← Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

“ဘယ်သူနဲ့လဲ”

လျှို့ရှင်းယာရဲ့ အမူအရာက ထူးဆန်းနေ၏။

“ဟို အကျင့်ပုတ်တဲ့ လုရွှယ်ယင်လိုပေါ့။ အဲ့လို ဒေါသကြီးပုံနဲ့ ယောက်ျားရှာတွေ့ဖို့ ခက်လိမ့်မယ်။ လုရွှယ်ယင်ကိုပဲကြည့်။ သူက အကောင်းဆုံး ဥပမာပဲ”

လင်းဖေးဟန်က လျှို့ရှင်းယာကို သတိပေးဖို့ အသင့်ဖြစ်နေလေသည်။ မဟုတ်ရင် နေ့တိုင်း သူ့ကို မျက်လုံးတစ်စုံက စောင့်ကြည့်နေသည်မှာ စိတ်ရှုပ်စရာကောင်းလှ၏။

လျှို့ရှင်းယာ ထိုသို့ကြားလိုက်ရသဖြင့် တုန်လှုပ်သွားသည်။

လျှို့ရှင်းယာ ဘာမှမပြောနိုင်ခင်မှာပဲ လင်းဖေးဟန်က လှည့်ထွက်သွား၏။

ကြောက်လန့်တကြားနှင့် လျှို့ရှင်းယာက သန့်စင်ခန်းထဲပြေး၀င်ကာ လုရွှယ်ယင်ကို ဖုန်းဆက်လိုက်သည်။

“မမလေးလု၊ လင်းဥက္ကဌက ညစာစားပွဲကို ထွက်သွားပါပြီ”

“အင်း။ တစ်ခုခု ဖြစ်လို့လား”

လုရွှယ်ယင်က အနည်းငယ် အံ့ဩမိ၏။

ပုံမှန်အားဖြင့် ဒီလိုကိစ္စမျိုးဖြင့် ဖုန်းခေါ်ဆိုရန် မလိုအပ်ခဲ့ပေ။

“ကြည့်ရတာ ဥက္ကဌလင်းက တစ်ခုခုကို သိသွားပြီထင်တယ်။ သူက ကျွန်မကို မမလေးနဲ့ တူတယ်လို့ ပြောလိုက်တယ်။ ပြီးတော့ ပြောသေးတယ်…သူပြောတာက မမလေးက…”

“သူဘာပြောတာလဲ”

“သူပြောတာက မမလေးက အကျင့်ပုတ်ပြီး ယောက်ျားမရှာနိုင်ဘူးတဲ့…”

လျှို့ရှင်းယာက လင်းဖေးဟန် သူမကို ပြောခဲ့တဲ့အတိုင်း ပြန်ပြောပြလိုက်သည်။

ဒီလင်းဖေးဟန်က တကယ်ကို သေချင်နေတာပဲ။ ငါ့ကို အကျင့်ပုတ်မလို့ ခေါ်ရဲတယ်။

“အင်း ငါသိပြီ။ နောက်ကျရင် သတိထားဖို့ မမေ့နဲ့။ ဘာကိစ္စမှမရှိရင် ဖုန်းသိပ်မဆက်နဲ့”

“မမလေးလု…ဟို…”

“ဘာကိစ္စလဲ”

“အမေ့ရဲ့ ဆေးရုံစရိတ်တွေ ကုန်တော့မယ်”

“ဘာလို့အဲ့လောက် အကုန်မြန်တာလဲ”

“မဟုတ်ဘူး။ မမလေးသိတဲ့အတိုင်းပဲ။ ပေကျင်းက အသုံးစရိတ်တွေက အရမ်းမြင့်မားတယ်။ ကျွန်မအမေရဲ့ ရောဂါက ကင်ဆာဆေးနဲ့ အောက်စီဂျင်တွေ လိုတယ်လေ။ အဲ့ဒါကြောင့်…”

လျှို့ရှင်းယာက ဘာမှဆက်မပြောဘဲ တစ်ဖက်က တုံ့ပြန်တာကို စောင့်နေခဲ့၏။ သို့သော် လုရွှယ်ယင်က ဘာမှမတုံ့ပြန်ခဲ့ချေ။

ထိုအချက်က လျှို့ရှင်းယာကို ပိုမိုစိတ်ပူစေခဲ့သည်။ ထို့ကြောင့် သူမ အမြန်ပြောလိုက်၏။

“မမလေးလု၊ ကျွန်မက လောဘကြီးတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ ကျွန်မရဲ့ အကောင့်ကို စစ်ကြည့်လို့ရသလို ပေကျင်းကို ဖုန်းခေါ်ကြည့်လည်းရပါတယ်။ မမလေးကို ကုန်ကျစရိတ်အကုန်လုံး စီစစ်ပြနိုင်ပါတယ်…”

“‌အင်း ငါနင့်အကြောင်းသိပါတယ်။ အချိန်မီ ပိုက်ဆံပေးလိုက်မယ်။ စိတ်မပူပါနဲ့။ လင်းဖေးဟန်ကို ငါ့အတွက် စောင့်ကြည့်ပေးနေသရွေ့ နင့်အတွက် အကျိုးအများကြီးရှိစေမှာပါ”

လုရွှယ်ယင်က စကားပြောပြီးတာနဲ့ ဖုန်းကို တန်းချလိုက်သည်။

အလျင်စလို ဖုန်းချလိုက်တဲ့အသံကို ကြားလိုက်ရတော့ လျှို့ရှင်းယာက ကြမ်းပြင်ပေါ် ယိုင်ခွေကျပြီး မျှော်လင့်ချက်မဲ့စွာ ငိုချလိုက်မိ၏။

လင်းဖေးဟန်က သူမအပေါ် ကျေးဇူးကြွေးရှိသဖြင့် သူမ စစချင်းက သူလျှိုလုပ်ပေးဖို့ ငြင်းဆန်ချင်ခဲ့သည်။ ဘွဲ့ရပြီးပြီးချင်း ကောလိပ်ကျောင်းဆင်းတစ်ယောက်ကို လင်းဖေးဟန်က သူ့ဘေးမှာ အတွင်းရေးမှူးအဖြစ် ခန့်ထားခဲ့၏။

သူမအိမ်ပြန်ရောက်တိုင်း သူမအမေက လူတိုင်းကို သူမ တစ်နှစ်တစ်နှစ် လစာသိန်းချီရတာကို ကြွားလုံးထုတ်ခဲ့သည်။

သူမလည်း ဂုဏ်ယူ၀င့်ကြွားခဲ့၏။ သို့သော် သူမအမေ အသည်းအသန် နေမကောင်းဖြစ်သွားချိန်မှာ တစ်နှစ်ကိုသိန်းချီရလည်း သူမအမေရဲ့ ရောဂါနဲ့ယှဉ်လျှင် ထိုလစာက ရေတစ်စက်ပမာ ဖြစ်သွားတာကို သူမ သဘောပေါက်လိုက်သည်။

ထိုအချိန်မှာ လုရွှယ်ယင်က သူမကို ရှာတွေ့ခဲ့၏။ သူမရဲ့ အသိစိတ်က လင်းဖေးဟန်ကို သစ္စာမဖောက်နိုင်ဘူးလို့ ပြောနေခဲ့ပေမဲ့ သူမမှာ ရွေးချယ်စရာ မရှိပေ။ အသိစိတ်က သူမအမေရဲ့ အသက်နှင့်ယှဉ်လျှင် ဘာမှမဟုတ်သောကြောင့် ဖြစ်သည်။

အခုတော့ လျှို့ရှင်းယာ အနည်းငယ် နောင်တရမိ၏။ သူမ အခြေအနေတွေကို လင်းဖေးဟန်ဆီ တိုက်ရိုက် ရှင်းပြခဲ့သင့်သည်။ သို့မဟုတ် ဆယ်စုနှစ်ချီတဲ့ လစာတွေကို ကြိုထုတ်ဖို့ တောင်းဆိုခဲ့သင့်၏။ အဲ့လိုသာဆို ယခုလိုတွေ ဖြစ်လာလိမ့်မှာ မဟုတ်ပေ။

ဘာလို့ဆို ထိုငွေပမာဏက သူမအတွက် များပြားလွန်းပေမဲ့ လင်းဖေးဟန်လိုလူမျိုးရဲ့ မျက်လုံးထဲမှာတော့ ရေစင်ရေမွှားကဲ့သို့ ရှိသောကြောင့်ပင်ဖြစ်သည်။

အခုကျတော့ရော။

ဟဟ။ ရွေးချယ်စရာ မရှိတော့ဘူး။ လင်းဖေးဟန်သာ ဒီကိစ္စကိုသိရင် သူ့စရိုက်အရ နောက်နေ့ဆို သူမ သေနေလောက်ပြီဆိုတာ လျှို့ရှင်းယာ ခန့်မှန်းမိ၏။

ကားမတော်တဆမှု ဒါမှမဟုတ် ရေထဲပြုတ်ကျတာမျိုး ဖြစ်မှာပေါ့။

“တင်း! စနစ်သတိပေးချက်: ဇာတ်လိုက်လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် သဘောကျမှုက ၁၀ မှတ်လျော့သွားပြီး ၃၀ မှတ် ဖြစ်သွားပါပြီ”

ကားမောင်းနေရင်း အဲ့ဒါကိုကြားလိုက်ရတဲ့ လင်းဖေးဟန်က ပြုံးပဲပြုံးနေနိုင်တော့၏။

ကြည့်ရတာ ဒီလုရွှယ်ယင်က အမြင်ကျဉ်းမြောင်းနေသေးပုံပဲ။ မကြာခင် လင်းဖေးဟန် ၀မ်ဖုလုံကို ရောက်ရှိသွားသည်။

အဲ့ဒါက အဆင့်မြင့် ကြယ်ခြောက်ပွင့်ဟိုတယ်ဖြစ်ပြီး လုမိသားရဲ့ မရေမတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်၏။ ကျန်းပိုင်မြို့တွင်းက ရှားပါးတဲ့ ဇိမ်ခံဟိုတယ်တွေထဲက တစ်ခုလည်းဖြစ်သည်။

“လင်းဥက္ကဌ”

လင်းဖေးဟန် ကားပေါ်က ဆင်းဆင်းချင်းပဲ အဲ့ဒီဟိုတယ်မှာ လာစားသောက်ကြတဲ့ သူဌေးသူကြွယ်တွေက လာနှုတ်ဆက်ကြ၏။

လင်းဖေးဟန်က သူတို့နာမည်တွေကို မမှတ်မိသောကြောင့် ခေါင်းပဲငြိမ့်ပြလိုက်ရသည်။

ထိုအချိန်မှာ ဟိုတယ်မန်နေဂျာက အမြန်လာနှုတ်ဆက်ပြီး ပြောလိုက်၏။

“ကျွန်တော့်နောက်ကို လိုက်လာခဲ့ပေးပါ လင်းဥက္ကဌ”

ထို့နောက် မန်နေဂျာက လင်း‌ဖေးဟန်ကို ဗီအိုင်ပီ ဓာတ်လှေကားဆီ ခေါ်သွားပြီး ဟိုတယ်ခေါင်မိုးထပ်ကို တက်သွားလိုက်သည်။

လုမိသားစု၀င်တွေ မစုံသေးသဖြင့် ခန်းမကျယ်ကြီးက အနည်းငယ် လစ်ဟာနေသလိုပင်။

“လုသခင်ကြီး၊ လင်းဥက္ကဌ ရောက်ရှိလာပါပြီ”

“အိုး။ ရှောင်ဟန်လာပြီလား”

လင်းဖေးဟန်လာတာကို ကြားလိုက်တော့ လုသခင်ကြီးက သူ့ကို ကိုယ်တိုင်ထလာပြီး နှုတ်ဆက်လိုက်၏။

“ဘာလို့ ကိုယ်တိုင်လာတာလဲ အဘိုး။ အကြာကြီးစောင့်နေစေမိလို့ တောင်းပန်ပါတယ်”

“မဟုတ်တာ။ ငါလည်း အခုမှ ဒီကိုရောက်လာတာ။ ရပါတယ်။ အချိန်ကွက်တိပဲ။ ဒီကိုလာ ရှောင်ဟန်။ ငါ့နားလာထိုင်”

လင်း‌ဖေးဟန်လာတာကိုမြင်တော့ သူနဲ့ရွယ်တူတွေက မထီလေးစား ကြည့်လိုက်ကြသည်။ အများစုကတော့ အရေးမလုပ်ကြချေ။

သို့သော် လင်း‌ဖေးဟန် ဂရုမစိုက်ပေ။ သူ လုရွှယ်ယင်ကို လှမ်းကြည့်လိုက်၏။ နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားချိန်မှာ လုရွှယ်ယင်က နှာမှုတ်ပြီး ဘေးကိုခေါင်းလှည့်လိုက်သည်။

စိတ်ပုတ်လိုက်တဲ့ အမျိုးသမီး။ ခုထိ ပြန်မကောင်းသေးဘူး။ ထိုင်ချလိုက်ပြီးနောက်မှာ လင်းဖေးဟန်က လာရောက်တဲ့လူတွေကို ကြည့်လိုက်၏။

လုမိသားစုကို လုသခင်ကြီး၊ လုရှော့ချွန်းနဲ့ သူ့အစ်ကိုသုံးယောက်က ဦးဆောင်နေသည်။

သူတို့နောက်မှာ လုမိသားစုရဲ့ လူငယ်တွေက ရှိနေ၏။

လုရွှယ်ယင်က ပထမဆုံးနေရာကဖြစ်ပြီး သူ့နောက်မှာ သူ့ဦးလေးသုံးယောက်ရဲ့ ကလေးတွေက လိုက်ပါလာသည်။ လုရွှယ်ယင်ရဲ့မောင် လုမင်ဟန်က မိသားစုညစာစားပွဲကို တက်ရောက်မလာပေ။

လုသခင်ကြီးကို ကြည့်ရတာ သူ့မြေးရဲ့ အကျင့်စရိုက်ကို သိနေပုံပဲ။ ဆိုတော့ သူ ဂရုမစိုက်ချေ။

သူက လုမိသားစုမှာ လုသခင်ကြီးကို မနာခံရဲတဲ့ တစ်ဦးတည်းသောလူလည်းဖြစ်သည်။

ဒီလုမိသားစုက လူငယ်တွေအကုန်လုံးက ဆွဲဆောင်မှုရှိပြီး လှပကြ၏။ သို့သော် အားလုံးက သိုဝှက်ပြီး ဉာဏ်နီဉာဏ်နက်များကြသည်။

သူတို့အားလုံး မောက်မာထောင်လွှားကြ၏။ သူတို့အကုန်လုံးက အနာဂတ်မှာ ဆက်ခံသူ ဖြစ်လာနိုင်တာမို့ မိသားစုညစာစားပွဲမှာ ကောင်းမွန်တဲ့ပုံစံကို ပြသလိုကြသည်။

မူလ၀တ္ထုထဲမှာတော့ ဆက်ခံပိုင်ခွင့်က လုရွှယ်ယင်လက်ထဲ ကျရောက်သွားခဲ့၏။

နဂိုက လုရွှယ်ယင်မှာ ဆက်ခံနိုင်ချေမရှိခဲ့ပေ။ သူမက မိသားစုထဲမှာ အကြီးဆုံးမြေးလည်း မဟုတ်ခဲ့ချေ။ မိန်းကလေးလည်း ဖြစ်နေသေးသည်။ သူမမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိနေပေမဲ့ မိသားစုထဲကလူကြီးတွေက သူမကို အမြဲလိုလို လက်ထပ်ခိုင်းစေချင်ခဲ့၏။ ထို့ကြောင့် သူမက မိသားစုအကြီးအကဲ ဖြစ်လာချိန်မှာ အခက်အခဲများစွာ ရှိခဲ့သည်။

သို့သော် ထိုအခက်အခဲများက ဇာတ်လိုက်အတွက်တော့ ပြဿနာမရှိခဲ့ချေ။

ယခုတော့ လင်းဖေးဟန်က ယဲ့ဖန်းနဲ့ လုမိသားစုကို အဆက်ဖြတ်လိုက်ပြီဖြစ်သဖြင့် မမြင်နိုင်သော အန္တရာယ်များ ရှိနေသေး၏။

ဒါပါပဲ။ လင်းဖေးဟန်က လုရွှယ်ယင်ကို လုမိသားစုခေါင်းဆောင်နေရာကို ရရှိအောင် ကူညီပေးရမည်။ သူသာ မကူညီပေးဘူးဆိုလျှင် လုရွှယ်ယင်က ယဲ့ဖန်းကို ရှာတွေ့ဖို့ ဖြစ်နိုင်ချေအများကြီး ရှိနေသည်။ ယဲ့ဖန်းက လုရွှယ်ယင်ကို မိသားစုခေါင်းဆောင်နေရာရအောင် ကူညီပေးလိမ့်မည်။

All Chapters