အခန်း (၂၁)
Vol. 2 Ch. 21
အပြောထက်အလုပ်က သက်သေပြတယ်ဆိုတာ နားလည်တဲ့အတွက် လင်းဖေးဟန် များများစားစား ရှင်းပြမနေတော့ချေ။
လင်းဖေးဟန်ကို နားချလို့မရတာတွေ့ရတော့ လောင်ဝူက ရွေးချယ်စရာမရှိဘဲ လူစုရန်ဝီစီမှုတ်လိုက်ရတော့၏။ ဝီစီသံကို ကြားလိုက်ရသည်နှင့် လူတိုင်းက အမြန်နေရာယူလိုက်ကြသည်။
“လူစုံပါပြီ သခင်လေး”
လင်းဖေးဟန်က ခေါင်းငြိမ့်ပြီး အားလုံးအရှေ့မှာ မတ်တပ်ရပ်လိုက်သည်။
အကုန်လုံးကို လောင်ဝူက လျှို့ဝှက်စွာ ခေါ်ယူထားခဲ့ခြင်းဖြစ်သဖြင့် တစ်ယောက်မှ လင်းဖေးဟန်ကို မသိကြပေ။ ထိုအချိန်မှာ လူတိုင်းက သူတို့ရှေ့မှာ ရပ်နေသူက ဘယ်သူလဲဆိုတာကို မသိကြဘဲ ဇဝေဇဝါဖြစ်သွားကြ၏။
သို့သော် သူတို့ခေါင်းဆောင် လောင်ဝူက တစ်လေးတစားဆက်ဆံရသူမှာ အရေးပါသောပုဂ္ဂိုလ်ဖြစ်မည်ဆိုတာ သူတို့သိကြသည်။
“မင်းတို့အများစုက ငါ့ကို မသိကြဘူးဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းတို့ မကြာခင် သိလာရမှာပါ”
“ငါ အခွင့်အရေးတစ်ခုပေးမယ်။ သန်း ၅၀ ပေးပြီး ငါ့ကို စိန်ခေါ်ခိုင်းမယ်။ မင်းတို့နိုင်ရင် သန်း ၅၀ ကို ယူသွားလို့ရပြီ”
လင်းဖေးဟန်က အရေမရအဖက်မရတွေ ပြောနေတာမဟုတ်ပါ။ သူက သူတို့ကို တိုက်ရိုက်စစ်ကြေငြာပြီး ပိုက်ဆံနှင့် ဆွဲဆောင်လိုက်ခြင်းဖြစ်သည်။
ဘေးမှာကြည့်နေတဲ့ လောင်ဝူနဲ့အားသောင်က ဆွံ့အသွားကြသည်။
သူတို့ရဲ့သခင်လေးက အရမ်းတွေ ယုံကြည်ချက်ရှိနေတာ မဟုတ်ဘူးလား။ သူဒီကို ပိုက်ဆံဖြုန်းဖို့ လာခဲ့တာလား။
လင်းဖေးဟန်ရဲ့စကားကို ကြားလိုက်ပြီးနောက် အကုန်လုံးက မှင်သေသေသွားကြ၏။ လင်းဖေးဟန်က နာမည်ကြီးမိသားစုက ရုပ်ရည်ပဲဂရုစိုက်တတ်တဲ့ ကောင်လေးတစ်ယောက်လို့ သူတို့တွေ ထင်ထားကြတာ။ အဲ့ဒီတော့ လင်းဖေးဟန်ရဲ့စကားကိုကြားပြီးနောက် အထင်အမြင်သေးတဲ့အမူအရာတွေ ဖြစ်သွားကြသည်။
လင်းဖေးဟန်က အသားဖြူပြီး အတော်လေးကြည့်ကောင်းပေမဲ့ သူတို့မျက်လုံးထဲမှာ သူက အကွက်ဆန်းလေးတွေနဲ့ ကောင်ချောလေးတစ်ယောက်သာဖြစ်၏။
ဒီနေရာမှာတော့ သန်မာမှုက အရေးပါသည်။ အလေးပေးခံရ၏။ လင်းဖေးဟန်က ကြည့်ကောင်းနေရင်တောင် အသုံးမ၀င်ပေ။ ဒီက အမျိုးသမီးတွေက လင်းဖေးဟန်ကို စိတ်ထဲပင်မရှိချေ။
“သတ်မှတ်ချက်တွေများရှိပါသလား”
မျက်နှာမှာ အမာရွတ်နဲ့လူက မေးလိုက်သည်။
“လက်ဗလာနဲ့ချရမယ်။ ကျန်တာတော့ မင်းသဘောပဲ”
လင်းဖေးဟန်က နှာခေါင်းပွတ်ပြီး အနည်းငယ်ပြုံးလိုက်၏။
တစ်ယောက်ယောက်က သူ့ကို လာစိန်ခေါ်တယ်ဆိုတာ ကောင်းသည်။ လောင်ဝူ သူ့အပေါ်ဆက်ဆံပုံကိုကြည့်ပြီး ဒီလူတွေ သူ့ကို စိန်မခေါ်ရဲမှာကို သူစိုးရိမ်နေခဲ့တာဖြစ်၏။
အမာရွတ်နဲ့လူက ပထမဆုံးထလာခဲ့သည်။
လင်းဖေးဟန်က စနစ်ကို အသုံးပြုလိုက်တုန်းက သူ့ကို သတိထားမိခဲ့၏။ ဒီလူက အားလုံးထဲမှာ အသန်မာဆုံးဖြစ်သည်။ ဒါပေမဲ့ အနှေးကွေးဆုံးလည်းဖြစ်၏။ ဒီလူက အသားတုံးကြီးတစ်တုံးလိုပင်ဖြစ်သည်။
လင်းဖေးဟန်က သူ့ကို သိပ်မမျှော်မှန်းထားပေ။ သူ့ရဲ့ သန်မာမှုရော အမြန်နှုန်းရောက ထိုလူကို အများကြီး ကျော်လွန်နေသောကြောင့်ဖြစ်၏။
“စလိုက်ကြတာပေါ့”
“ရား”
အာမာရွတ်နဲ့လူက အော်ရင်းနဲ့ လင်းဖေးဟန်ဆီကို ပြေး၀င်လာလေ၏။
လင်းဖေးဟန် ခန္ဓာကိုယ် အနည်းငယ်စောင်းလိုက်သည်။ အားလုံး အမြင်တွေပင်ဝေဝါးကုန်သလို ခံစားလိုက်ကြရ၏။ လင်းဖေးဟန်က ရှောင်ရှားလိုက်ပြီး ထိုအမာရွတ်နဲ့လူရဲ့နောက်ကျောကို ရိုက်ချလိုက်သည်။
အမာရွတ်နဲ့လူက စစချင်း သူ့ရဲ့ပြိုင်ဖက်ကို လျော့တွက်ထားခဲ့ပေမဲ့ ပြင်းထန်တဲ့ရိုက်အားကြောင့် ဘာမှမတုံ့ပြန်ရသေးခင်ပင် လွှင့်ပျံသွားခဲ့၏။
“ဘုန်း”
အမာရွတ်နဲ့လူက အဝေးကို တွန်းထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်ကို တန်းကျသွားသည်။ ထိုအခိုက်အတန့်မှာ နေရာတစ်ခုလုံး ငြိမ်သက်သွားခဲ့၏။
အားသောင်အံ့အားသင့်သွားသည်။ သူ့သခင်လေးက ဒီလောက်တောင် အင်အားကြီးတာလား။ သူကာကွယ်ပေးတာကိုရော လိုခဲ့လို့လား။ သူ့သခင်လေးကပဲ သူ့ကို ကာကွယ်ပေးနေခဲ့တာဖြစ်မယ်။ လောင်ဝူကလည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဒါက မယုံနိုင်စရာပင်ဖြစ်၏။
သူက လင်းဖေးဟန်ရဲ့ ခွန်အားကြောင့်တင် ရှော့ခ်ရသွားတာမဟုတ်ဘဲ သူကိုယ်တိုင် လက်ဖဝါးအားသုံးပြီး အဲ့ဒီအမာရွတ်နဲ့လူကိုရိုက်ခဲ့မယ်ဆိုရင်တောင် ဒီလိုဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့ အချက်ကြောင့်ပါ ရှော့ခ်ရသွားတာဖြစ်သည်။
“စိန်ခေါ်ချင်တဲ့သူရှိသေးလား။ အမြန်လုပ်။ ငါအလျင်လိုနေတယ်”
အဲ့ဒီအချိန်မှာ ဘယ်သူမှ လွယ်လွယ်ထွက်မလာရဲကြတော့ပေ။ အမာရွတ်နဲ့လူက အပြတ်အသတ်ကို ရှုံးနိမ့်သွားတာဖြစ်၏။ သူ လင်းဖေးဟန်ကို လိုက်မမီပါ။ သူဖြည်းဖြည်းချင်းထရပ်လိုက်ပြီး တိတ်တိတ်လေး ပြန်ဆုတ်သွားသည်။
အချိန်ကြာသွားပေမဲ့ တစ်ယောက်မှ ရှေ့ထွက်မလာကြချေ။ လင်းဖေးဟန်ရဲ့ အရှိန်နဲ့ ခွန်အားနဲ့ဆိုရင် သူတို့က သူ့ပြိုင်ဖက်မဟုတ်တာကို သိထားကြ၏။
လင်းဖေးဟန် နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်။ ဒါက သူလိုချင်သောရလဒ်ပင်ဖြစ်၏။ ကြမ်းတမ်းတဲ့လူတစ်စု။ သူတို့က သူ့နောက်လိုက်ရင် ကျိန်းသေ သူ့ကို နာခံမှာမဟုတ်ပေ။ တစ်ခုခုသာလွဲသွားရင် သူဒုက္ခအကြီးအကျယ်ရောက်သွားနိုင်သည်။ သူတို့ကို ခြောက်လန့်ထားဖို့လိုသည်။ ဒါမှသာ အနာဂတ်မှာ သူတို့ကို လွယ်ကူစွာကိုင်တွယ်နိုင်မှာဖြစ်၏။
သူ့ရဲ့အရည်အချင်းတွေကို မပြသခဲ့ဘူးဆိုလျှင် သူတို့က သူ့ကို ကောင်ချောလေးလို့သာ ဆက်မြင်နေကြဦးမည်။
“ဘာတွေတုံ့ဆိုင်းနေကြတာလဲ။ ရှိသေးလားတစ်ယောက်ယောက်”
ဘယ်သူမှ အသံမထွက်ရဲကြချေ။
လောင်ဝူက မနေနိုင်တော့ဘဲ ပြောလိုက်၏။
“ကျွန်တော်တို့က သခင်လေးရဲ့ ပြိုင်ဖက်မဟုတ်ပါဘူး။ သူတို့ ထွက်မလာရဲကြတာပါ”
သူတို့ကိုထားဦး။ လောင်ဝူကတောင် သူ့ရဲ့ပြိုင်ဖက်မဟုတ်ဘူးတဲ့။ ဟာသပဲ။
လင်းဖေးဟန်က သူ့ရဲ့နှုတ်ခမ်းတွေကွေးနေအောင်ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ပျင်းဖို့ကောင်းလိုက်တာ။ ငါအမှန်အတိုင်းပြောမယ်။ အစက မင်းတို့ထဲက လုပ်ရည်ကိုင်ရည်ရှိတဲ့လူတချို့ ရွေးမလို့။ အခုကြည့်ရတာတော့ မင်းတို့က အမှိုက်တွေပဲ”
လင်းဖေးဟန်ရဲ့စကားတွေက ရိုင်းပျပေမဲ့ ထိုလူတွေ အသံမထွက်ရဲပါ။
လင်းဖေးဟန်က ဆက်ပြုံးပြီးပြောလိုက်၏။
“ဒါပေမဲ့ စိတ်ဓာတ်ကျစရာမလိုပါဘူး။ မင်းတို့ရဲ့အခြေခံက သာမန်လူတွေထက် အများကြီးသာပါတယ်။ မင်းတို့လုပ်ဖို့လိုတာက ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ပဲ။ ထိပ်တန်းအယောက် ၂၀ ကိုရွေးပြီး ငါနဲ့လေ့ကျင့်ခိုင်းမယ်။ တစ်နေ့ကျရင် မင်းတို့ငါ့လိုပဲ သန်မာလာလိမ့်မယ်လို့ ငါယုံကြည်တယ်”
လင်းဖေးဟန်က ပါးရိုက်ပြီးဇီးချိုသီးကျွေးနေလေ၏(အနာပေးလိုက်ဆေးပေးလိုက်)။
ထိုသို့ကြားလိုက်ရချိန်မှာ လူတိုင်းက စည်းမျဉ်းတွေအကြောင်း ဂရုမစိုက်ကြတော့ပဲ စတင်ဆွေးနွေးကြတော့သည်။
လင်းဖေးဟန်က မည်မျှသန်မာကြောင်းကို သူတို့မြင်တွေ့ခဲ့ပြီးပြီ။ သူတို့သာ လင်းဖေးဟန်နှင့် လေ့ကျင့်ခွင့်ရရင် တစ်ဟုန်ထိုးတိုးတက်လာကြမှာပဲဖြစ်၏။ ဤအချက်က သူတို့ကို စိတ်ဓာတ်တက်ကြွစေခဲ့သည်။
“ကျန်တာကတော့ ဦးလေးကြိုက်သလိုလုပ်လိုက်တော့”
“ဟုတ်ကဲ့ပါ သခင်လေး”
လောင်ဝူက လင်းဖေးဟန်ကို တစ်လေးတစား ပြန်လိုက်ပို့ခဲ့၏။
လင်းဖေးဟန် ထွက်ခွာသွားပြီးချိန်မှာ လောင်ဝူက လင်းဖေးဟန်လုပ်ခဲ့သမျှကို လင်းကော်ဟွားဆီ အစီရင်ခံခဲ့သည်။
“အဲ့ဒီကလေးက သင်တန်းသားကို ဖြတ်ရိုက်ပြီး သူ့ကိုနာခံလာအောင် လုပ်ခဲ့တယ်လို့ ပြောနေတာလား။ မင်းတောင်သူ့ကို မနိုင်လောက်ဘူးပေါ့”
လောင်ဝူရဲ့အစီရင်ခံတာကို နားထောင်အပြီးမှာ လင်းကော်ဟွားက အံ့ဩမှင်သက်လျက်ရှိသည်။ ဒီကောင်စုတ်လေးက သန်မာလွန်းလို့ ဘယ်သူ့ကိုမှမပြောပဲ လျှိုထားတယ်ပေါ့။
“ဟုတ်ပါတယ် သခင်ကြီး။ အရေးအကြီးဆုံးအချက်ကတော့ အခုဆို သင်တန်းသားတွေက သခင်လေး သိမ်းသွင်းတာခံလိုက်ရပါပြီ။ သခင်လေးကလည်း ထိပ်တန်းအယောက် ၂၀ ကိုရွေးပြီး ခေါ်သွားချင်နေပါတယ်။ သခင်လေးရဲ့ ဒေါသကြီးပုံနဲ့…တစ်ခုခုဖြစ်သွားမှာ စိုးရိမ်မိပါတယ်*
“မင်းစိုးရိမ်တာမမှားဘူး။ ဒါပေမဲ့ ဒီကောင်စုတ်လေးလုပ်သွားတာကို ငါအားရတယ်။ သူပြောသလိုသာလုပ်ပေးလိုက်။ အခုက လူငယ်တွေရဲ့ခေတ်ပဲ။ သူပြဿနာကြီးကြီးမားမား မရှာသေးသရွေ့ မင်း၀င်ပါစရာမလိုဘူး”
“ကောင်းပါပြီသခင်ကြီး။ ကျွန်တော်နားလည်ပါပြီ”
လင်းဖေးဟန်က ကားထဲထိုင်လိုက်ပြီး သူ့ခေါင်းကို ပွတ်သပ်လျက်ရှိ၏။ သူခေါင်းတွေ ကိုက်လာခဲ့သည်။
အစက သူဒီလူတွေကို တန်းအသုံးချမလို့ဖြစ်၏။ သို့သော် ယခုကြည့်ရသည်မှာ သူတို့တွေက အဆင်သင့်မဖြစ်သေးပုံပေါ်သည်။ သူတို့အဆင်သင့်ဖြစ်ပြီးမှသာ သူက သူတို့ကို အသုံးချနိုင်မည်ဖြစ်၏။