← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

အမွေးအတောင်မစုံသေးတဲ့ ကောင်စုတ်လေးက ငါ့ကိုလာပြီး ခြိမ်းခြောက်ရဲတယ်ပေါ့။

စိတ်ကူးယဉ်နေတာပဲ။ မင်းအဖေ လင်းကော်ဟွား ကိုယ်တိုင်လာရင်တောင် ငါ့ကို ဒီလိုမျိုး ပြောရဲမှာမဟုတ်ဘူး။

မင်းရဲ့ ခိုးကြောင်ခိုးဝှက် လှည့်ကွက်တွေနဲ့ ငါ့ကို ထောင်ချောက်ထဲ၀င်အောင် လုပ်ခဲ့တာသာမဟုတ်ရင် ငါ မင်းနဲ့ မင်းရဲ့အစေအပါးကို အမှုန့်ချေပြီး ကျန်းပိုင်က မြစ်ပြင်ကျယ်ထဲကို ငါးစာပစ်ချကျွေးလိုက်မှာ။ မင်းက ငါ့ဆီကနေ ၆ ဘီလီယံတောင် လိုချင်သေးတယ်ပေါ့။ မဖြစ်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်။

လျှို့ဇစ်ချီရဲ့ အသွင်အပြင်ကို လင်းဖေးဟန် ကြည့်လိုက်၏။ သူဘာတွေတွေးနေလဲဆိုတာ လင်းဖေးဟန် မသိပေမဲ့ သူ့မှာ စကား‌အကောင်းပြောစရာမရှိတာကိုတော့ သိထားသည်။ အထူးသဖြင့် သူ့ကိုကြည့်ရတာ စိတ်တိုနေဟန်ပေါ်ပြီး ထိုအချက်က လင်းဖေးဟန်ကို ရယ်စေခဲ့၏။

“ကိစ္စမရှိပါဘူး ဒါရိုက်တာလျှို့။ ခင်ဗျားမှာ ပိုက်ဆံရှိမရှိ အရေးမကြီးဘူး။ ငွေအကြောင်းပြောတာ သူစိမ်းဆန်တယ်”

“ဘာကိုဆိုလိုတာလဲ”

ဒီတစ်ကြိမ်မှာရော လင်းဖေးဟန် ဘာတွေကြံစည်နေပြန်ပြီလဲဆိုတာ မသိရသဖြင့် လျှို့ဇစ်ချီ မျက်နှာရှုံ့မဲ့သွားလေသည်။

“ဘာမှမဟုတ်ပါဘူး ဒါရိုက်တာလျှို့။ ခင်ဗျားက အိုမင်းပေမဲ့ တကယ်ပဲ ကျန်းမာသန်စွမ်းတယ်လို့ ပြောလို့ရတယ်။ အချစ်သစ်ကိုတောင် ကြိုဆိုလိုက်သေး”

လျှို့ဇစ်ချီရဲ့မျက်နှာ သိသိသာသာပြောင်းလဲသွား၏။ သူ ချက်ချင်းထရပ်လိုက်ပြီး လင်းဖေးဟန်ကို သရဲဘီလူးအကြည့်နှင့် ကြည့်လိုက်သည်။

“ဘာပြောချင်နေတာလဲ။ ဒီလို အဓိပ္ပာယ်မရှိတာတွေပဲ ပြောနေမယ်ဆိုရင် ငါမင်းကို ထွက်သွားဖို့ ပြောပါရစေ။ သတိထား။ မဟုတ်ရင် ငါမင်းကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲရလိမ့်မယ်”

“တရားစွဲမယ်ပေါ့။ ရတယ်လေ။ ကျွန်တော့်ကို ၆ ဘီလီယံပေးမဲ့လူ မရှိတော့မှာပဲ စိတ်ပူတယ်”

လင်းဖေးဟန်က ပြုံးဖြီးကာပြောလိုက်သည်။

လင်းဖေးဟန်ရဲ့ မျက်နှာကို မြင်တွေ့လိုက်ရပြီးနောက် လျှို့ဇစ်ချီ ပိုမိုစိုးရိမ်မိသွား၏။ သူ့စိတ်ထဲတွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ လူတွေက ပိုပြီးကြောက်ရွံ့လေ ဥပဒေအကာအကွယ်ပိုယူလေပဲဆိုတာ လင်းဖေးဟန် သဘောပေါက်ထား၏။

လျှို့ဇစ်ချီက အသက်ငယ်ငယ်နှင့် မုဆိုးဖိုဖြစ်ခဲ့ပြီး ကလေးလည်း မရှိခဲ့ပေ။ နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော အမျိုးသမီးများနှင့် တွေ့ဆုံခဲ့သော်လည်း သူမတို့ထဲက တစ်ယောက်ကမှ သူ့ကို သားသမီးမမွေးပေးနိုင်ခဲ့ချေ။

လွန်ခဲ့သော လအနည်းငယ်ကတင် အသက်ငယ်ငယ် အမျိုးသမီးတစ်ဦးက သူ့ကိုလာရှာပြီး သူမမှာ ကိုယ်၀န်ရှိနေကြောင်းပြောခဲ့၏။ ထိုအရာက သူ့ကို အင်မတန် ပျော်ရွှင်စေခဲ့သည်။ သူ ထိုအမျိုးသမီးကို ဆေးရုံသို့ ဆေးစစ်ရန်ခေါ်သွားခဲ့၏။ သူမဗိုက်ထဲတွင် ရှိနေသော ကလေးက သူ့ကလေးဟုတ်မဟုတ် သေချာအောင် စက်ပစ္စည်းသုံးစစ်‌ရန်အတွက် ငွေအများကြီးတောင် သုံးခဲ့သေးသည်။

လျှို့ဇစ်ချီအတွက်တော့ ဒီသတင်းက နျူကလီးယားဗုံး ပေါက်ကွဲသလိုပင်ဖြစ်၏။ အသက်ကြီးကာမှ ကလေးရတာလောက် ၀မ်းသာစရာကောင်းတာ မရှိပေ။

ပျော်ရွှင်အပြီး လျှို့ဇစ်ချီ ပထမဆုံးလုပ်ခဲ့တာက ထိုအမျိုးသမီးကို ပြည်ပသို့ လျှို့ဝှက်စွာ ပို့ခဲ့ခြင်းပင်ဖြစ်သည်။ သို့မှသာ သူမက အန္တရာယ်ကင်းကင်းနဲ့ သူ့အတွက် ကလေးမွေးပေးနိုင်မည်ဖြစ်၏။

ရာထူးကြီးသည့်အလျောက် သူ့မှာ မလွဲမသွေ ရန်သူနှင့် သူ့ကိုမနာလိုသူများရှိသည်။ လုံခြုံရေးအတွက် သူဒီလိုပဲလုပ်ရန်ရှိ၏။ ဘ၀တစ်လျှောက်လုံး သတိထားနေထိုင်လာခဲ့တဲ့သူ့အဖို့ ဒီလိုရိုးရှင်းတဲ့ကိစ္စလေးကို ကျရှုံးဖို့ဆိုတာ မဖြစ်နိုင်ပါ။ သူနဲ့ ပါ၀င်ပတ်သက်ခဲ့တဲ့သူတွေကလွဲရင် ဘယ်သူမှမသိအောင် လျှို့လျှို့ဝှက်ဝှက် သေသေသပ်သပ် လုပ်ခဲ့တာတောင်မှ လင်းဖေးဟန်က သိသွားခဲ့မယ်လို့ လျှို့ဇစ်ချီ အိပ်မက်ထဲပင် ထည့်မမက်ဖူးပေ။

“စိတ်မလှုပ်ရှားပါနဲ့ ဒါရိုက်တာလျှို့”

လင်းဖေးဟန်က ရိသဲ့သဲ့ပြုံးပြီး ပြောလိုက်သည်။

“အဲ့ဒီအမျိုးသမီးက နိုင်ငံခြားမှာ ငွေတွေအများကြီးသုံးပြီး စိတ်ကြိုက်နေနေတယ်လို့ ကြားမိတယ်။ အဲ့ဒါက ဒါရိုက်တာလျှို့ နှစ်ပေါင်းများစွာ ကြိုးစားရှာထားရတဲ့ ငွေတွေလေ။ ဘယ်လိုလုပ် မိန်းမတစ်ယောက်ကို ပေးဖြုန်းရတာလဲ။ နိုင်ငံခြားက လုံခြုံရေးက စိတ်မချရဘူး။ နိုင်ငံခြားသားတွေက အပြင်သွားရင် *ဘမ်း ဘမ်း ဘမ်း* သယ်သွားတယ်လို့ ကြားဖူးတယ်။ ဒါက ခင်ဗျားရဲ့ တစ်ဦးတည်းသောကလေးနော်။ အဲ့လိုတွေမဖြစ်စေချင်ဘူး မဟုတ်လား”

“အဲ့ဒါအပြင် ပြည်ပမှာ မီးဖွားတာက တရုတ်က မီးဖွားတာနဲ့ တူပါ့မလား။ တရုတ်နဲ့ အနောက်တိုင်း မျိုးရိုးဗီဇပေါင်းစပ်လိုက်ရင် မွေးလာမဲ့ကလေးက မသန်စွမ်းဖြစ်လာမှာပဲ။ ဟုတ်တယ်မလား ဒါရိုက်တာလျှို့”

လင်းဖေးဟန်ရဲ့ စကားတွေကို ကြားလိုက်ပြီးနောက် စောနလေးတင် တုန်လှုပ်နေခဲ့တဲ့ လျှို့ဇစ်ချီရဲ့မျက်လုံးတွေထဲမှာ လူသတ်လိုစိတ်တွေ ပေါ်ထွက်လာ၏။ လောလောဆယ် သူသာ တစ်ယောက်တည်း ဖြစ်မနေဘူးဆိုရင် အရာအားလုံးဆုံးရှုံးရမည်ဆိုရင်‌တောင် သူ့ရဲ့ ကိုယ်ရံတော်တွေကို လင်းဖေးဟန်ကို တစ်စစီလုပ်ဖို့ အမိန့်ပေးမှာဖြစ်သည်။

အခုတော့ အကုန်နောက်ကျသွားပြီဖြစ်၏။ သူက လင်းဖေးဟန်ရဲ့လက်ထဲက ပုရွတ်ဆိတ်ကလေးပင် ဖြစ်နေလေသည်။

“စိတ်မပူပါနဲ့ ဒါရိုက်တာလျှို့။ ခင်ဗျားအတွက်တွေးပြီး ကျွန်တော် ခင်ဗျားရဲ့အမျိုးသမီးကို ပြည်ပကနေ ပြန်ခေါ်လာခဲ့တယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော်က ဥပဒေလိုက်နာတဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ အရမ်းကြီး စိတ်ပူနေစရာမလိုပါဘူး”

လင်းဖေးဟန် စကားတွေအပြီးမှာမှ လျှို့ဇစ်ချီ သက်ပြင်းချနိုင်တော့၏။ သူ့အမျိုးသမီးက မသေသေးပါ။ ဆွေးနွေးရန် အခွင့်အလမ်းရှိသေးသည်။ လျှို့ဇစ်ချီက သူ့ကံကြမ္မာကို သူလက်ခံလိုက်ရတော့၏။ သူ မျက်လုံးမှိတ်ကာ ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။

“ပြောပါ လင်းဥက္ကဌ။ ပိုက်ဆံ ဘယ်လောက်လိုချင်တာလဲ။ ကျွန်တော်ပေးမယ်”

လျှို့ဇစ်ချီ ထိုစကားကို အံကြိတ်ရင်း ပြောခဲ့ရသည်။

“ကျွန်တော့်ရဲ့ ၆ ဘီလီယံပဲ လိုချင်တယ်လို့ ပြော ပြီးပြီလေ”

ကောင်းတယ်။ အများကြီးတောင်းနေတာပဲ။ ငါ အလွဲသုံးစားလုပ်ခဲ့တာ ၃ ဘီလီယံပဲ။ မင်းက ၆ ဘီလီယံတောင် တောင်းနေတယ်ပေါ့။ အတိုးမလိုချင်ဘူးတောင် ပြောလိုက်သေးတယ်။ တကယ်ကို သဒ္ဓါတရားကြီးမားတာပဲ လင်းဖေးဟန်။ ဘယ်လိုလုပ် ဒီလောက် အရှက်မရှိရတာလဲ။

လျှို့ဇစ်ချီ သွေးအန်မလိုပင် ဖြစ်သွား၏။ နောက်ဆုံးမှာ သူဒေါသကိုချိုးနှိမ်ပြီး လက်သီးဆုပ်ကာ အေးစက်စွာပြောလိုက်သည်။

“ငါ့မှာ ၆ ဘီလီယံမရှိတာ မင်းသိပါတယ် လင်းဖေးဟန်။ ငါ့ပိုင်ဆိုင်မှု အကုန်ရောင်းလိုက်ရင်တောင် ၂ ဘီလီယံပဲ အများဆုံးရနိုင်မယ်”

“၂ ဘီလီယံလား။ အဲ့ဒါက လင်းအုပ်စုရဲ့ သုံးရက်စာ၀င်ငွေပဲရှိတယ်။ ခင်ဗျားက သူတောင်းစားလား။ ဒီလိုဆိုမှတော့ ထားလိုက်ပါတော့။ ကျွန်တော်မလိုချင်တော့ဘူး။ ခင်ဗျားရဲ့ အမျိုးသမီးလေးအတွက် ကောင်းကောင်းကန်းကန်း အုတ်ဂူလေး ရွေးပေးဖို့ ထားလိုက်တော့”

“ဘာသဘောလဲ”

လင်းဖေးဟန်က လက်ဝှေ့ယမ်းကာ အားသောင်ကို ပြောလိုက်သည်။

“အချိန်စေ့တော့မယ်။ ဒါရိုက်တာလျှို့ရဲ့ ချစ်စွာသော ကိုယ်လုပ်တော်ကို သွားကြိုလိုက်။ အဲ့ဒီအမျိုးသမီးအတွက် လွယ်ကူခဲ့တာမဟုတ်ဘူး။ သူ တရုတ်ပြည်ကို မိုင်ထောင်ချီ လေယာဉ်ပျံနဲ့ ခရီးနှင်လာခဲ့ရတာ။ သူက ကိုယ်၀န်ကြီးနဲ့လေ။ မတော်တဆမှုတွေ ရှိလို့မရဘူး။ မဟုတ်ရင် အသက်နှစ်သက် ဆုံးရှုံးရလိမ့်မယ်”

အားသောင်က ခေါင်းငြိမ့်လိုက်ပြီးနောက် ဖြတ်ပြောလိုက်၏။

“ဒါရိုက်တာလျှို့ကို ပေးတွေ့ဖို့ ခေါ်လာပေးစေချင်လား”

လင်းဖေးဟန် စိတ်ထဲကနေ သဘောကျနေမိသည်။ထိပ်တန်းသက်တော်စောင့်တွေက မတူဘူးပဲ။ သူတို့က မင်းဘာတွေးနေလဲဆိုတာတောင်သိတယ်။

လင်းဖေးဟန်က ခေါင်းငြိမ့်ပြီးပြောလိုက်၏။

“ဒါပေါ့။ ရင်ထဲထိစေလောက်တဲ့ မိသားစုတွေ့ဆုံပွဲ မြင်ကွင်းလေးပဲဟာကို။ ဒါပေမဲ့…”

လင်းဖေးဟန်က စကားလမ်းကြောင်းလွဲလိုက်သည်။

“ဒါရိုက်တာလျှို့ကို အခေါင်းဘယ်လောက် ကြီးကြီးလုပ်သင့်လဲဆိုတာ ပေးသိမှရမယ်”

“မင်း…လင်းဖေးဟန်။ လွန်မလာနဲ့နော်။ မင်း ဘာလိုချင်တာလဲ”

လျှို့ဇစ်ချီရဲ့ မျက်လုံးများက ဒေါသနှင့် ပြည့်နှက်နေသည်။

“၅ ဘီလီယံ။ တစ်ပြားလျော့ရင်တောင် ခင်ဗျားရဲ့အမျိုးသမီးက ကိုယ်အင်္ဂါစုံမစုံ ကျွန်တော် အာမမခံနိုင်ဘူးနော်”

လင်းဖေးဟန်က လျှို့ဇစ်ချီရဲ့ ဂိတ်ဆုံးကို သိသည်။ ၅ ဘီလီယံဆိုတာ လျှို့ဇစ်ချီ ထုတ်ယူနိုင်တဲ့ အများဆုံး ငွေပမာဏပဲ။ သူ အရမ်းဖိအားပေးလို့မရပါ။ မဟုတ်ရင် လျှို့ဇစ်ချီက အဆုံးမှာ သေသည်အထိ သူ့ကို တိုက်ခိုက်သွားလိမ့်မည်။ သူက မကြောက်ပေမဲ့ အဲ့လောက်ငွေပမာဏအများကြီး ဆုံးရှုံးလိုက်ရရင် သူ အနည်းငယ်နာကျင်မိလိမ့်မည်။

“အား‌သောင်။ မင်းရဲ့ ဓားရေးက ဘယ်လိုနေလဲ အခုတလော”

လင်းဖေးဟန်က အားသောင်ကို ကြည့်လိုက်၏။

အားသောင်က သဘောပေါက်ပြီး ချက်ချင်းပြုံးလိုက်သည်။

“ဗိုက်ခွဲမွေးဖို့ ပြဿနာမရှိလောက်ပါဘူး”

လျှို့ဇစ်ချီ အံကြိတ်ရလွန်းလို့ အံသွားများပင်ကျိုးတော့မည်။ သူဒီလောက် တစ်ခါမှ လှောင်ပြောင်မခံဖူးပါ။ မိန်းမတစ်ယောက် သေတော့လည်း သေပါစေပေါ့။ ဒါပေမဲ့ သူ့ကလေးက မွေးမလာသေး‌ဘူး။ သူ့မှာ ရွေးချယ်စရာ မရှိချေ။

All Chapters