အခန်း (၂၄၆)
Vol. 17 Ch. 246
"ဝိုး.. ကျန်းချန်က ဓားဆန္ဒကိုတောင် နားလည်ထားတာလား"
"ဓားဆန္ဒကို နားလည်ထားတာထက် ပိုတာပေါ့ဟ.. သူ့ရဲ့ ဓားဆန္ဒက ရှကျဲရဲ့ ဓားဆန္ဒထက်တောင် နှစ်ဆပိုပြီး အားကောင်းနေတယ်"
"ဒီကောင် တကယ်ကို နတ်ဆိုးပဲ"
ကျန်းချန်ဆီမှ ပေါက်ကွဲထွက်လာသော အားကောင်းသည့် ဓားဆန္ဒကို ကြည့်ပြီး ရင်ပြင်ပေါ်တွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက် အဆုံးသတ်တွင် မယုံကြည်နိုင်လောက်သည့် ချီးကျူးသံများ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်ဟုခေါ်သည့် ဤကျောင်းသားသစ်လေးသည် သာမန်အသိဖြင့် အကဲဖြတ်၍မရသော နတ်ဆိုးတစ်ကောင်ပင်။
အစောပိုင်းတွင် ကျန်းချန်ကို မုန့်ပိုင်က စိန်ခေါ်သောအခါ သူတို့သည် ကျန်းချန် မုချ ရှုံးနိမ့်လိမ့်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ကျန်းချန်က မူလဘူတနယ်ပယ် အဆင့်ခုနစ် အလယ်အလတ်ခွန်အား နှင့် နှိုင်းယှဉ်နိုင်သည့် အားကောင်းသော ခန္ဓာကိုယ် နည်းစနစ်ကို အသုံးပြုကာ လက်သီးတစ်ချက်တည်းဖြင့် မုန့်ပိုင်ကို အနိုင်ယူခဲ့သည်။
ယခုတစ်ခါတွင်လည်း သူတို့က ကျန်းချန်တစ်ယောက် ရှကျဲ၏ ဓားဆန္ဒကို မခုခံနိုင်ဟု ထင်ခဲ့ကြသည်။
သို့သော် ကျန်းချန်သည် ရှကျဲထက် ပိုမို အားကောင်းသော ဓားဆန္ဒကို ထုတ်ဖော်ပြခဲ့၏။
ကျောင်းတော်ကို အခုမှ ဝင်ခွင့်ရထားသော ကျောင်းသားသစ်တစ်ယောက်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အလွန်အမင်း အားကောင်းပြီး ဓားပညာတွင်လည်း သူ၏ ပါရမီသည် ဤမျှ အထိ နတ်ဆိုးဆန်လွန်းနေသည်။
ယင်းမှာ နေရင်းထိုင်ရင်း သူတို့ကို အရှက်ရစေသလိုပင်။
လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ် ဓားဆန္ဒကြောင့် အံ့သြ တုန်လှုပ်နေသောအချိန်တွင် ကျန်းချန်၏ ဓားဆန္ဒသည် လေထဲတွင် ငါးပေ ခြောက်ပေလောက် ရှည်သော ပုံရိပ်ယောင် နဂါးတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
ကျန်းချန်က ဓားရှည်ကို လွှဲလိုက်သည်နှင့် နဂါးကြီးသည် သူ၏ လက်သည်းများဖြင့် ရှဲကျဲ၏ ပုံရိပ်ယောင် ဓားကြီးကို တိုက်ရိုက် ပုတ်ချလိုက်သည်။
"ဝုန်း"
နဂါးကြီးက ရှကျဲ ဖော်ထုတ်ထားသည့် ပုံရိပ်ယောင် ဓားကြီးနှင့် တိုက်ခိုက်လိုက်ရာ လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။
နောက်ထပ် တစ်ခဏတွင် ဧရာမ ဓားကြီးသည် နဂါး လက်သည်းဖြင့် အပိုင်းပိုင်း ချိုးဖျက်ခြင်းကို ခံလိုက်ရသည်။
ပုံရိပ်ယောင် ဓားကြီး ကျိုးပဲ့သွားသောအချိန်တွင် ရှကျဲ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ရုတ်တရက် ဖြူဖျော့ကာ လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ဒုန်းခနဲ ဒူးထောက်ကျသွားခဲ့သည်။
"ဓားဆန္ဒက ပုံစံပြောင်းသွားတယ် ဆိုတော့ မင်း.. မင်း တကယ်ပဲ ဓားဆန္ဒရဲ့ ဒုတိယအဆင့်ကို နားလည်သွားတာလား"
ရှကျဲက ကျန်းချန်ကို ထိတ်လန့်တကြား ကြည့်ပြီး မယုံနိုင်လောက်သော လေသံကို ထုတ်ဖော်လိုက်၏။
သိပ်မကြာခင် သူ့လည်ချောင်းက ချိုမြိန်သွားပြီး သူ့ပါးစပ်ကနေ သွေးများ ဆက်တိုက် အန်ထုတ်လိုက်ရသည်။
ထို့နောက်တွင် မျက်လုံးများက မှောင်အတိကျသွားပြီး သတိလစ်သွားတော့သည်။
စင်ပေါ်မှ အခြေအနေကို ကြည့်ပြီး ရင်ပြင်ထဲရှိ လူတိုင်းသည် အသက်ရှူဖို့ပင် မေ့နေကြ၏။
ရှကျဲ ရှုံးနိမ့်သွားချေပြီ။
ထို့အပြင် သူ အလွန် ဂုဏ်ယူသော ဓားဆန္ဒဖြင့်ပင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
ဓားပညာတွင် ကျန်းချန်၏ ပါရမီက သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်း ပါရမီထက် ပိုပြီး ကြောက်စရာကောင်းမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်တွင် အဆင့် သုံးဆင့် ရှိသည်။
ပထမအဆင့်က ပုံရိပ်ယောင် နှင့် အစစ်အမှန်ကို ပေါင်းစည်းရန်ဖြစ်ပြီး အစစ်အမှန် တိုက်ခိုက်မှုအဖြစ် ပေါင်းစည်းနိုင်သည်။
ဒုတိယ အဆင့်က စစ်မှန်သော အဓိပ္ပာယ် ပြောင်းလဲခြင်းဖြစ်ပြီး ကမ္ဘာပေါ်မှ အရာအားလုံးကို လွတ်လပ်စွာ ပြောင်းလဲကာ အသက်ဝင်လာစေနိုင်သည်။
ဤအဆင့်ကို ဓားဆန္ဒပြောင်းလဲခြင်း အဆင့်ဟုလည်း ခေါ်၏။
တတိယ အဆင့်ကမူ ဘယ်သူမှ မရောက်နိုင်သော ဒဏ္ဍာရီဆန်သည့် အဆင့်တစ်ခုသဖွယ် ဖြစ်နေသည်။
ကျန်းချန်၏ ဓားဆန္ဒက နဂါးကြီး အဖြစ် ပြောင်းလဲသွားသည်မှာ ဓားဆန္ဒ ပြောင်းလဲခြင်း အဆင့်သို့ မုချ ရောက်ရှိသွားခြင်း လက္ခဏာပင် ဖြစ်သည်။
"မူလဘူတနယ်ပယ်အဆင့် သာမန် ကျင့်ကြံသူတစ်ယောက်က ဓားဆန္ဒပြောင်းလဲခြင်းကို အမှန်တကယ် နားလည်သွားတာတဲ့လား"
"ဒါက ဘယ်လောက် ကြောက်စရာကောင်းပြီး နတ်ဆိုးဆန်လိုက်လဲ"
"ဒီကလေးရဲ့ ဓားပညာ ပါရမီက တကယ် အံ့သြစရာကောင်းတယ်"
သိုင်းစင်မြင့်ပေါ်မှ အကြီးအကဲပင် တုန်လှုပ်မှုမှ ပြန်လည်သက်သာမလာခင် ခဏမျှ မှင်တက်သွားခဲ့သည်။
သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် အံ့သြ တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။
သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန်မှာ အလွန်ခက်ခဲသည်။
မူလဘူတနယ်ပယ်အဆင့်တွင် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ် ပထမအဆင့်ကို နားလည်နိုင်သည်မှာ အတုမရှိသော ပါရမီရှင်တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။
ထို့ကြောင့် မူလဘူတ နယ်ပယ်အဆင့်တွင် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ် ဒုတိယအဆင့်ကို နားလည်သော ဤကောင်လေးသည် သူတို့ ယန်ဟွမ် ကျောင်းတော်၏ သမိုင်းတွင် အားအကောင်းဆုံး ဓားရေးပါရမီရှင်တစ်ယောက်ဟု ဆိုရပေမည်။
ဤကောင်လေး၏ ဓားပညာ ပါရမီကို မကြုံစဖူးဟုပင် ဖော်ပြနိုင်သည်။
လူတိုင်းက ကျန်းချန်၏ ဓားဆန္ဒ ဒုတိယအဆင့်ကြောင့် အံ့အားသင့်နေသောအချိန်တွင် စင်ပေါ်ရှိ ကျန်းချန်၏ မောက်မာသော အသံသည် လူတိုင်း၏ နားထဲကို တစ်ဖန် ပဲ့တင်ထပ်သွားစေခဲ့၏။
"ငါ့ကို ဘယ်သူ ထပ်ပြီး စိန်ခေါ်ချင်သေးလဲ.. သတ္တိရှိရင် တက်လာလိုက်တော့"
အခန်း(၂၄၆) ပြီး၏