အခန်း (၂၅၀)
Vol. 17 Ch. 250
"ဒီကောင်က ဘယ်သူလဲ.. ခုံးမော့ရှန်း ရှေ့မှာ တင်တင်စီးစီး ပြောဆိုရဲနေပါလား"
ကျန်းချန်၏ မောက်မာသော စကားသံများသည် လေထုထဲတွင် ပဲ့တင်ထပ်သွား၍ တီးတိုးဝေဖန်သော စကားသံများ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့သည်။
"ဒီကောင်က ယန်ဟွမ်ကျောင်းတော်ကို ဝင်ရောက် လာလာချင်းမှာပဲ နဂါးစာရင်းမှာ အဆင့် ၄၆ ရရှိခဲ့တဲ့ ကျောင်းသားသစ် ကျန်းချန်ပဲ"
လူအုပ်ထဲမှ တစ်ဦးက ကျန်းချန်၏ နာမည်ကို ကြားသည်နှင့် ချက်ချင်းပင် တီးတိုး ပြောဆိုလိုက်သည်။
"အိုး.. သူ ဖြစ်နေသည်ကိုး.. ဒါကြောင့် ဒီနာမည်ကို ရင်းနှီးသလိုခံစားရတာ အံ့သြစရာ မရှိတော့ဘူး"
"ဒီကောင်က စင်မြင့်ထက်မှာ နဂါးစာရင်းဝင် ကျောင်းသားတွေရဲ့ စိန်ခေါ်မှုကို လက်ခံရမှာ မဟုတ်လား.. ဘယ်လိုလုပ် ဈေးဆိုင်တန်းကို ရောက်လာရတာလဲ"
သိုင်းပြိုင်ပွဲကို မသွားရောက်သည့် ကျောင်းသားအချို့သည် ရုတ်တရက် စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
လွန်ခဲ့သော လဝက်တွင် ကျန်းချန်သည် ဝင်ခွင့်စစ်ဆေးမှု၌ မူလဘူတ နယ်ပယ်အဆင့်၄သို့ ခွန်အားဖိနှိပ်ထားသည့် ရှကျဲကို အနိုင်ယူကာ ရှကျဲနေရာကို အစားထိုး၍ နဂါးစာရင်း၏ အားအနည်းဆုံး ကျောင်းသား ဖြစ်လာခဲ့သည်။
ယနေ့တွင် ကျန်းချန်ကို စိန်ခေါ်သည့် နဂါးစာရင်းဝင် ကျောင်းသား အတော်များများ ရှိနေ၏။
သူတို့၏ အမြင်တွင် ဤကောင်လေးမှာ မသေလျှင်ပင် အရေခွံ ဆုတ်ခံရမည်မှာ သေချာသည်။
သို့ဆိုလျှင် ဤကောင်လေးသည် မည်သို့မှ ထိခိုက်မှုမရှိဘဲ ဈေးဆိုင်တန်းတွင် အဘယ်ကြောင့် ပေါ်လာရပါသနည်း။
"ချီး.. မင်းတို့က တစ်ကျောင်းထဲမှာ နေပြီး သတင်းအချက်အလက် အတော် နောက်ကျနေတာပဲ"
"ကျန်းချန်က စင်မြင့်ထက်မှာ မုန့်ပိုင်နှင့် ရှကျဲရဲ့ စိန်ခေါ်မှုကို အနိုင်ယူခဲ့တယ်.. အဲဒီနောက်မှာတော့ သူ့ကို ဘယ်သူမှစိန်မခေါ်ရဲတော့ဘူး"
စိန်ခေါ်မှု အစီအစဉ်ကို မျက်မြင်တွေ့ခဲ့သည့် ကျောင်းသားတစ်ဦးက ပြောပြလိုက်သည်။
"လခွမ်း.. ဒီကောင်က ဒီလောက်ထိတောင် အစွမ်းထက်တာလား"
"ဒါပေမဲ့ ဒီကောင်က သိုင်းပညာမှာ ဘယ်လောက်ပဲ အားကောင်းနေပါစေ.. အခု သူနဲ့ ခုံးမော့က သိုင်းပညာချင်း အားပြိုင်နေတာမှ မဟုတ်တာ"
သိုင်းပညာ အစွမ်းထက်ခြင်း နှင့် တိရစ္ဆာန်များကို လေ့ကျင့်ပေးနိုင်ခြင်းမှာ မတူပေ။
ခုံးမော့သည် ယန်ဟွမ်ကျောင်းတော်တွင် တိရစ္ဆာန် ယဉ်ပါးအောင်လုပ်ရာတွင် ပါရမီရှင်တစ်ဦးဖြစ်ပြီး စတုတ္ထအဆင့် သားရဲသခင် တစ်ဦးလည်း ဖြစ်၏။
ဤကောင်လေးက ခုံးမော့ကဲ့သို့ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကို ယဥ်ပါးအောင် မည်သို့ လုပ်ဆောင်နိုင်ပါအံ့နည်း။
ထိုအချိန်တွင် ခုံးမော့သည် ကျန်းချန်ကို စိတ်ပျက်သည့် အမူအရာဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
"ကျန်းချန်.. မင်းက ငါ့ရှေ့မှာ ဒီလောက်လေလုံးထွားနေတာ.. အစွမ်းအစရှိရင် မင်းရဲ့သားရဲကို လွှတ်ပြီး ယှဥ်ပြိုင်လိုက်ပါ"
ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့သည် တိုက်ခိုက်ရေး စွမ်းရည် အလွန်အားကောင်းသည့် တတိယအဆင့်၊ အဆင့်မြင့် မွန်းစတား သားရဲတစ်ကောင် ဖြစ်သည်။
အရွယ်ရောက်သော ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့သည် အဆင့်တူ မွန်းစတားသားရဲများထဲတွင် ရှုံးနိမ့်ရန် မဖြစ်နိုင်သလောက် ပြိုင်ဘက်ကင်း၏။
ခုံးမော့သည် စတုတ္ထအဆင့် သားရဲသခင် ဖြစ်သော်လည်း မိသားစုမှ အကြီးအကဲများ၏ အကူအညီကို ရရှိ၍သာ ဤ ခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့ကို အောင်မြင်စွာ ယဉ်ပါးနိုင်ခဲ့သည်။
သူ့ရှေ့မှ ကောင်လေးမှာ လင်ယွင်ကျောင်းတော်မှ ရောက်လာသော သူသာ ဖြစ်၏။
ပါရမီက ထူးချွန်လွန်း၍ စတုတ္ထအဆင့် သားရဲသခင်အဖြစ် သတ်မှတ်ခံရလျှင်ပင် သူက ဂရုစိုက်မည် မဟုတ်ချေ။
ဆိုရလျှင် အဆင့်အတန်း မရှိ၊ နောက်ခံ မရှိသော ကျန်းချန်သည် ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကဲ့သို့ အားကောင်းသည့် မွန်းစတားသားရဲများကို ယဉ်ပါးရန် မဖြစ်နိုင်ပေ။
ကျန်းချန်က ခုံးမော့ကို အာရုံစိုက်ရန် ပျင်းရိနေခဲ့သည်။
သူသည် မျက်နှာချင်းဆိုင်မှ ခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်ကို ကြည့်ကာ ခုံးမော့ကို ပေါ့ပါးစွာ ညွှန်ပြလိုက်သည်။
"ငါ သူ့ကို ဖြေရှင်းနိုင်သရွေ့ မင်းငါနဲ့ ကုန်သွယ်မှု လုပ်နိုင်မလား"
"အဆင်ပြေတယ်"
ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
သူက သူ၏ မွန်းစတားသားရဲဥကို ပေါက်ဖွားအောင်လုပ်ပေးရန် သားရဲသခင်ကို ရှာဖွေနေခဲ့သည်။
သဘာဝအားဖြင့် သားရဲသခင် ပိုမိုအားကောင်းလျှင် သားရဲဥကို ပေါက်ဖွားအောင်လုပ်နိုင်စွမ်း ပို၍ ကောင်းမွန်မည် ဖြစ်၏။
ဤကောင်လေးသာ တကယ်ပဲ သားရဲ ယဉ်ပါးမှုတွင် ခုံးမော့ကို အနိုင်ယူနိုင်လျှင် သူ့အနေဖြင့် ကုန်သွယ်မှု မလုပ်စရာ ဘာအကြောင်းပြချက် မရှိပေ။
ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ခေါင်းညိတ်သည်ကို မြင်လျှင် ကျန်းချန်သည် အဓိပ္ပာယ်မဲ့ မပြောဆိုတော့ဘဲ သူ၏ လက်ကို ဆန့်ထုတ်ကာ အိမ်မွေးသားရဲ အိတ်ထဲမှ ကျီလင် မီးလျှံသားရဲကို လွှတ်လိုက်သည်။
"ရှောင်ဟော်.. မျက်နှာချင်းဆိုင်က ခြင်္သေ့ကြီးကို ငါ့အတွက် အပိုးကျိုးအောင် လုပ်ပေးစမ်း"
ကျန်းချန်က ကျီလင် မီးလျှံသားရဲကို လွှတ်လိုက်ကာ ခုံးမော့ရှန်း၏ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
မီးလျှံသားရဲက သူ၏ ချစ်စရာကောင်းသည့် ခေါင်းလေးကို ညိတ်လိုက်ပြီးနောက် အလွန်လျင်မြန်စွာပင် သူ၏ခန္ဓာကိုယ်က ချဲ့ထွင်သွားခဲ့သည်။
တခဏလေး အတွင်းမှာပင် သူ၏ အရွယ်အစားမှာခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့ကို လိုက်မီသွားခဲ့သည်။
သူက သူ၏ ရှေ့မှ ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကို ခပ်ထေ့ထေ့ ကြည့်လိုက်၏။
သူ၏ အားကောင်းသော အရှိန်အဝါသည် ခရမ်းရောင် မျက်လုံး မီးလျှံခြင်္သေ့ကို လွှမ်းခြုံသွားခဲ့သည်။
တခဏလေး အတွင်းမှာပင် ခရမ်းရောင် မျက်လုံး မီးလျှံ ခြင်္သေ့သည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကျသွားသည်ကို အားလုံးက မြင်လိုက်ရသည်။
သူက သူ့ရှေ့မှ ကျီလင် မီးလျှံသားရဲကို ထိတ်လန့်တကြား ကြည့်ကာ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေခဲ့သည်။
သူတို့ရှေ့မှ ထိတ်လန့် တုန်လှုပ်စရာ ကောင်းသည့် ဤမြင်ကွင်းကို မြင်ရလျှင် ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သည့် လူများသည် သူတို့၏ မျက်လုံးများ ကျွတ်ကျတော့မတတ် တုန်လှုပ်သွားကြသည်။
အခန်း(၂၅၀) ပြီး၏