အခန်း (၂၄၇)
Vol. 17 Ch. 247
ကျန်းချန်၏ မောက်မာသော စကားများသည် ရင်ပြင်တစ်ခုလုံးကို ရုတ်တရက် တိတ်ဆိတ်သွားစေသည်။
ကျန်းချန်ကို စိန်ခေါ်သည့် နဂါးစာရင်းဝင် ကျောင်းသား ဆယ်ယောက်ကျော်တို့သည် ပြောမပြောနိုင်လောက်အောင် ထိတ်လန့်သွားကြ၏။
"ငါ.. ငါ စိန်ခေါ်တာကို စွန့်လွှတ်တယ်"
"ငါလည်း စွန့်လွှတ်တယ်"
"............"
သိုင်းစင်မြင့်ပေါ်တွင် မောက်မာစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ပြီး နဂါးစာရင်းဝင် ကျောင်းသား ဆယ်ယောက်ကျော်တို့သည် မည်သို့သောသတ္တိဖြင့် စိန်ခေါ်ရဲပါမည်နည်း။
သူတို့အားလုံး စိန်ခေါ်ခြင်းကို စွန့်လွှတ်ကြောင်း အလျင်အမြန် ကြေညာခဲ့ကြသည်။
သူတို့က မူလဘူတနယ်ပယ် အဆင့်၄ ကျင့်ကြံသူ ဖြစ်သည့်ကျန်းချန်ကို သူတို့ စိတ်ကြိုက်ကစား၍ ရသော ဖရဲသီးတစ်လုံးဟု ထင်ခဲ့ကြသည်။
သို့သော် လက်တွေ့တွင်မူ သူတို့ မျက်နှာများကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ကျန်းချန်က စွမ်းဆောင်ပြသွားခဲ့သည်။
နဂါးစာရင်းတွင် အဆင့် ၆၀ ရှိသည့် မုန့်ပိုင်ကို လက်သီးဖြင့် အပြင်းအထန် ထိုးနှက်ခဲ့သည်။
ထို့အပြင် နဂါးစာရင်းတွင် အဆင့် ၄၆ ရှိသည့် ရှကျဲကိုလည်း ဓားဆန္ဒ ဖြင့် ဖြေရှင်းလိုက်သည်။
ဤကဲ့သို့ အလွန်အမင်း နတ်ဆိုးဆန်မှုသည် သူတို့ မတတ်နိုင်သော အရာတစ်ခုပင်။
စိန်ခေါ်သူအားလုံး စိန်ခေါ်ခြင်းကို စွန့်လွှတ်ကြောင်း ကြေညာပြီးသည့်နောက်တွင် ကျန်းချန်သည် သိုင်းစင်မြင့်ပေါ်ကနေ မုန့်ချင်းရွှယ်၏ ဘေးသို့ ပျံသန်း၍ ဆင်းသက်လာခဲ့သည်။
သူက တုန်လှုပ်မှုမှ မသက်သာသေးသော မုန့်ချင်းရွှယ်ကို ကြည့်ကာ ပြုံးပြလိုက်၏။
"တွေဝေမနေနဲ့.. ငါတို့ သွားကြစို့"
"နင်.. နင် တကယ်ပဲ ဓားဆန္ဒ ဒုတိယအဆင့်ကို နားလည်ထားတာလား"
မုန့်ချင်းရွှယ်က ကျန်းချန်ကို စိုက်ကြည့်နေသည်။
သူမ၏ လှပသော မျက်လုံးများတွင် မယုံကြည်နိုင်လောက်သော ထိတ်လန့်မှုကို ဖော်ပြနေခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြန်ဖြေလိုက်သည်။
"ငါ့ရဲ့ ဓားဆန္ဒက မူလကတည်းက ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့တာပဲ.. စစ်မှန်သော အဓိပ္ပာယ် ချိုင့်ဝှမ်းမှာ လေ့လာပြီးတဲ့နောက်တော့ နည်းနည်းပါးပါး ထပ်မံ နားလည်ခဲ့တယ်.. ဒါကြောင့် ငါ ဒုတိယအဆင့်ကို ဖောက်ထွက်တာက သာမန်ပဲ မဟုတ်ဘူးလား"
"သာမန်... ဘာ သာမန်လဲ"
မုန့်ချင်းရွှယ်က ခဏကြာအောင် စကားမပြောနိုင် ဖြစ်သွားသည်။
နောက်ဆုံးတစ်ခေါက်က လင်ယွင် ကျောင်းတော်၏ ဓားအမှတ်အသား နန်းတော်တွင် ကျန်းချန်သည် ဓားဆန္ဒကို တစ်ချက်ကြည့်ရုံဖြင့် သိရှိခဲ့သည်။
ဤတစ်ခေါက် ယန်ဟွမ် ကျောင်းတော်၏ စစ်မှန်သော အဓိပ္ပာယ် ချိုင့်ဝှမ်းတွင်လည်း ကျန်းချန်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ဒုတိယအဆင့် ဓားဆန္ဒသို့ တိုးမြှင့်သွားခဲ့သည်။
တခြားသူများ၏ မျက်လုံးထဲတွင် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန်မှာ အလွန် ခက်ခဲသော်လည်း ကျန်းချန်ကမူ ထမင်းစားရေသောက် သဖွယ် လွယ်လွယ်ကူကူပင် နားလည်နေသည်။
ယင်းက သာမန်လူတစ်ယောက် လုပ်နိုင်သော အရာ ဖြစ်နိုင်ပါမည်လော။
ရင်ပြင်မှ ထွက်ခွာပြီးနောက်တွင် ကျန်းချန်သည် သူနေထိုင်ရာသို့ အလျင်အမြန် ပြန်မသွားဘဲ မုန့်ချင်းရွှယ်ကို ယန်ဟွမ် ကျောင်းတော်၏ ကုန်သွယ်ရေး စျေးတန်းသို့ ခေါ်သွားခဲ့သည်။
ကျင့်ကြံခြင်းနယ်ပယ် တိုးတက်လာသည်နှင့်အမျှ အဆင့်ငယ် များကို တိုးမြှင့်ဖို့လည်း လိုအပ်သည်။
ကျန်းချန်က အတွေ့အကြုံ ရမှတ်များ အတွက် ဆေးလုံးကိုသာ အားကိုးခဲ့သည်။
သူက အဆင့်ငယ် တစ်ခုကို တိုးတက်အောင် လုပ်ရန်အတွက် လိုအပ်သည့် ဆေးပစ္စည်းများ ဝယ်ယူရန် မှော်စွမ်းအင်ကျောက်တုံး သန်းပေါင်းများစွာ အသုံးပြုရမည် ဖြစ်၏။
ကျန်းချန် ဖြစ်နေလျှင်ပင် ဤမျှ ကြောက်စရာကောင်းသော ကုန်ကျမှုကို ခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်က ပစ္စည်းတချို့ကို ဝယ်ယူပြီး ဝိညာဥ်စွမ်းအား စုစည်းခြင်း အစီအရင်ကို တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဥ်စွမ်းအား စုစည်းခြင်း အစီအရင်နှင့် အဆတစ်ရာစနစ်ဖြင့်သာ ဆိုလျှင် သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် သိပ်မဆိုးဟု ဆိုရပေမည်။
ဝိညာဥ်စွမ်းအား စုစည်းခြင်း အစီအရင် အတွက် လိုအပ်သော ပစ္စည်းများကို ရှာဖွေရန်မှာ မခက်ခဲပေ။
ကျန်းချန်က လိုအပ်သော ပစ္စည်းအားလုံးကို စုဆောင်းရန် ဆယ်မိနစ်ပင် မကြာခဲ့ချေ။
သူက ဝယ်ယူထားသည့် ပစ္စည်းများနှင့်အတူ ကုန်သွယ်ရေး စျေးတန်းမှ ထွက်ခွာရန် ပြင်နေစဉ်မှာပင် ဓားဆန္ဒ အရှိန်အဝါသည် သူ၏ ရှေ့နားမှ ထွက်ပေါ်လာခဲ့သည်။
"ဒီဓားဆန္ဒက... လူတစ်ယောက်ဆီကနေ ထွက်ပေါ်လာပုံ မရဘူး.. ဒီဓားဆန္ဒမှာ ထူးခြားမှု တစ်ခုခုများ ရှိနေတာလား"
ကျန်းချန်က စိတ်လှုပ်ရှားလာပြီး ဓားဆန္ဒ ထွက်ပေါ်နေသော ဦးတည်ရာသို့ လျှောက်သွားလိုက်သည်။
ခဏကြာပြီးနောက်တွင် ကျန်းချန်သည် မီတာ ၁၀၀ ဝေးသော နေရာရှိ စျေးဆိုင် တစ်ဆိုင်သို့ ရောက်လာ၏။
သူ့၏ အကြည့်က ထိုစျေးဆိုင်မှ ဆေးလုံးတစ်လုံး အပေါ်တွင် ကျရောက်သွားခဲ့သည်။
သူအစောပိုင်းက ခံစားခဲ့ရသော ဓားဆန္ဒသည် ဤဆေးလုံးမှ ထွက်ပေါ်နေသည်မှာ အံ့သြစရာပင်။
"ဒီဆေးလုံးက ထူးခြားလွန်းတယ်.. ဘယ်လိုလုပ်ပြီး ဓားဆန္ဒ ရှိနိုင်တာပါလိမ့်"
ကျန်းချန်က ဆေးလုံးကို အနီးကပ် စိုက်ကြည့်ပြီးနောက် မျက်လုံးထဲတွင် အံ့အားသင့်သော အကြည့်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
"ဒါက ဓားဆန္ဒနှင့် ပေါင်းစည်းထားသော ဆေးလုံးပဲ"
သူက ဆေးလုံးကို ကြည့်နေစဉ်မှာပင် မုန့်ချင်းရွှယ်၏ မယုံနိုင်လောက်သော ချီးကျူးသံသည် သူ့နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
အခန်း(၂၄၇) ပြီး၏