အခန်း (၁၇)
Vol. 2 Ch. 17
ဒီလိုနည်းနဲ့ လုရွှယ်ယင်က ယဲ့ဖန်းကို စိတ်ထဲကနေ ကျေးဇူးတင်နေလိမ့်မည်။ ပြီးရင်တော့ ယဲ့ဖန်းက လုမိသားစုနှင့် ထပ်မံချည်နှောင်မိသွားလိမ့်မည်။
ဇာတ်ကြောင်းက သူစိတ်ကူးထားတာနဲ့ သွေဖယ်ခဲ့မယ်ဆိုရင် လုရွှယ်ယင်က ယဲ့ဖန်းကို အကူအညီတောင်းမှာ မဟုတ်ပေ။
အဲ့ဒီနောက် မိသားစုခေါင်းဆောင်နေရာကို လုရွှယ်ယင်ရဲ့ ဦးလေးသုံးယောက်ထဲက တစ်ယောက်ယောက်က ရရှိသွားလိမ့်မည်။ အဲ့လိုဖြစ်လာခဲ့ရင် လုမိသားစုက လင်းဖေးဟန်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်သွားလိမ့်မည်။ သူ့အတွက် အနာဂတ်ရလဒ်တွေကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ဖြစ်နိုင်တော့မှာ မဟုတ်ချေ။
လင်းဖေးဟန်က အဲ့ဒါကို မကြိုက်ပေ။ သူက သူ့ကို အမြဲစိုးရိမ်နေစေမဲ့ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေထက်စာရင် သူ့ကံကြမ္မာကို သူ့လက်ထဲမှာပဲ ဆုပ်ကိုင်ထားချင်သည်။
လင်းဖေးဟန် ထိုင်လိုက်ပြီးနောက် လုမိသားစုက လူကြီးတွေကို နှုတ်ဆက်လိုက်၏။ လုရှော့ချွန်းနဲ့ ကျန်းချွန်းယန်တို့က အားရ၀မ်းသာ ပြန်နှုတ်ဆက်ကြသည်။ ကျန်သောသူများက တုံ့ပြန်သည့်အနေနှင့် အနည်းငယ် ပြုံးပြကြ၏။
“ဟဟ။ မင်းကို အားလုံးနဲ့ မိတ်ဆက်ပေးရဦးမယ်။ ဒါကတော့ လင်းမိသားစုက သားဖြစ်သူပါ။ အခုတော့ သူ့ကို ငါ လင်းဥက္ကဌလို့ ခေါ်ရတော့မှာပေါ့”
လုရှော့ချွန်းက လင်းဖေးဟန်ကို ဝိုင်နီတစ်ခွက် ကမ်းပေးလိုက်ပြီး သူ့မိသားစု၀င်တွေကို မိတ်ဆက်ပေးဖို့ ထရပ်လိုက်၏။
လုရှော့ချွန်းရဲ့အစ်ကို လုရှော့ကျုံးကလည်း ပြောလိုက်သည်။
“မင်းကတကယ်ကို ငယ်ရွယ်ပြီး ဩဇာရှိတာပဲ။ ငါ့ရဲ့ စိတ်ပျက်စရာသားတွေသာ မင်းလိုဖြစ်မယ်ဆိုရင် ငါလည်း လူအိုကြီးလင်းဆီကနေ ပညာယူပြီး အခုဆို ခရီးတွေထွက်နေလောက်ပြီ။ ဟဟဟ”
ဒုတိယအစ်ကို လုရှော့ဟွားက ရယ်ပြုံးပြီး ပြောလိုက်၏။
“ဘယ်ကို ခရီးအထွက်ချင်ဆုံးလဲ အစ်ကိုကြီး”
“အနည်းဆုံး မလေးရှားလောက်ပေါ့။ အုန်းရည်သောက်မယ်လေ”
လူတိုင်း ရယ်လိုက်ကြသည်။ တတိယအစ်ကို လုရှော့ကျစ်ပဲ ဘာတွေးနေမှန်းမသိရဘဲ တိတ်ဆိတ်နေလေ၏။
“ဦးလေးတို့က မြှောက်ပင့်နေကြပါပြီ။ တကယ်က ကျွန်တော်က ရာထူးကို ယူရုံပဲရှိသေးတာ။ နားမလည်တာရှိရင် ဦးလေးတို့ရဲ့ အကူအညီနဲ့ လမ်းညွှန်တာကို လိုအပ်နေပါသေးတယ်”
ဝိုင်သုံးခွက်သောက်ပြီးနောက် လုသခင်ကြီးက သူ့ကိုယ်သူ အသက်ကြီးနေပြီပြောပြီး သီးသန့်ခန်းထဲ တန်း၀င်သွားလေတော့သည်။ ညီအစ်ကိုလေးယောက်ကလည်း သူ့နောက်လိုက်ပြီး ထွက်သွားကြ၏။
တိတိကျကျပြောရရင် သူတို့ငါးယောက်က ကိစ္စတွေကို သွားဆွေးနွေးကြခြင်းဖြစ်သည်။
လင်းဖေးဟန်က မြင်ကွင်းကို အာရုံစိုက်ကြည့်နေ၏။ သူ့နေရာမှာပဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့သည်။
ဒါက သာမန် မိသားစုညစာစားပွဲသာဖြစ်၏။ အခမ်းအနားကြီးမဟုတ်ပါ။ ပြောရရင် လူကြီးတွေကထွက်သွားပြီဖြစ်ပြီး လူငယ်တွေက ပျော်ပါးနေကြပြီ။ လင်းဖေးဟန်တစ်ယောက်တည်း ကွဲထွက်နေသည်။
“ဘာလဲ။ တစ်ယောက်ကိုတစ်ယောက် မသိကြဘူးလား။ ဘာလို့ သူတို့နဲ့ သွားမကစားတာလဲ”
လုရွှယ်ယင်က လင်းဖေးဟန်ကိုမြင်တော့ စကားလာပြော၏။
“ဟဟ။ ငါက အေးအေးဆေးဆေး နေတတ်တဲ့သူလေ။ ဒီလိုပွဲမျိုးနဲ့ မရင်းနှီးဘူး”
“နင်က လူအေးလေးပေါ့”
လုရွှယ်ယင် မယုံသင်္ကာနဲ့ မျက်လုံးကိုပင့်လိုက်၏။
အမှန်တကယ်ပဲ လင်းဖေးဟန်က တိတ်ဆိတ်လှသည်။ အရင်ကတည်းက သူ့ရဲ့အကျင့်က အဲ့ဒီလိုပင်ဖြစ်၏။
အရက်ဝိုင်းမှာ စကားနည်းနည်းပဲပြောတာက ပိုကောင်းသည်။
အရက်က အာရုံကြောကို ထုံထိုင်းစေပြီး စိတ်ထဲရှိတဲ့အတိုင်း ပြောထွက်စေသောကြောင့်ဖြစ်၏။
ပထမဆုံးအနေနှင့် သူက စကားမှားမှာကြောက်သည်။ ဒုတိယအနေနှင့် သူက လူတွေရဲ့ အမူအရာကိုလေ့လာပြီး သဲလွန်စရှာရာမှာ အတော်ဆုံးပင်ဖြစ်၏။
ထိုအရာက သူ့အတွက် အလေ့အကျင့်လို ဖြစ်လာခဲ့သည်။
အဲ့ဒါကြောင့် သူဘယ်လောက်ပဲသောက်သောက် ဘယ်လောက်ပဲ ယိုင်တိယိုင်နဲ့ဖြစ်ဖြစ် သူ့စိတ်က အရှင်းကြီးဖြစ်နေ၏။ သူ့ကို ဘယ်သူက အိမ်ပြန်ပို့လဲဆိုတာပါ သိသည်။
အရက်မူးလျှင် သူ ဘယ်တော့မှ စကားများများမပြောပေ။
လင်းဖေးဟန်က လုရွှယ်ယင်နဲ့ စကားအနည်းငယ်ပြောပြီးနောက် ပြောလိုက်၏။
“သွားကြရအောင်။ အချိန်ကျပြီ”
လင်းဖေးဟန်က လုရွှယ်ယင်နဲ့အတူ စေ့စပ်ထားတာကို သွားဖျက်သိမ်းရန် အဆင်သင့်ဖြစ်နေပြီ။
လုရွှယ်ယင်က ခေါင်းငြိမ့်လိုက်ပြီး အသက်၀၀ရှူကာ လင်းဖေးဟန်နောက် ထလိုက်သွားသည်။
အခန်းထဲမှာ လုသခင်ကြီးက လုမိသားစုရဲ့ မကြာသေးခင်က စီးပွားရေးကို စစ်ဆေးနေပြီး သူ့သားလေးယောက်နှင့် ဆွေးနွေးလျက်ရှိ၏။
ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာပြီး လင်းဖေးဟန်နှင့် လုရွှယ်ယင်က တန်း၀င်လာသည်။
အဘိုးနဲ့ဦးလေးတို့”
“ဘာလို့လဲ။ ဘာလို့ မကစားနေတာလဲ။
လုသခင်ကြီးက မေးလိုက်၏။
“ဒီလိုပါအဘိုး။ ကျွန်တော် ဒီနေ့ပြောခဲ့တာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဖြတ်ထားပြီးပါပြီ။ ရွှယ်ယင်နဲ့ ကျွန်တော်က စေ့စပ်ပွဲကို ဖျက်သိမ်းသွားမှာပါ”
လင်းဖေးဟန်က ဒဲ့တိုးပြောချလိုက်သည်။
လုသခင်ကြီး မျက်မှောင်ကြုံ့သွား၏။
တကယ်ပဲ ဒီကလေးက ဘာလို့မှတ်ဉာဏ်ကောင်းရတာလဲ။ ဘာလို့ ဒီကိစ္စကို ထပ်ပြောရပြန်တာလဲ။
လုသခင်ကြီး ပြောစရာစကား ပျောက်ဆုံးသွား၏။
ဒီတစ်ကြိမ်တော့ သူလှည့်ကွက်သုံးလို့ မရတော့ပေ။ ထို့ကြောင့် လုရွှယ်ယင်ဘက်ကို မြားဦးလှည့်ပြီး မေးလိုက်သည်။
“ရှောင်ယင် သမီးတကယ်ပဲ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တာလား”
လင်းဖေးဟန်က လုရှောင်ယင်ကို မည်မျှသဘောကျသည်ကို လုသခင်ကြီးက ကောင်းကောင်းသိသည်။ ဒီလက်ထပ်ပွဲနဲ့ပတ်သက်ပြီး လုရွှယ်ယင်က တစ်ကြိမ်ထက်မက သဘောမတူဖြစ်ခဲ့၏။ ယခု စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ချိန်မှာ သူပထမဆုံးတွေးမိသည်က လင်းဖေးဟန်က လုရွှယ်ယင်ဆီက ဖိအားပေးခံရသည် ဆိုတာကိုပင်။
လုရှော့ချွန်းက လင်းဖေးဟန်ရဲ့ အမူအရာမဲ့တဲ့ မျက်နှာကို ကြည့်လိုက်သည်။ ထို့နောက် သူ့သမီးဖြစ်သူကို ကြည့်လိုက်၏။ ပြီးနောက် ဘာမှမပြောဘဲ မျက်လုံးသာ ပင့်လိုက်တော့သည်။
အမှန်အတိုင်းပြောရရင် သူ လင်းဖေးဟန်ကို အတော်လေး သဘောကျဆဲပင်ဖြစ်၏။ သူ့သမီးကိုလည်း အနည်းငယ် အပြစ်တင်မိသည်။ လုရှော့ချွန်းမှာလည်း ကိုယ်ပိုင်အတွေးရှိ၏။
လင်းဖေးဟန်က တော်တော်ကြီးကို ထူးချွန်သည်။ လုမိသားစုက ကလေးတွေက လင်းဖေးဟန်ကို လုံး၀လိုက်မမီဘူးလို့ ပြောနိုင်သည်။ သူ့ရဲ့ သားမက်ဖြစ်လာမည်ဆိုလျှင် လင်းဖေးဟန်က လုမိသားစုရဲ့ အကြီးအကဲ ဖြစ်လာနိုင်ချေရှိသည်။ လင်းဖေးဟန်က အပြင်လူဆိုသော်လည်း သူ့ရဲ့ သားမက်ဖြစ်နေ၏။ သူ့မျက်နှာမဟုတ်တောင် သူ့သမီးမျက်နှာကို ထောက်ထားရဦးမည်။ အဲ့လိုသာဆို လုမိသားစုရဲ့ အကြီးအကဲနေရာကို သူ့သမီးက နောက်ကွယ်ကနေ ချုပ်ကိုင်ထားနိုင်ဦးမည်ဖြစ်၏။ ဒါပေမဲ့ ဒီလိုအနေအထားမှာ သူစိတ်တိုတောင် လုပ်နိုင်တာ ဘာမှမရှိပေ။
ကျန်တဲ့ ဦးလေးတွေက တိတ်တိတ်လေး ပွဲကြည့်နေကြသည်။ သူတို့လည်း လင်းဖေးဟန် ပြောင်းလဲသွားတာကို ခံစားမိကြသည်။ သူက ထောင်လွှားတဲ့ သူဌေးသားလေး မဟုတ်တော့ပါ။ လင်းဖေးဟန်က လင်းအုပ်စုကို ဆက်ခံလိုက်ပြီး လုသခင်ကြီးကို ကုသပေးလိုက်ကတည်းက လင်းဖေးဟန်သာ သူတို့တူမ လုရွှယ်ယင်ကို လက်ထပ်လိုက်မည်ဆိုရင် သူက သူတို့ရဲ့ကလေးတွေ မိသားစုခေါင်းဆောင်ဖြစ်လာဖို့ အကြီးမားဆုံး အတားအဆီးဖြစ်လာလိမ့်မည်ဆိုတာ သူတို့ခံစားမိကြ၏။
အရင်က သူတို့ရဲ့တူမကို လင်းမိသားစုနဲ့ လက်ထပ်ပေးဖို့ သူတို့ အတင်းကြိုးစားခဲ့ကြသည်။ အခုတော့ သူတို့ နောင်တရချင်နေပြီ။ ထုတ်မပြောနိုင်တာသာရှိ၏။ ခုကျ လင်းဖေးဟန်က ဖျက်သိမ်းဖို့ ပြောလာပြီဆိုတော့ သူတို့ရဲ့ပါးစပ်ကိုဖွင့်ပြီး သဘောတူဖို့ အခွင့်ရလာကြပြီ။ ပြီးလျှင် ဘာမှသုံးစားမရတဲ့ လူချမ်းသာတစ်ယောက်ကိုရှာပြီး သူတို့တူမနှင့်ပေးစားမည်။ ထိုနည်းနှင့် သူတို့စိတ်အေးနိုင်မည်ဖြစ်၏။
သူမအဘိုးက မေးလာသည်ကို တွေ့လိုက်ရချိန်မှာ လုရွှယ်ယင်က ချီတုံချတုံနှင့် ပြောလိုက်သည်။
“တကယ်တော့ လင်းဖေးဟန်က သူ့ဘာသူ သဘောတူခဲ့တာပါ။ သူက သမီးကို သဘောမကျတော့ဘူးတဲ့”
လုသခင်ကြီးက လင်းဖေးဟန်ကို လှည့်ကြည့်လိုက်ချိန်မှာ လင်းဖေးဟန်က ချက်ချင်းခေါင်းငြိမ့်လိုက်သည်။
လင်းဖေးဟန်က ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်လိုက်ရတော့ လုသခင်ကြီး ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရတော့၏။
“ထားပါတော့။ အဘိုးလည်း လိုက်မမီတော့ဘူး။ မင်းတို့ လူငယ်တွေကို နားမလည်နိုင်ဘူး။ မင်းတို့ စိတ်ပိုင်းဖြတ်ပြီးမှတော့ ဆက်လုပ်လိုက်တော့”
သူမအဘိုးက သဘောတူလိုက်သဖြင့် လုရွှယ်ယင် စိတ်အေးသွားသည်။
“ကျေးဇူးပါအဘိုး။ ဒါက စေ့စပ်စာချုပ်ပါ။ စားပွဲပေါ် တင်ပေးခဲ့မယ်”
လင်းဖေးဟန် ရိုရိုသေသေနှင့် စေ့စပ်စာချုပ်ကို ချပေးလိုက်၏။ အထဲတွင် တစ်ဘီလီယံတန် စာချုပ်ရှိနေသည်။ လင်းဖေးဟန် ဘာမှပြောရန်မလိုအပ်ပါ။ လုသခင်ကြီးက စာချုပ်ကိုတွေ့လျှင် ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်လိမ့်မည်။