အခန်း (၂၅၅)
Vol. 17 Ch. 255
"လခွမ်း.. မုန့်ယန်က တိုက်ခိုက်နေပြီဟ"
မုန့်ယန်က စည်းမျဥ်းကို ဂရုမစိုက်တော့ဘဲ ဒေါသတကြီးဖြင့် ကျန်းချန်၏ လည်မျိုကို တိုက်ခိုက်လိုက်သည်ကို မြင်လျှင် လူအတော်များများသည် မကြည့်ရဲသည့် အမူအရာဖြင့် မျက်လုံးများကို မှိတ်လိုက်ကြသည်။
မုန့်ယန်ဆိုသည်မှာ ယန်ဟွမ် ကျောင်းတော်၏ နဂါးစာရင်းတွင် အဆင့်၉ကို ရရှိထားသည့် ပါရမီရှင် တစ်ယောက် ဖြစ်၏။
ဤကဲ့သို့ ကျောင်းသားများမှာ ယန်ဟွမ် ကျောင်းတော်တွင် ထိပ်တန်း တည်ရှိမှုများပင်။
ကျန်းချန်သည်လည်း အလွန် နတ်ဆိုးဆန်ပြီး ကျောင်းတော်ကို ဝင်ဝင်ချင်းမှာပင် နဂါးစာရင်းထဲတွင် ပါဝင်ခဲ့သည်။
ယနေ့ စိန်ခေါ်မှုတွင်လည်း ကျန်းချန်သည် မုန့်ပိုင်နှင့် ရှကျဲကို ဆက်တိုက် အနိုင်ယူ၍ နဂါးစာရင်း၏ အဆင့်၄၆ နေရာတွင် အခိုင်အမာ ရပ်တည်နေခဲ့သည်။
သို့သော်လည်း နဂါးစာရင်း၏ ထိပ်တန်း ဆယ်ယောက်ထဲမှ မုန့်ယန်နှင့် နှိုင်းယှဉ်လျှင်မူ နှစ်ယောက်ကြားမှ ခွန်အားသည် မိုးနှင့်မြေပမာ ကွာခြားလွန်းနေ၏။
ကျန်းချန်က မုန့်ယန်ကို စိုက်ကြည့်နေခဲ့သည်။
သူက တန်ပြန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်စဥ် ခန္ဓာကိုယ်ထွားကျိုင်းသော လူငယ်က ကျန်းချန် အရှေ့တွင် ချက်ချင်း ပေါ်လာပြီး သူ၏ ကျယ်ပြန့်သော လက်ဝါးဖြင့် မုန့်ယန်၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
"လဲ့ဟောင်ခုံး.. မင်း ဒါဘာသဘောလဲ"
မုန့်ယန်၏ မျက်နှာက ပြောင်းလဲသွားသည်။
သူက သူ့ရှေ့မှ ခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်ကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
"မင်းနဲ့ငါက ဘာရန်ငြိုးမှ မရှိခဲ့ဖူးဘူး.. ဒါကြောင့် ငါ့ကိစ္စကို ဝင်မရှုပ်ပါနဲ့"
"ဟေ့.. လဲ့ဟောင်ခုံးလည်း ပါလာပြီဟ"
"အဲဒီသိုင်းရူးက ကျန်းချန်ဘက်ကနေ ကူညီမယ်လို့ ငါတကယ် မထင်မိဘူး"
"ဒီသိုင်းရူး လဲ့ဟောင်ခုံးက နဂါးစာရင်းမှာ အဆင့်၈ ဖြစ်ပြီး မုန့်ယန်ထက် တစ်ဆင့် ပိုမြင့်တယ်.. ဒီတစ်ကြိမ် ပွဲကတော့ ကြည့်ကောင်းတော့မှာပဲ"
လဲ့ဟောင်ခုံးက ရုတ်တရက် ကျန်းချန်ဘက်ကနေ ရပ်တည်လိုက်သည်ကို မြင်လျှင် လူအတော်များများသည် ငေးမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
"မင်းရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့ထိ ငါ စိတ်မဝင်စားဘူး"
လဲ့ဟောင်ခုံးက မုန့်ယန်၏ လက်ကို လွှတ်လိုက်သည်။
သူ၏ မောက်မာသည့် အသံသည် မုန့်ယန်၏ နားထဲကို ဝင်ရောင်လာခဲ့၏။
"ဒါပေမဲ့ ကျန်းချန်က ငါလဲ့ဟောင်ခုံးရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတယ်.. သူ့ကို တစ်စုံတစ်ခု လုပ်ရဲရင် ငါ့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့"
"မင်း.."
မုန့်ယန်သည် သူ့ရှေ့မှ လဲ့ဟောင်ခုံးကို ကြည့်၍ ဒေါသထွက်နေခဲ့၏။
လဲ့ဟောင်ခုံးသည် နဂါးပျံစာရင်းတွင် အဆင့်၈ ဖြစ်၍ သူ့ထက် ပို၍ အားကောင်းသည်။
ထို့အပြင် လဲ့ဟောင်ခုံးသည် သိုင်းရူးတစ်ယောက် ဖြစ်သည်။
တစ်ကြိမ် ပြဿနာရှာမိသည်နှင့် အဆုံးမသတ်နိုင်သော ပြဿနာများကို ဖန်တီးပေးမည့် နတ်ဆိုးတစ်ပါး ဖြစ်၏။
ထို့ကြောင့် မုန့်ယန်သည် ဤသိုင်းရူး နှင့် ထိပ်တိုက် ပဋိပက္ခ မဖြစ်လိုခဲ့ပေ။
မုန့်ယန်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏ ဒေါသကို ထိန်းချုပ်လိုက်သည်။
သူက လဲ့ဟောင်ခုံး နောက်မှ ကျန်းချန်ကို စူးစိုက်၍ ကြည့်လိုက်သည်။
"ကျန်းချန်.. မင်းလို မောက်မာတတ်တဲ့ကောင်က တခြားသူရဲ့နောက်မှာ လိပ်လို ပုန်းမနေသင့်ဘူး"
"ဟားဟား မင်းအစောပိုင်းက တိုက်ခိုက်တာကို ငါရှောင်လိုက်တာ မင်းမြင်လိုက်လား"
"ငါက တခြားသူရဲ့ နောက်မှာ ပုန်းခဲ့ရင်တောင် အနည်းဆုံးတော့ မင်းမှာ အဲဒီလိုလုပ်ဖို့ အရည်အချင်း မရှိသေးဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"မင်းက ငါနှင့် တိုက်ခိုက်ချင်လည်းရတယ်.. ဒါပေမဲ့ မင်းအနေနဲ့ ယန်ဟွမ် ကျောင်းတော်ရဲ့ စည်းမျဉ်းအတိုင်း လိုက်နာရမယ်"
"ကောင်းပြီလေ.. နောက်ထပ် လဝက်နေရင် စည်းမျဉ်းအတိုင်းငါမင်းကိုစိန်ခေါ်မယ်"
မုန့်ယန်က ခနဲ့၍ ပြောလိုက်သည်။
"မင်းမှာ ငါနဲ့ တိုက်ခိုက်ဖို့ သတ္တိတော့ ရှိပါတယ်နော်"
ယန်ဟွမ် ကျောင်းတော်တွင် နဂါးစာရင်းမှ အဆင့်နိမ့် ကျောင်းသားများသည် ၎င်းတို့ထက် အဆင့်မြင့်သည့် ကျောင်းသားများကို စိန်ခေါ်ခဲ့လျှင် အဆင့်မြင့် ကျောင်းသားများသည် ငြင်းပယ်၍ မရပေ။
တစ်ဖက်တွင်လည်း အဆင့်မြင့် ကျောင်းသားဘက်မှ စိန်ခေါ်လျှင် အဆင့်နိမ့် ကျောင်းသားများသည် ငြင်းပယ်ပိုင်ခွင့် ရှိသည်။
"ဂုဏ်သိက္ခာရှိတဲ့ နဂါးစာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်က အဆင့်၄၆က ကျောင်းသားသစ်ကို စိန်ခေါ်မလို့လား.. မင်းမှာ အရှက်တရား မရှိတော့ဘူးလား မုန့်ယန်"
လဲ့ဟောင်ခုံးက မုန့်ယန်ကို မထီမဲ့မြင်ပြု၍ ကြည့်ကာ ပြောလိုက်သည်။
"မင်းဒီလောက်တောင် စိန်ခေါ်ချင်ရင် ငါ့ကို စိန်ခေါ်ပါလား"
"ညီနောင်လဲ့ ငါ့ဘက်ကနေ ရပ်တည်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
"ဒါပေမဲ့ ဒီကိစ္စက ငါနှင့် သူ့ ကြားက ကိစ္စဆိုတော့ ငါကိုယ်တိုင် ပဲ ဖြေရှင်းသင့်တယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက မုန့်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အံ့သြဖွယ်ကောင်းသည့် စကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်၏။
သူ၏ စကားသံက လူတိုင်း၏ နားထဲကို ချက်ချင်း ဝင်ရောက်လာခဲ့သည်။
"မုန့်ယန်.. လဝက်ကြာရင် မင်းကို ငါ စိန်ခေါ်မယ်"
"နဂါးစာရင်းက မင်းရဲ့ အဆင့်၉ နေရာကို ချွင်းချက်မရှိ သိမ်းပိုက်ပြမယ်"
အခန်း(၂၅၅) ပြီး၏