← Chapters

အခန်း (၂၅)

Vol. 2 Ch. 25

အခန်း (၂၅)

Vol. 2 Ch. 25

လျှို့ဇစ်ချီက လင်းဖေးဟန်နဲ့ အားသောင်တို့ လုပ်နေတာတွေကိုကြည့်ပြီး မျက်နှာပိုပျက်သွားသည်။ အကြာကြီး နှုတ်ဆိတ်နေပြီးနောက် သူ အံကိုကြိတ်ပြီးပြောလိုက်၏။

“ကျွန်‌တော့်ကို အချိန်နည်းနည်းပေးနိုင်မလား။ သုံးရက်။ အလွန်ဆုံး သုံးရက်ပါပဲ။ လင်းအုပ်စုကို ကျိန်းသေ ၅ ဘီလီယံ ပို့ပေးလိုက်မယ်”

“ဒီလိုမလုပ်ပါနဲ့ ဒါရိုက်တာလျှို့။ ဒီကိစ္စကို အဆက်ဖြတ်လိုက်ကြရအောင်။ ခင်ဗျားရဲ့အမျိုးသမီးက အတော်ချေးများတယ်။ သုံးရက်အတွင်း ကျွန်တော့်လင်းအုပ်စု ပျက်စီးမှာကြောက်မိတယ်”

“ကောင်းပြီ။ ၅ ဘီလီယံဆိုတော့လည်း ၅ ဘီလီယံပေါ့။ အခုပဲ ငွေလွှဲပေးလိုက်မယ်”

လျှို့ဇစ်ချီ ဆက်တုံ့ဆိုင်းမနေရဲတော့ဘဲ လင်းဖေးဟန်ကို ငွေချက်ချင်းလွှဲပေးလိုက်၏။

လျှို့ဇစ်ချီရဲ့ ပိုင်ဆိုင်မှုတွေက ၁ ဘီလီယံရှိသည်။ သူ့အိမ်ပါအပါအ၀င်ဆို ၂ ဘီလီယံဖြစ်၏။ သူ့မိတ်ဆွေများထံမှ ချေးငှားမည်ဆိုလျှင် ၄ ဘီလီယံသာ အများဆုံးရနိုင်မည်။ သူတကယ် အဲ့ဒီလောက်ငွေမတတ်နိုင်ပါ။ သို့သော် လင်းဖေးဟန်က ပြင်ဆင်လာခဲ့ပြီး ရှယ်ယာလွှဲပြောင်းစာချုပ်ကို တန်းထုတ်လာသည်။ ဈေးကွက်တန်ဖိုးအရ လျှို့ဇစ်ချီရဲ့ရှယ်ယာက ၃ ဘီလီယံ တန်ကြေးရှိ၏။

လင်းဖေးဟန်က အခွင့်ကောင်းယူပြီး လျှို့ဇစ်ချီကို စာချုပ်မှာ သူ့လက်မှတ်ကို ရေးထိုးစေခဲ့သည်။ ထိုအချိန်မှာ လျှို့ဇစ်ချီက ဆက်လက်ပြီး လင်းအုပ်စုရဲ့ ရှယ်ယာရှင် မဟုတ်တော့ပေ။

လင်းဖေးဟန်က ကုမ္ပဏီ ငွေကြေးနှင့် ဥပဒေဌာနများကို သီးသန့်ဖုန်းခေါ်ဆိုလိုက်၏။ အကုန်လုံး မှန်ကန်ကြောင်း အတည်ပြုပြီးချိန်မှာ လင်းဖေးဟန်က ကျေနပ်စွာပြုံးလိုက်တော့သည်။

“ငါ့လူတွေကို အခုလွှတ်လိုက်လို့ရပြီလား”

လျှို့ဇစ်ချီရဲ့အသံက အနည်းငယ်အားလျော့နေ၏။ အသနားခံနေသလိုပင်။

“ဒါရိုက်တာလျှို့ ဘာတွေပြောနေတာလဲ။ ကျွန်တော် ဘာလို့ နားမလည်ရတာလဲ”

လင်းဖေးဟန်က လျှို့ဇစ်ချီကို တအံ့တဩကြည့်လိုက်သည်။

လျှို့ဇစ်ချီက စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်၏။

“လင်းဖေးဟန်။ မင်းက လူမဟုတ်ဘူး။ မင်းပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းချင်နေတာလား”

လျှို့ဇစ်ချီ ဒေါသထွက်လျက်ရှိသည်။ လင်းဖေးဟန်က သူ့ကို မျက်နှာလွှဲချင်နေသည်ဟု ထင်လိုက်သောကြောင့်ဖြစ်၏။

“ကျွန်တော့်ကို မစွပ်စွဲပါနဲ့ ဒါရိုက်တာလျှို့။ ခင်ဗျားရဲ့အမျိုးသမီးက နိုင်ငံခြားမှာ မဟုတ်လား။ ခင်ဗျားပြောပုံက မသိရင် ကျွန်တော်သူ့ကို ပြန်ပေးဆွဲခဲ့တဲ့အတိုင်းပဲ။ ကျွန်တော်က ဥပဒေလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ခင်ဗျားက ကျွန်တော့်ကို ဂန်းစတားတစ်ယောက်လိုမျိုး ပြောနေတာပဲ”

လင်းဖေးဟန် စကားတွေကို နားထောင်ပြီးနောက် လျှို့ဇစ်ချီ သေချာစဉ်းစားလိုက်၏။ သူ့မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ အရူးလုပ်ခံလိုက်ရပုံပေါ်၏။ ပုံပေါ်တာမဟုတ်ဘူး။ တကယ် အရူးလုပ်ခံလိုက်ရတာ။

သူ့ကိုယ်သူ တုံးအတဲ့အတွက် ဆဲဆိုလိုက်မိသည်။ သူဘာလို့ အတည်ပြုဖို့ ဖုန်းမဆက်လိုက်မိတာလဲ။ အဲ့ဒီအစား လင်းဖေးဟန်ပြောတာကို သူက သံသယမ၀င်ဘဲ ယုံခဲ့တယ်။ သူ ခုနက လင်းဖေးဟန်နဲ့ ပြောခဲ့တာကို ပြန်တွေးကြည့်မှ လင်းဖေးဟန်ရဲ့စကားတွေမှာ ဟာကွက်အများကြီးရှိနေတာကို သိလိုက်၏။

အချိန်ကွာဟမှုအရ သူ့အမျိုးသမီးဆီမှာ အခုဆို ညအချိန်ဖြစ်မည်။ သူမ အနားယူနေလောက်ပြီ။ ပြဿနာတစ်ခုခုသာရှိခဲ့ရင် သူဈေးကြီးပေးထားရတဲ့ သက်တော်စောင့်နဲ့ လုံခြုံရေးတွေက ဘာအတွက်လဲ။

ဖြစ်နိုင်ချေတွေအများကြီးကို ဖယ်ထုတ်လိုက်တော့ လင်းဖေးဟန်က ဘယ်သူ့ကိုမှ မပို့ဖူးဘူးဆိုတာ လျှို့ဇစ်ချီ သေချာသွားသည်။ လင်းဖေးဟန် ဟန်ဆောင်ခဲ့တာသာဖြစ်၏။ သူကလည်း အစိုးရိမ်လွန်ခဲ့သည်။ ထပ်ပြောရရင် လင်းဖေးဟန်က သူ့ကို တဖြည်းဖြည်းဖိအားပေးခဲ့တာကြောင့် သူသေချာစဉ်းစားချိန်မရလိုက်တာဖြစ်၏။

“ဟုတ်ပြီ။ အရမ်းကောင်းတယ်။ မင်းက မင်းအဖေထက် ပိုသာတယ်။ ငါ…အရှုံးပေးပါတယ်”

လျှို့ဇစ်ချီက အားလျော့စွာ ပြောလိုက်သည်။

ထင်မထားဘဲ သူက ကောင်စုတ်လေးတစ်ယောက်ဆီကနေ အရူးလုပ်ခံခဲ့ရသည်။ သူနောင်တရချင်ရင်တောင် စာချုပ်ကို ပြန်ဖျက်မရတော့ပေ။

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလျှို့”

လင်းဖေးဟန် အနည်းငယ်ပြုံးလိုက်၏။

ဟူး။ ပိုက်ဆံရှာရတာခက်ပြီး ချီးက စားရခက်တယ်။ ၅ ဘီလီယံလေးရဖို့ ငါ တံထွေးအများကြီး ကုန်သွားတယ်။ လင်းဖေးဟန် တွေးလိုက်မိသည်။

“ဒါရိုက်တာလျှို့။ ခင်ဗျားကြည့်ရတာ အခြေအနေမကောင်းသလိုပဲ။ ဆရာ၀န်ပြဖို့ ပိုက်ဆံရှိလား။ မရှိရင် ကျွန်တော့်မှာ ပိုက်ဆံရှိတယ်။ ခုလေးတင် ၅ ဘီလီယံရလာတာ”

လျှို့ဇစ်ချီ အဲ့ဒါကိုကြားတော့ အသက်ရှူပင်မှားသွားသည်။

“ထွက်သွား။ ထွက်သွားစမ်း။ ငါမင်းကို ထပ်မတွေ့ချင်ဘူး”

လျှို့ဇစ်ချီ စတင်အော်ဟစ်တော့၏။

“ဟေး။ စိတ်မကောင်းပါဘူး ဒါရိုက်တာလျှို့။ စာထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတာက ဒီနေရာက ကျွန်တော့်အပိုင်တဲ့။ ထွက်ချင်ရင် ခင်ဗျားပဲ ထွက်သွားသင့်တာပေါ့”

လျှို့ဇစ်ချီက တစ်ခဏမျှ စကားများပျောက်ရှကုန်သည်။ သူ့ရဲ့ ဇိမ်ခံဗီလာကြီးက သူ့အမည်ပေါက် မဟုတ်တော့တာကို သတိရသွား၏။ လျှို့ဇစ်ချီ နှလုံးရောဂါ ထဖောက်တော့မလို ခံစားလိုက်ရသည်။ သူ အဲ့ဒီအခိုက်အတန့်မှာ လင်းဖေးဟန်ကို လည်ပင်းညစ်သတ်ချင်မိသွား၏။

သို့သော် နှစ်ပေါင်းများစွာအတွင်း သူသင်ယူလာတာရှိသည်။ အဲ့ဒါက စိတ်မရှည်မှုလေးအနည်းငယ်က ကိစ္စကြီးကို ဖျက်ဆီးပစ်နိုင်သည်ဆိုတာပင်။ နှစ်ပေါင်းများစွာအတွင်း လင်းဖေးဟန်က သူ့ကို အနေအထားပျက်အောင် လုပ်နိုင်သော ပထမဆုံးသူဖြစ်၏။ သူ့ဘ၀တွင် အသတ်ချင်ဆုံးသူလည်းဖြစ်သည်။

လျှို့ဇစ်ချီက အကြာကြီးရပ်လိုက်ပြီး ဘာမှမယူဘဲ ဗီလာထဲမှ ထွက်သွားလိုက်၏။

“အားသောင်။ လျှို့ဇစ်ချီနောက်လိုက်ပြီး သူဘယ်သွားလဲကြည့်”

လင်းဖေးဟန်ရဲ့ အကြည့်များက အေးစက်လှသည်။ ကျားကို တောင်ပေါ်ပြန်လွှတ်တာက မဖြစ်နိုင်ပါ။ လျှို့ဇစ်ချီက ကျားတစ်ကောင် မဟုတ်သော်လည်း သူ မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်စေချင်ပါ။

“သူ့ကိုသတ်လိုက်စေချင်တာလား သခင်လေး”

လင်းဖေးဟန် အားသောင်ကိုကြည့်ပြီး ချွေးစေးပြန်သွားသည်။ အားသောင်ကို ရိုက်သွင်းထားတဲ့ ဥပဒေလိုက်နာရမယ်ဆိုတဲ့သဘောတရားကို ပိုမိုအားကောင်းအောင်လုပ်ရမဲ့ပုံပဲ။ ဒီလူက အခွင့်ရတိုင်း လူသတ်ချင်နေတယ်။ သွေးဆာလွန်းတယ်။ ဒီလူရဲ့အတွေးက ရိုးရှင်းလွန်းတယ်။ အမြဲ ဓားနဲ့ သေနတ်ပဲ သုံးချင်နေတာ။

အနာဂတ်ရဲ့ ပြဿနာတွေအကုန်လုံးကို ရှင်းထုတ်ဖို့ ငါစဉ်းစားဖူးတယ်။ ဒါပေမဲ့ စောင့်ကြည့်ကင်မရာတွေက နေရာတိုင်းရှိနေတာ။ ကြည့်ရှင်းလိုက်လို့တော့ရပေမဲ့ ဒုက္ခများသည်ဟု လင်းဖေးဟန်က ထင်မိသည်။

“ပေါက်ကရတွေ မပြောနဲ့။ ငါတို့က ဥပဒေလိုက်နာတဲ့ နိုင်ငံသားကောင်းတွေ။ ဥပဒေနဲ့မလွတ်ကင်းတာ ဘာမှမလုပ်ဘူး။ အချိန်ကျရင် ရဲတွေကို လျှို့ဇစ်ချီရဲ့ တည်နေရာကို ပြောပြလိုက်ဖို့ပဲလိုတယ်”

လာဘ်စားတာအပြင် လျှို့ဇစ်ချီက လူတွေသတ်ထားသေးတယ်။ အဲ့လိုကိစ္စအတွက် ရဲကလွဲပြီး ဘယ်သူဆက်ဆောင်ရွက်နိုင်မှာလဲ။

“ကောင်းပါပြီ သခင်လေး။ နားလည်ပါပြီ”

ကိစ္စအားလုံးကို စီစဉ်ပြီးနောက် လင်းဖေးဟန်က အိမ်ပြန်ပြီး ကောင်းကောင်းနားဖို့ အသင့်ဖြစ်နေလေပြီ။ တစ်မနက်စာလုံး အလုပ်လုပ်ထားရလို့ သူပင်ပန်းနေပြီ။ လင်းဖေးဟန်က သူ့ကိုယ်သူ နေ့တစ်၀က် အားလပ်ချိန်ပေးဖို့ ဆုံးဖြတ်ထားသည်။

ကုမ္ပဏီနဲ့ ပတ်သက်တာကတော့ လျှို့ရှင်းယာကို လွှဲထားလိုက်ရုံပဲ။ လျှို့ရှင်းယာက အရည်အချင်းရှိပြီး အကုန်လုံးကို ကိုင်တွယ်နိုင်တယ်ဆိုတာ လင်းဖေးဟန်သိ၏။

“တင်း! စနစ် သတိပေးချက်: အသုံးပြုသူက မဆီမဆိုင်တွေ လျှောက်လုပ်နေတာ များပါပြီ။ ဇာတ်လိုက်မ လုရွှယ်ယင်ကို မပိုင်သေးခင်မှာ စိတ်အေးလက်အေး မနေလိုက်ပါနဲ့။ ဇာတ်လိုက်ယဲ့ဖန်းက တောင်အောင်ဆင်းလာတော့မယ်ဆိုတာ အသုံးပြုသူ သိတယ်မဟုတ်လား”

လင်းဖေးဟန် နားတော့မဲ့အချိန်မှာပဲ စနစ်ရဲ့ အသံကို ကြားလိုက်ရသည်။

“စနစ်ရေ။ ငါဒီကို ကူးပြောင်းလာပြီး တစ်ခါမှ မနားရသေးဘူး။ အရမ်းပင်ပန်းနေပြီ။ ကောင်းကောင်းပေးနားလို့ မရဘူးလား”

စနစ်က သူ့ကို ဇာတ်လိုက်ကိုသုံးပြီး ခြောက်လှန့်လိုက်သည်။

လင်းဖေးဟန်က တစ်ခဏမျှ မျှော်လင့်ချက်မဲ့သွားသည်။ ဗီလိန်ဖြစ်ရတာခက်တာပဲ။ အကုန်သိနေတဲ့ ဗီလိန်ဖြစ်ရတာ ပိုတောင်ခက်သေးတယ်။ လုရွှယ်ယင်အကြောင်းပြောမှ သူမ သူ့ကို ဖုန်းဆက်ထားတာကို သတိရသွား၏။

စဉ်းစားကြည့်လိုက်မှ လင်းဖေးဟန် လုရွှယ်ယင်ကို ဖုန်းပြန်ဆက်ရန် ဆုံးဖြတ်လိုက်သည်။ လုရွှယ်ယင်မှာ ပြောစရာရှိတာနေမှာပေါ့။ လင်းဖေးဟန်က သိချင်တာကို ဒဲ့မေးလိုက်၏။

“ဟေး။ ဘာကိစ္စလဲ”

ဒီလင်းဖေးဟန်က သူ့ဖုန်းကိုချပြီး ဘာကိစ္စလဲဆိုပြီးတောင် လာမေးရဲသေးတယ်။

All Chapters