အခန်း (၂၀)
Vol. 2 Ch. 20
ထို့နောက် လုရွှယ်ယင်က ညင်သာစွာပြောလိုက်၏
“အင်းသိပြီး။ ကိစ္စတစ်ခုခုရှိရင် ငါ့ကိုတတ်နိုင်သမျှအမြန်ဆုံး ဆက်သွယ်လိုက်”
“ဟုတ်ကဲ့ပါ မမလေးလု”
ထိုအချိန်တွင် လင်းဖေးဟန်က အားသောင်ကို ကားထဲတွင် ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ခြင်း၏ အရေးပါပုံကို သင်ကြားပေးနေသည်။ ရုတ်တရက်ကြီး လုရွှယ်ယင်က ဖုန်းဆက်လာခဲ့၏။ လင်းဖေးဟန် နှစ်ခါပြန်မစဉ်စားပဲ ဖုန်းချလိုက်၏။ လုရွှယ်ယင်က ဘာလုပ်ရမှာလဲ? သူကအခု အားသောင်ကို အဓိကအကြောင်းအရာပြောနေတာ။
ဖုန်းချလိုက်သံကိုကြားပြီး လုရွှယ်ယင်က ပိုစိတ်ဆိုးသွားသည်။ ဒီ လင်းဖေဟန်က သူမဖုန်းကိုချရဲတယ်ပေါ့။ အဓိပ္ပာယ်မရှိတာပဲ။
ထိုအချိန်မှာ လင်းဖေးဟန်က ကျန်းပိုင်မြို့အပြင်က စက်မှုဇုန်တစ်နေရာကို ရောက်ရှိနှင့်နေပြီဖြစ်၏။ အဲ့ဒါက လင်းမိသားစု အချိန်အကြာကြီး ပစ်ထားခဲ့သော စက်ရုံတစ်ခုဖြစ်သည်။ အမှန်တကယ်က စက်ရုံအစစ်မဟုတ်ပေ။ လင်းမိသားစုက ကိုယ်ပိုင်သက်တော်စောင့်တွေကို တိတ်တဆိတ်လေ့ကျင့်ပေးသော နေရာဖြစ်၏။
လင်းမိသားစုကို ကာကွယ်စောင့်ရှောက်ရန်နှင့် လင်းမိသားစုရဲ့ ဥပဒေနဲ့မလွတ်ကင်းတဲ့ အရာတွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သက်တော်စောင့်တွေကို လေ့ကျင့်ပေးတဲ့ သီးသန့်စင်တာထားရှိထားသည်။ အားသောင်က အဲ့ဒီအဖွဲ့ထဲက တစ်ယောက်ဖြစ်သည်။
လင်းဖေးဟန်က ဒီနေ့မှာ သူအသုံးချနိုင်တဲ့ လူအနည်းငယ်ကို ရွေးချယ်ရန် ရောက်ရှိလာခြင်းဖြစ်၏။ သူ့ဘာသာသူဆိုလျှင် အားသောင်က ရွေးချယ်နိုင်မှာ မဟုတ်ပေ။
“ကားရပ် ။အိုင်ဒီပြ။ အောက်ကိုဆင်းပြီး လာအစစ်ဆေးခံ”
စက်ရုံဂိတ်ပေါက်ရောက်သောအခါ လင်းဖေးဟန်၏ကား အတားခံလိုက်ရသည်။ ဂိတ်ပေါက်ကနေ ဝင်ချင်သူတိုင်း တင်းတင်းကြပ်ကြပ် စစ်ဆေးခံရန်လို၏။
တကယ်တမ်း ထိုစက်မှုဇုန်တစ်ခုလုံး လင်းမိသားစုအပိုင်ဖြစ်၏။ ထိုစက်ရုံကို တည်ဆောက်ထားသော နေရာက ဝေးလံလှသဖြင့် ပုံမှန်ဆို မည်သူမှလာရောက်မည်မဟုတ်ချေ။
လင်းမိသားစုဝင်များ၊ အထက်လူကြီးများမှ အမိန့်ပေးမှသာ လာရောက်ကြမည်ဖြစ်သည်။
“မင်းမှာမျက်လုံးမပါဘူးလား။ ဒါဘယ်သူ့ကားလဲဆိုတာ မသိဘူးလား။ သခင်လေးရဲ့ကားကို တားရဲတယ်ပေါ့။ သေချင်နေတာလား”
အားသောင် ကားထဲကနေ ခေါင်းထုတ်ပြီး စိတ်တိုတိုနှင့်အော်ပစ်လိုက်၏။
“အစ်ကိုအားသောင်ပါလား” အစောင့်ကပြုံးပြီးပြောလိုက်၏။ လင်းဖေးဟန်က သူဝင်သွားနိုင်မယ်ထင်ပေမဲ့ အစောင့်ရဲ့စကားက သူ့ကိုတုံ့ဆိုင်းသွားစေသည်။
“စိတ်မကောင်းပါဘူး အစ်ကိုအားသောင်။ ကျွန်တော်တို့အချင်းချင်းသိရင်တောင် ပေးဝင်လို့မရဘူး။ ကျွန်တော်တို့က စာရွက်စာတမ်းတွေကိုပဲ အသိအမှတ်ပြုတာ။ လူတွေကိုမဟုတ်ဘူး”
အဲ့ဒါကိုကြားလိုက်ရတော့ လင်းဖေးဟန်က ပြုံးလိုက်မိ၏။
ကောင်းတယ်။ တာဝန်ကျေပွန်တာ။ လင်းမိသားစုက ဒီလိုလူမျိုးကိုလိုအပ်နေတာ။
လင်းဖေးဟန်က ကားနောက်ဘက် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး အစောင့်ကို ရုပ်တည်နှင့်ပြောလိုက်၏။
“ပြောတာကောင်းတယ်။ မင်းငါ့ကိုသိလား”
အစောင့်က လင်းဖေးဟန်ကို တွေ့လိုက်ရချိန်မှာ တုန်လှုပ်သွားသည်။
သူအမြန်ဦးညွှတ်ပြီးပြောလိုက်၏
“သခင်လေးကို နှုတ်ဆက်ပါတယ်”
“မင်းနာမည်ကဘာလဲ”
“သခင်လေးကို ဖြေကြားပါတယ်။ ကျွန်တော့်နာမည်က လီအာနျိုပါ”
အားသောင်က စိုးရိမ်တကြီးနှင့် ရှင်းပြလိုက်သည်။
“ဒီကလေးက နယ်ဘက်ကလာတာပါ။ သူက ခေါင်းအရမ်းမာပြီး လောကကြီးအကြောင်းမသိဘူး။ သခင်လေးသိတဲ့အတိုင်း…”
အားသောင်က လီအာနျိုရဲ့ နာမည်ကိုမေးတာက လင်းဖေးဟန်စိတ်ဆိုးသွားပြီး လီအာနျိုကို အလုပ်ဖြုတ်ချင်သောကြောင့်ဟု ထင်လိုက်၏။
မထင်မှတ်ထားဘဲ လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။
“မင်းတော်တယ်။ လင်းမိသားစုက မင်းလိုလူမျိုးတွေ လိုအပ်နေတာ။ မနက်ဖြန်ကျရင် အဖွဲ့ကို တန်းသွားပြီး အစီရင်ခံလိုက်။ မင်းက ခေါင်းဆောင်ဖြစ်သွားပြီ”
အဲ့ဒါကို ကြားလိုက်ရတော့ လီအာနျိုက အံ့ဩသွားပြီး လင်းဖေးဟန်ကို တုန်လှုပ်စွာ ကြည့်လိုက်မိ၏။
အားသောင်ကလည်း ထိုကလေးအတွက် ၀မ်းသာမိသည်။ ဒီကလေးက ခေါင်းဆောင်တန်းဖြစ်တဲ့အထိ ကံကောင်းတာပဲ။ သူ့တုန်းကဆို အသေအလဲတိုက်ခိုက်ပြီးမှ ခေါင်းဆောင်ဖြစ်လာခဲ့တာ။ သူ့ရဲ့လက်ရှိနေရာကိုရဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။
လီအာနျိုရဲ့ အကျင့်စရိုက်နဲ့ အရည်အချင်းနဲ့ဆို ဒီတစ်သက် ဂိတ်စောင့်ပဲ ဖြစ်နိုင်မယ်။ ဒါပေမဲ့ သူက လင်းဖေးဟန်နဲ့တွေ့ပြီး ခေါင်းဆောင်အနေနဲ့ပါ ရာထူးတိုးခံလိုက်ရတယ်။
“ကောင်စုတ်လေး။ ဘာရပ်လုပ်နေတာလဲ။ သခင်လေးကို အမြန်ကျေးဇူးတင်လိုက်လေ”
“ကျေးဇူးပါ သခင်လေး။ ကျေးဇူးတင်ပါတယ် သခင်လေး။ ကျေးဇူးပြုပြီး ကြွပါ”
အထဲကို၀င်ပြီးနောက် လင်းဖေးဟန် ကားပေါ်ကနေ ဆင်းလိုက်၏။ ဘာပြဿနာမှ ထပ်မရှိတော့ဘူး ထင်ထားသော်လည်း တစ်လှမ်းနှစ်လှမ်းလျှောက်ပြီးနောက် အတားခံရပြန်သည်။
“ဘယ်သူလဲ။ မင်းကို ဘယ်သူပေး၀င်လိုက်တာလဲ”
အားသောင် ထအော်လိုက်တော့၏။
“မင်း မျက်လုံးမမြင်ဘူးလား။ ဒါက သခင်လေးပဲ။ မင်းတို့ရဲ့ ဘော့စ်ကို အမြန်သွားခေါ်လာပြီး နှုတ်ဆက်ခိုင်း”
လင်းဖေးဟန်က ဘာမှမပြောဘဲ ခေါင်းငြိမ့်လိုက်သည်။ အားသောင်က အတော်လေး သတိထားနေ၏။ ဒီတစ်ကြိမ်ရှင်းပြအပြီး နောက်တစ်ကြိမ် ထပ်အတားခံရမှာ ကြောက်သောကြောင့် တာ၀န်ရှိသူကို ကိုယ်တိုင်ထွက်လာပြီး ဖြေရှင်းရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အစောင့်အများစုက လင်းဖေးဟန်ကို မတွေ့ဖူးသော်လည်း အားသောင်ကို သိကြ၏။
အားသောင်ရဲ့ပုံစံကိုကြည့်ရတာ ရောက်ရှိလာတဲ့သူက လင်းမိသားစုရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်။ ထို့ကြောင့် သူအမြန်သွားပြီး အစီရင်ခံလိုက်သည်။
သိပ်မကြာခင်မှာပဲ ထက်မြက်ပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ အမျိုးသားတစ်ဦး အပြေးအလွှား ရောက်ရှိလာ၏။
“သခင်လေးမှာ ညွှန်ကြားစရာရှိရင် ဖုန်းဆက်လိုက်တာမဟုတ်ဘူး။ ဘာလို့ ကိုယ်တိုင်လာရတာလဲ”
“အားနာနေပြန်ပါပြီ ဦးလေးဝူ”
ဒီလူကို လောင်ဝူလို့ခေါ်သည်။ သူက စက်မှုဇုန်ရဲ့ တာ၀န်ခံဖြစ်ပြီး ဒီအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်၏။ ကျိန်းသေ သူက သစ္စာရှိတာပေါ့။ မဟုတ်ရင် လင်းမိသားစုက သူ့ကို ခေါင်းဆောင်ဖြစ်ခိုင်းမှာမဟုတ်ဘူး။
မူလ၀တ္ထုထဲမှာ လင်းမိသားစုကို ကာကွယ်ဖို့အတွက် လောင်ဝူက ဇာတ်လိုက်ယဲ့ဖန်းဆီကနေ အသတ်ခံခဲ့ရ၏။
လင်းဖေးဟန်က စကားကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ သူ့ရည်ရွယ်ချက်ကို တန်းပြောပြလိုက်သည်။
လင်းဖေးဟန် လုပ်ချင်တာကို သိရပြီးနောက် လောင်ဝူက သူ့ကို မြေအောက်လေ့ကျင့်ရေးခန်းမကို ခေါ်သွားပေးခဲ့၏။
ထိုခန်းမထဲ၌ ဒါဇင်ချီသော အမျိုးသားနှင့် အမျိုးသမီးများ အပြင်းအထန် လေ့ကျင့်နေကြသည်။
“ဒါက ဒီနှစ်အတွက် ခေါ်ထားတဲ့ လူသစ်တွေပါ သခင်လေး။ သူတို့တွေက လေ့ကျင့်တုန်းပဲရှိသေးလို့ ဘာစစ်ဆေးမှုမှ မကျော်ဖြတ်ရသေးပါဘူး”
လင်းဖေးဟန် ခေါင်းငြိမ့်လိုက်၏။
သူ့မှာ ကိုယ်ပိုင်အကြံရှိသည်။ သူ့အပိုင် အထူးစစ်တပ်ကို သူလေ့ကျင့်ပေးချင်၏။ အဲ့ဒါက သူဒီကိုလာပြီး လူသစ်တွေကို လာရှာရတဲ့ အကြောင်းရင်းဖြစ်သည်။
လင်းဖေးဟန်က ခေါင်းငြိမ့်ရင်း ပြောလိုက်၏။
“ကောင်းတယ်။ ဒီလူတွေကို လေ့ကျင့်တာ ရပ်ခိုင်းလိုက်။ ငါကိုယ်တိုင် သူတို့ကို စစ်ဆေးမယ်”
လင်းဖေးဟန်က စနစ်ကိုငှားပြီး ထိုလူတွေရဲ့ အခြေအနေကို အကြမ်းဖျဉ်း ကြည့်ခိုင်းလိုက်သည်။
ဒီလူတွေရဲ့ ပျမ်းမျှ အရည်အသွေးက မဆိုးလှပေ။ ပွိုင့် ၁၀၀ အထက်ရှိသည်။ ရုပ်ရည်ရူပကာတော့ မပါဘူးပေါ့လေ။
သူတို့က သေသေချာချာ မလေ့ကျင့်ရသေးပဲ ဒီအနေအထား ရောက်နေတယ်ဆိုတာ အတော်လေးကောင်းနေပြီဆိုရမည်။
အချိန်တွေ ကြာလာသည်နှင့်အမျှ ဒီလူတွေက လုပ်ကြံသူတွေနဲ့ တူလာမယ်ဆိုတာ လင်းဖေးဟန် ယုံကြည်သည်။
“သခင်လေးကိုယ်တိုင် သူတို့ကို စစ်ဆေးချင်တယ်လို့ ပြောလိုက်တာလား”
လောင်ဝူ တွေဝေနေ၏။
အားသောင်က စိုးရိမ်ပြီး ပြောလိုက်သည်။
“ဒီအကြံ မကောင်းဘူးထင်တယ် သခင်လေး။ ကျွန်တော်ပဲ စစ်ဆေးလိုက်ရင်ရော”
လင်းဖေးဟန်က ဒီလိုလေ့ကျင့်ရေးမှာ တစ်ခါမှ မပါ၀င်ဖူးဘူးဆိုတာ သူတို့အားလုံးသိကြ၏။ သူဝါသနာပါတာပဲရှိသည်။ သူအနည်းငယ် လေ့ကျင့်ဖူးပေမဲ့ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်သာဖြစ်၏။ ဒီကလူတွေကို အနိုင်ရဖို့ ခက်ခဲဦးမည်။
ဒီလူတွေသာ သခင်လေးကို တကယ်အလဲထိုးလိုက်လို့ သူက စိတ်တိုသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူကသိမှာလဲ။
“ရပါတယ်။ စိတ်မပူကြပါနဲ့။ ဘာလုပ်ရမလဲဆိုတာ ငါသိတယ်”
“အဲ့ဒါဆို သတိထားနော် သခင်လေး။ အဆင်မပြေတာရှိရင် ကျွန်တော်နဲ့ အားသောင်ကို ခေါ်လိုက်”
လောင်ဝူက ထပ်ပြောလိုက်၏။
လင်းဖေးဟန် ခေါင်းငြိမ့်လိုက်သည်။ အမှန်အတိုင်းပြောရရင် သူတိုက်ခိုက်ရေးပညာရှင် ဖြစ်လာပြီးကတည်းက သူ့ကိုယ်သူ မစမ်းသပ်ကြည့်ရသေးပေ။