဆူညံနေသော အချိန်တွင်ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် စတင်ခဲ့သည်။
သူက ဆေးလုံးသန့်စင်ရန် ပစ္စည်းများကို ဝယ်ယူရန်အတွက် မှော်ကျောက်တုံး သန်းပေါင်းများစွာကို အသုံးပြုပြီးနောက် သူ၏ ကျင့်ကြံမှုကို မူလဘူတနယ်ပယ် အဆင့်၅ထိ တိုက်ရိုက် တိုးမြှင့်ခဲ့သည်။
အဓိပ္ပါယ်ချိုင့်ဝှမ်းမှ မုန့်ချင်းရွှယ် ပြန်လာပြီးနောက်တွင် ကျန်းချန်သည် မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ကို လေ့ကျင့်ရန်အတွက် မုန့်ချင်းရွှယ်ကို နေ့စဉ် နှစ်နာရီကြာအောင် သူ့ကို ရိုက်နှက်ခိုင်းခဲ့သည်။
ဤကဲ့သို့ ရူးသွပ်လောက်ဖွယ် အကြံအစည်ဖြင့် ကျန်းချန်သည် အတွေ့အကြုံ ရမှတ်များစွာ ရရှိခဲ့ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေးနည်းစနစ်တွင် ဒုတိယအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။
ဤသည်မှာ ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် အင်အားသည် မူလဘူတအဆင့်ရ ကျင့်ကြံသူနှင့် ရင်ဆိုင်ရန် လုံလောက်သည်ဟုလည်း ဆိုလိုပေသည်။
အချိန်များက မြန်ဆန်စွာ ကုန်လွန်သွားခဲ့သည်။
လဝက်သည် လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွားပြီး ကျန်းချန် စိန်ခေါ်မှုကို လက်ခံသော နေ့သို့ မျက်တစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
ယနေ့တွင် ယန်ဟွမ် ကျောင်းတော်၏ ဧရာမ ရင်ပြင်၌ ယန်ဟွမ် ကျောင်းတော်မှ မရေမတွက်နိုင်သော ကျောင်းသားများသည် အစောကြီးကတည်းကပင် ရောက်ရှိနေခဲ့ကြ၏။
လွန်ခဲ့သော လဝက်တွင် ကျန်းချန်သည် မည်သည့် နဂါးစာရင်းဝင် ကျောင်းသားမဆို သူ့ကို စိန်ခေါ်လိုပါက မှော်ကျောက်တုံး တစ်သန်း လောင်းကြေး ထပ်ရမည်ဟု ကြွေးကြော်ကာ ယန်ဟွမ် ကျောင်းတော် တစ်ခုလုံးကို ဂယက်ရိုက်ခတ်စေခဲ့သည်။
ယင်းက ပြိုင်ပွဲကို လာရောက်ကြည့်ရှုရန်အတွက် မရေမတွက် နိုင်သော ကျောင်းသားများကို သဘာဝကျကျ ဆွဲဆောင်နိုင်ခဲ့၏။
ရင်ပြင်အတွင်း ကျောင်းသားများသည် စောင့်ဆိုင်းနေခဲ့ကြ၏။
ကျန်းချန်သည် လူအများ၏ အာရုံစိုက်မှုအောက်မှာပင် မုန့်ချင်းရွှယ်နှင့်အတူ ရင်ပြင်အတွင်း၌ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
ဤအချိန်တွင် ရင်ပြင်အတွင်းမှ ကျောင်းသား အတော်များများသည် စကားပြောရန် မအောင့်အီးနိုင်ကြတော့ပေ။
"ဟိုမှာ ကျန်းချန် ရောက်လာပြီ.. ဒီနေ့ သူ စိန်ခေါ်ပွဲ ဘယ်နှစ်ပွဲ ရင်ဆိုင်ရမယ်လို့ထင်လဲ"
"ဟားဟား... ကျန်းချန်ရဲ့ မူလဘူတ နယ်ပယ်အဆင့်၄ ခွန်အားနဲ့ဆိုရင် နဂါးစာရင်းရဲ့ နောက်ဆုံးနေရာက ကျောင်းသားကို အနိုင်ယူဖို့တောင် လက်တွေ့မကျဘူး"
"ဒီကောင်လေးက မှော်ကျောက်တုံး တစ်သန်းကိုတောင် ကြေးဖွင့်ရဲတယ်ဆိုတော့ သေဖို့တစ်လမ်းပဲ ရှိတယ်"
အခန်း(၂၄၀) ပြီး၏