← Chapters

အခန်း (၂၃)

Vol. 2 Ch. 23

အခန်း (၂၃)

Vol. 2 Ch. 23

“ကြည့်ရတာ ဦးလေးလျှို့က အသက်ကြီးတော့ မှတ်ဉာဏ်မကောင်းတော့တဲ့ပုံပဲ။ ရပါတယ်။ ကျွန်တော် ပြန်မှတ်မိအောင် လုပ်ပေးမယ်”

“လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက လင်းအုပ်စုက ခင်ဗျားကို ၆ ဘီလီယံနီးပါး ချေးပေးပြီး ခင်ဗျားရဲ့ ကိုယ်ပိုင်အကောင့်ထဲ ထည့်ခဲ့တယ်။ အခု အုပ်စုမှာ လူများလာပြီဆိုတော့ အကုန်အကျတွေက များလာပြီလေ။ လင်းအုပ်စုမှာလည်း ကိုယ်ပိုင်အခက်အခဲလေးတွေရှိတယ်။ ဘာဖြစ်ဖြစ် နှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ ဦးလေးလျှို့ အတတ်နိုင်ဆုံး မြန်မြန်ပြန်ပေးဖို့ မျှော်လင့်ပါတယ်”

လင်းဖေးဟန်ရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။

“ဒါနဲ့ ကျွန်တော် အတိုးမလိုချင်ဘူးနော်”

အဲ့ဒါကိုကြားလိုက်ရချိန်မှာ လျှို့ဇစ်ချီ မျက်နှာကအပြုံး ပျောက်ကွယ်သွား၏။ သူ့မျက်နှာဖြူဖျော့သွားပြီး သူ့မျက်လုံးတွေထဲမှာ ရန်လိုစိတ်အရိပ်အယောင်သမ်းလာခဲ့သည်။

“ဟဟဟ။ လင်းဥက္ကဌက တကယ်ဟာသပဲ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး လင်းအုပ်စုကနေ ၆ ဘီလီယံ ချေးရမှာတုန်း။ ကျွန်တော်ချေးချင်ရင်တောင် အုပ်စုက လွယ်လွယ်လေး ချေးပေးမှာမဟုတ်ဘူး”

“အိုး? ဦးလေးလျှို့က ဒီဟာကို ငြင်းဆန်ချင်တာလား”

လင်းဖေးဟန် အပြုံးတွေက ပိုမိုပီပြင်လာ၏။

“လင်းဥက္ကဌ ပြောနေတာတွေကို ကျွန်တော်တကယ်မသိဘူး။ ကျွန်တော့်ကို ရယ်ဖို့လာတာဆိုရင် ပြန်သွားပေးဖို့ တောင်းဆိုချင်ပါတယ်။ တစ်ယောက်ယောက် လင်းဥက္ကဌကို ပြန်ပို့ပေးလိုက်”

လျှို့ဇစ်ချီက လက်ခါပြီး လှမ်းခေါ်လိုက်သည်။ ခဏအကြာမှာတော့ လျှို့ဇစ်ချီ ကြောင်တောင်တောင်ဖြစ်သွား၏။ ဒီအချိန်လောက်ဆိုရင် သူ့ရဲ့ကိုယ်ရံတော်တွေက ပေါ်လာပြီး လင်းဖေးဟန်ကို နှင်ထုတ်သင့်ပြီဆိုပေမဲ့ တစ်ယောက်မှ ပေါ်မလာသေးချေ။

“အကုန် နားလေးနေကြတာလား”

ဒီတစ်ကြိမ်မှာတော့ လျှို့ဇစ်ချီ အသံကပိုကျယ်လာသော်လည်း တစ်ယောက်မှ တုံ့ပြန်မလာခဲ့ပေ။ သိနေတဲ့ လင်းဖေးဟန်က ပြုံးလိုက်၏။ အားသောင်ရဲ့ လှုပ်ရှားမှုတွေက မြန်ချက်ပဲ။

“ဘာလဲ။ ဒါရိုက်တာလျှို့က အစေခံတွေကိုတောင် အမိန့်ပေးလို့ မရတော့ဘူးလား”

လင်းဖေးဟန်ရဲ့ မျက်နှာပေါ်က ထူးဆန်းတဲ့အပြုံးကိုကြည့်ပြီး လျှို့ဇစ်ချီ မျက်မှောင်ကြုံ့သွားသည်။ တစ်ခုခုတော့လွဲနေပြီ။ တော်တော်ကြီးကို လွဲနေတာ။

ဘာကြောင့်များလဲ။ ရုတ်တရက်ကြီး လျှို့ဇစ်ချီက တစ်ခုတွေးမိလိုက်၏။ အဲ့ဒီအချိန်မှာ လျှို့ဇစ်ချီရဲ့မျက်နှာက အနီကနေအပြာ၊ အပြာကနေ အနက်ရောင်ပြောင်းသွားပြီး နောက်ဆုံးကျ ဘာအရောင်မှန်းတောင် ပြော၍မရတော့ချေ။ သူ့မျက်နှာအလွန်ကြည့်ရဆိုးသွားသည်။

ဗီလာက တိတ်ဆိတ်လွန်းနေသည်မှာ ထူးဆန်းသည်။ လျှို့ဇစ်ချီက သူ့အသက်ကို သူတန်ဖိုးထားသဖြင့် ဗီလာကို စောင့်ကြပ်ရန် ကိုယ်ရံတော်များစွာ ခန့်ထားခဲ့၏။ အဲ့ဒါတင်မကသေးပဲ သူ့ကို အနီးကပ် စောင့်ရှောက်ရန် အရည်အချင်းကောင်းမွန်တဲ့ ကိုယ်ရံတော်အနည်းငယ်ကို ရွေးချယ်ခဲ့သည်။ သူအိပ်နေချိန်မှာတောင် ထိုကိုယ်ရံတော်များက သူ့ကို စောင့်ကြည့်နေရန်လို၏။ ပြီးတော့သူက အိပ်ယာအောက်တွင်သာ အိပ်ရဲသည်။

လင်းဖေးဟန် သူ့ဆီလာတာကိုတွေ့တော့ ကိုယ်ရံတော်တွေကို လင်းဖေးဟန်ကို သေချာစောင့်ကြည့်ဖို့ တိုက်ရိုက်မှာကြားခဲ့၏။ သူတို့က သူ့အမိန့်ကို လွန်ဆန်မည်မဟုတ်ပါ။ ဒီကိုယ်ရံတော်တွေအတွက် နှစ်တိုင်း ငွေအများကြီးသုံးထားရသည်။ ပိုက်ဆံက သရဲတစ္ဆေကိုတောင် အလုပ်ခိုင်းစေနိုင်စွမ်းရှိသည်ဟု သူက ခိုင်မာစွာ ယုံကြည်ထား၏။ ဒါပေမဲ့ ယခုအချိန်မှာတော့ ဗီလာထဲတွင် ဘာအသံမှမကြားရပါ။ သူ့နှလုံးသာ ဆက်ခုန်မနေဘူးဆိုရင် အချိန်တွေရပ်တန့်နေသည်ဟု သူထင်မိမှာဖြစ်သည်။

မကြာသေးခင်ကပင် မီးဖိုချောင်ထဲတွင် အစေခံများ အလုပ်ရှုပ်လျက်ရှိ၏။ ခုတော့ မီးဖိုချောင်တွင် ဘာသံမှမကြားရတော့ပေ။

မြေခွေးအိုကြီးဖြစ်တဲ့ လျှို့ဇစ်ချီက လင်းဖေးဟန် သူ့ဗီလာကို စီးနင်းလိုက်ပြီဆိုတာ သဘောပေါက်လိုက်သည်။

ထိုသို့တွေးလိုက်သည်နှင့် လျှို့ဇစ်ချီ ခြေဖျားကစပြီ ကြက်သီးထမိသွား၏။ သူ့စိတ်ထဲမှာလည်း ပြောမပြနိုင်တဲ့ အကြောက်တရား ပေါ်ထွက်လာတော့သည်။ ထိုအချိန်မှာ မီးဖိုချောင်ထဲကနေ လူတစ်‌ယောက် ထွက်လာ၏။

ထိုလူမှာ ဗီလာနံရံကနေ ကျော်တက်လာသော အားသောင်ဖြစ်သည်။ အားသောင်အတွက် ဗီလာထဲက ကိုယ်ရံတော်တွေနဲ့ ရင်ဆိုင်ဖို့ရန် မခက်ခဲခဲ့ချေ။ ထိုကိုယ်ရံတော်များက လူတစ်ယောက်တည်းကို တိုက်ခိုက်ခဲ့ကြသော်လည်း ကျွမ်းကျင်အဆင့်များမဟုတ်ပေ။ အားသောင်အတွက် သူတို့အားလုံးကို ဖယ်ရှားရန် မိနစ်အနည်းငယ်သာလိုခဲ့၏။

အားသောင်ပေါ်ထွက်လာတာကို မြင်လိုက်ရတော့ လင်းဖေးဟန် ပြုံးလိုက်မိသည်။ လျှို့ဇစ်ချီစိတ်ထဲ ခံစားချက်များ ရှုပ်ထွေးလျက်ရှိ၏။ ဆယ်နှစ်ကျော်လောက် သတိထားလာပြီးမှ လင်းဖေးဟန် ပေါ်လာတာကြောင့် သူ့ရဲ့ လုံခြုံရေးစည်းက ကျိုးပေါက်သွားမယ်လို့ သူမမျှော်လင့်ခဲ့ပေ။

လျှို့ဇစ်ချီ ရုတ်တရက်ကြီး ထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင်ကျသွားသည်။ သူ့သူငယ်အိမ်တွေ ကျယ်လာပြီး လင်းဖေးဟန်ကို အသက်မဲ့စွာ စိုက်ကြည့်နေမိ၏။ လင်းဖေးဟန်ကမူ သူ့ကို မျက်လုံးတည့်တည့်ပင် မကြည့်ခဲ့ချေ။ လျှို့ဇစ်ချီက အလောင်းတစ်ခုနဲ့ မခြားနားတော့သောကြောင့်ဖြစ်သည်။

ဗီလာထဲတွင် လှုပ်ရှားမှုမရှိတာ အံ့ဩစရာမရှိပါ။ တိုက်ခိုက်သံတင်မက အော်ဟစ်သံပါမကြားရတာ အံ့ဩစရာမရှိတော့ပါ။ အားသောင်ပေါ်လာတာကိုမြင်ပြီးနောက် လျှို့ဇစ်ချီ အားလုံးနားလည်သွားသည်။ လင်းကော်ဟွားရဲ့ သက်တော်စောင့်က လက်မှာသွေးစွန်းနေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်၏။ လင်းကော်ဟွားက သူ့သက်တော်စောင့်ကို သူ့သားဆီပေးလိုက်မယ်လို့ လျှို့ဇစ်ချီ မမျှော်လင့်ထားပေ။ သူ အားလုံး စီစဉ်ထားခဲ့သည်။ ဘာကြောင့် ဒီတစ်ခုကိုတော့ ကြိုမတွက်ထားမိတာပါလိမ့်။

လျှို့ဇစ်ချီ အဲ့ဒီအကြောင်းတွေးနေစဉ်မှာပဲ အားသောင်က သူ့နားကို လမ်းလျှောက်သွားပြီး သန်မာတဲ့ လက်ဖဝါးကြီးတွေနဲ့ သူ့ပုခုံးကို ပုတ်လိုက်၏။ လျှို့ဇစ်ချီ တုန်လှုပ်သွားမိသည်။ သူနည်းနည်းလေး လှုပ်ရှားလိုက်မိတာနဲ့ ကိုယ်အင်္ဂါမစုံလင်ပဲ သေသွားရမည်ဆိုတာ လျှို့ဇစ်ချီ ကောင်းကောင်းသိ၏။ ဒါပေမဲ့ လျှို့ဇစ်ချီက ဘယ်သူမို့လဲ။ သူက အများကြီး ကြုံတွေ့ဖူးတဲ့ လူအိုကြီးပဲလေ။ သူ အမြန် စိတ်အေးအေးထားလိုက်သည်။

လျှို့ဇစ်ချီက လင်းဖေးဟန်ကို အေးစက်စွာ ကြည့်ပြီး ‌‌သရော်လိုက်၏။

“ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းက လင်းကော်ဟွားရဲ့သား ဖြစ်ထိုက်ပါတယ်။ ငါမင်းကို အစက လျော့တွက်မိခဲ့တာပဲ”

လင်းဖေးဟန်က ဟန်ဆောင်ပြုံးလိုက်ကာ ဆက်လက်ပြီး နားမလည်သလို ဟန်ဆောင်လိုက်သည်။

“ဘာကိုဆိုလိုတာလဲ ဦးလေးလျှို့။ ဒီတစ်ကြိမ် ကျွန်တော်ဒီကိုလာတာက စိတ်ရင်းနဲ့ ဦးလေးကို လင်းအုပ်စုဆီ ပြန်ခေါ်မလို့လေ”

“ဒီလိုတွေတောင် ဖြစ်လာမှတော့ ဟန်ဆောင်မနေပါနဲ့တော့။ ငါ့ဗီလာထဲ၀င်ပြီး ကိုယ်ရံတော်တွေကို ရှင်းလင်းဖို့ လူတစ်ယောက်ကို မင်းက စေလွှတ်ခဲ့တယ်။ ခုကျ ငါ့ရှေ့လာပြီး ဘာမှမသိချင်ယောင်ဆောင်နေတယ်ပေါ့”

လျှို့ဇစ်ချီက ဟန်ဆောင်တာတွေ ရပ်တန်းကရပ်ဖို့ အသင့်ဖြစ်နေလေပြီ။ စိတ်တိုစွာနှင့် ဆဲရေးပင်ဆိုလိုက်သေး၏။

“မဆဲကြရအောင်”

လူတွေကို သူ့လက်ခုပ်ထဲထားပြီး ကစားရတဲ့ ခံစားချက်ကို လင်း‌ဖေးဟန်က သဘောကျမိသည်။

“မင်း…”

လျှို့ဇစ်ချီ အသက်၀၀ရှူလိုက်၏။ စိတ်လျော့ပြီးနောက် အဓိကအချက်ကို တန်းပြောလိုက်သည်။

“ပြောလေ။ မင်းဘာလုပ်ချင်တာလဲ”

“ဟေး ဟုတ်တယ်။ ဒါရိုက်တာလျှို့သာ အစောက ဒီလိုပြောခဲ့မယ်ဆိုရင် အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဒီလိုလည်း ကောင်းပါတယ်။ ဘာဖြစ်ဖြစ် ဒါက လင်းအုပ်စုရဲ့ လျှို့ဝှက်ချက်ပဲလေ။ ရည်ရွယ်ချက်တစ်ခုခုရှိတဲ့ တစ်ယောက်ယောက်များ ကျွန်တော်တို့ပြောတာကိုကြားသွားရင် ဒါရိုက်တာလျှို့အတွက် မကောင်းဘူး”

လင်းဖေးဟန်က ပြုံးပြီးဆက်ပြောလိုက်၏။

“စိတ်မပူပါနဲ့ ဒါရိုက်တာလျှို့။ ကျွန်တော်ခင်ဗျားကို ထိခိုက်အောင် လုံး၀မလုပ်ပါဘူး။ ကျွန်တော်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ယောက်ပါ။ ကျွန်တော်တို့က လူ့ယဉ်ကျေးတွေလေ။ လူ့ယဉ်ကျေးတွေလိုပဲ ဖြေရှင်းသင့်တာပေါ့”

“ဥ‌ပဒေလိုက်နာတယ်တဲ့လား”

လျှို့ဇစ်ချီ ထိုစကားကို ကြားလိုက်ရတော့ လှောင်ရယ်မိသည်။

မင်းကသာ ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းဆိုရင် ဒီကမ္ဘာမှာ ရာဇ၀တ်သားဆိုတာတောင် ရှိတော့မှာမဟုတ်ဘူး။ လျှို့ဇစ်ချီ ရုပ်တည်နှင့်‌ ပြောလိုက်၏။

“အချင်ယောင်ဆောင်စရာမလိုပါဘူး။ မင်းဘာလိုချင်လဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ ငါရှင်းရှင်းပဲပြောမယ်။ ငါ့မှာ ၆ ဘီလီယံမရှိဘူး။ မင်းငါ့ကိုဖိအားပေးရင် ငါမင်းကိုပါ ဆွဲချသွားဖို့ ၀န်လေးနေမှာမဟုတ်ဘူး”

All Chapters