အခန်း (၂၄၃)
Vol. 17 Ch. 243
ကျန်းချန်၏ ပုံရိပ်သည် လေထဲတွင် အရိပ်တစ်ခုသဖွယ် ပျောက်ကွယ်သွားသည်ကို မုန့်ပိုင်သည် အလန့်တကြား မြင်လိုက်ရသည်။
သူ၏ မျက်လုံးအစုံက ပြူးကျယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
ထိုခဏမှာပင် သူက ရုတ်တရက် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့နောက်ကျောတွင် ကျန်းချန်ကို မြင်လိုက်ရ၍ မူလဘူတနယ်ပယ် ခွန်အားပါသည့် ဓားချီတစ်ခုဖြင့် လျင်မြန်စွာ တိုက်ခိုက်လိုက်၏။
သို့သော်လည်း ကျန်းချန်က မပျက်စီးနိုင်သော ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်ကို အစွမ်းကုန် အသုံးပြုထားသောကြောင့် မုန့်ပိုင်၏ မူလဘူတနယ်ပယ် ခွန်အားပါဝင်သည့် ဓားချီကို လုံးဝ လျစ်လျူရှုလိုက်သည်။
သူက မျက်စိတစ်မှိတ်အတွင်း မုန့်ပိုင်ရှေ့သို့ ရောက်ရှိလာခဲ့၍ မုန့်ပိုင်တွင် တုံ့ပြန်ရန် အချိန်မရှိတော့ပေ။
ထိုခဏတွင် ကျန်းချန်၏ အားပြင်းသော လက်သီးချက်သည် မုန့်ပိုင်၏ ဓားကို ပြင်းထန်စွာ ထိမိသွားခဲ့၏။
ကြည်လင်ပြတ်သားသော သတ္တု တိုက်ခတ်သံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
မုန့်ပိုင်၏ လက်ထဲမှ ဓားရှည်သည် ကျန်းချန်၏ လက်သီးချက်ဖြင့် နှစ်ပိုင်း ကျိုးထွက်သွားခဲ့သည်။
မုန့်ပိုင်၏ ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားပြီး အတော်ဝေးဝေးထိ လွင့်ထွက်သွား၏။
မုန့်ပိုင်က သူ၏ ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်အောင် မလုပ်နိုင်သေးခင်မှာပင် ကျန်းချန်၏ အားပြင်းသော လက်သီးချက်သည် လျှပ်စီးလက်သကဲ့သို့ ရောက်ရှိလာပြန်သည်။
မုန့်ပိုင်က ကြောက်လန့်တကြား ဖြစ်သွားပြီး ကျန်းချန်၏ လက်သီးကို ကာကွယ်ရန် သူ့လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်၍ ခုခံလိုက်ရသည်။
"ဂျွက်"
ကြည်လင်ပြတ်သားသော အရိုးကျိုးသံသည် သိုင်းစင်မြင့်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။
"အားး"
မုန့်ပိုင်၏ မျက်နှာသည် ရုတ်တရက် ဖြူဖျော့သွားပြီး ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံနှင့်အတူ တစ်ကိုယ်လုံး လွင့်ထွက်သွားခဲ့သည်။
ပြင်းထန်စွာ ဒဏ်ရာရရှိသွားသော မုန့်ပိုင်ကို ကြည့်ပြီး ကျန်းချန်သည် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် မုန့်ပိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သည်။
"ငါ... ငါ အရှုံးပေးပါတယ်"
သူ့ဆီသို့ လျှောက်လာသော ကျန်းချန်ကို ကြည့်ပြီး မုန့်ပိုင်သည် တစ်ကိုယ်လုံးတွင် ပြောမပြတတ်အောင် အေးစိမ့်သော ခံစားချက်တစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရပြီး အဆုံးသတ်တွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်လည်း ကျန်းချန်သည် မုန့်ပိုင်၏ စကားကို လျစ်လျူရှုလိုက်သည်။
သူက မုန့်ပိုင်၏ ဘေးသို့ လျှောက်သွားကာ မုန့်ပိုင်၏ ထိတ်လန့်သော အကြည့်အောက်မှာပင် လက်သီးချက်များဖြင့် မုန့်ပိုင်အား တရစပ် ထိုးနှက်လိုက်သည်။
တစ်ကိုယ်လုံးမှ ပြင်းထန်သော နာကျင်မှုသည် မုန့်ပိုင်ကို ရူးသွပ်မတတ် ဖြစ်သွားစေခဲ့၏။
ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်များတွင် မီးလျှံများပင် လျှံထွက်တော့မလို ဖြစ်နေသည်။
"ကျန်းချန်.. ငါ အရှုံးပေးပြီးပြီလေ.. ဘာလို့ ငါ့ကို ဆက်ရိုက်နေတာလဲ"
"စီးပွားရေးဆိုတာ ရိုးသားမှုနဲ့ လုပ်ရတာလေ.. မင်းဆီကနေ တစ်သန်းရပြီးပြီဆိုတော့ မင်းကျေနပ်တဲ့အထိ ငါ မင်းကို ရိုက်နှက်ပေးရမှာပဲ.. စိတ်မပူပါနဲ့ မင်းမကျေနပ်သေးသ၍ ငါ ဆက်ပြီး ရိုက်နှက်ပေးနိုင်ပါတယိ"
ကျန်းချန်၏ စကားကို ကြားလျှင် မုန့်ပိုင်သည် ဒေါသထွက်လွန်း၍ သွေးအန်တော့မတတ် ဖြစ်သွားခဲ့သည်။
သူက ကျန်းချန်ကို အော်ငေါက်တော့မည့်အချိန်တွင် ကျန်းချန်၏ လက်သီးသည် တစ်ဖန် ကျရောက်လာပြန်၏။
"ကျေနပ်တယ် ငါ အရမ်းကျေနပ်တယ်.. ဒီလောက်ဆို ရပြီလား"
မုန့်ပိုင်က ခါးသီးသော အမူအရာဖြင့် ကျန်းချန်ကို စိုက်ကြည့်ရင်း အံတင်းတင်း ကြိတ်ကာ အေးစက်စက် စကားအချို့ကို ထုတ်ပြောလိုက်ရသည်။
ဒီကောင်က သူ့ကို လူပုံအလယ်တွင် ဤမျှအထိ အရှက်ခွဲရဲပါသလော။
အချိန်တန်လျှင် သူသည် ကျန်းချန်ကို ကြီးလေးသော အဖိုးအခ ပြန်ပေးဆပ်စေမည် ဖြစ်၏။
"ကျေနပ်ရင်ရပြီ.. နောက်တစ်ခါ ရိုက်နှက်ခံချင်ရင် ဘယ်အချိန်မဆို ငါ့ဆီ လာခဲ့နိုင်တယ်.. မင်းက ပုံမှန်ဖောက်သည် ဖြစ်သွားပြီဆိုတော့ နောက်တစ်ခါဆို ၂၀% လျှော့ပေးပါ့မယ်"
"ဖူး"
မုန့်ပိုင်သည် ကျန်းချန်၏ စကားကြောင့် သွေးအန်သွား၏။
သူက အသက်ရှူ၍ပင် မရတော့ဘဲ သတိလစ်သွားခဲ့သည်။
".............."
သိုင်းစင်မြင့်ပေါ်မှ မုန့်ပိုင်၏ ဆိုးရွားလှသော အခြေအနေကို ကြည့်ပြီး ရင်ပြင်ပေါ်မှ လူတိုင်းသည် အတော်ကြာအောင် ဘာမှ မပြောနိုင် ဖြစ်သွားကြသည်။
ဂုဏ်သရေရှိ နဂါးစာရင်းတွင် အဆင့် ၆၀မှ မုန့်ပိုင်သည် ကျန်းချန်၏ လက်ထဲတွင် မျောက်တစ်ကောင်လို ကစားခံလိုက်ရသည်။
"ဒါ... ဒါက တကယ်ပဲ ကျောင်းသားသစ် တစ်ယောက် လုပ်နိုင်တဲ့အရာလား"
ရင်ပြင်ထဲမှ လူတိုင်းသည် သူတို့ရှေ့မှ မယုံနိုင်စရာ အခြေအနေကြောင့် အံ့အားသင့်သွားကြသည်။
ကျန်းချန်သည် သူ့ကို စိန်ခေါ်သော နဂါးစာရင်းဝင် ကျောင်းသား ဆယ်ယောက်ကို ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့၏ မာနကြီးသော အသံသည် ရင်ပြင်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားခဲ့၏။
"မင်းတို့ ငါ့ကို စိန်မခေါ်ကြတော့ဘူးလား.. မင်းတို့ထဲက ဘယ်သူအရင်လာမလဲ"
အခန်း(၂၄၃) ပြီး၏