အခန်း (၂၆)
Vol. 2 Ch. 26
လုရွှယ်ယင် စိတ်ဆိုးချင်ပေမဲ့ သူမ ပြန်စဉ်းစားကြည့်မိတော့ လင်းဖေးဟန်က သနားစရာကောင်းနှင့်နေပြီးသားလေ။ သူ့ကို ထပ်ပြီး စိတ်တိုအောင်လုပ်မယ်ဆိုရင် လူမဆန်ရာကျမယ် မဟုတ်လား။
ထို့ကြောင့် လုရွှယ်ယင်က လေသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။
“ဘာမှမဟုတ်ပါဘူး။ ခုနက နင် ဘာလုပ်နေတာလဲ”
ဟမ်။ ဘာလို့ ဒီလေသံလဲ။ အရမ်း ညင်သာနေပါလား။ လုရွှယ်ယင်မှာ ငါ့ကို တောင်းဆိုစရာ ရှိတာလား။
တစ်ခုခုလွဲနေသည်ဟု လင်းဖေးဟန် ခံစားလိုက်ရ၏။ သူက သူ့ရဲ့ “တုတ်ထိုးအိုးပေါက်သမားလက်နက်” ကို အသုံးပြုပြီး သူတို့နှစ်ဦးကြားက စကားစမြည်ကို မြန်မြန်အဆုံးသတ်ရန် ဟန်ပြင်လိုက်သည်။
“ဒီလိုပါ။ ငါတို့တွေ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပေမဲ့ ငါ့မိဘတွေက ငါ လှည့်ကွက်တွေလုပ်နေတယ်လို့ ထင်နေတုန်းပဲ။ ပြီးတော့ ငါ့အဖေက နင် ၁ ဘီလီယံတန်စာချုပ်ကို ဘာမှမပြောပဲ ချသွားတာကို သိပ်မကျေနပ်ဘူး”
“အွန်း”
လက်တစ်ဖက်တည်းနဲ့ ကားမောင်းနေတဲ့ လင်းဖေးဟန်က ဘာမှမဖြစ်သလိုပဲ တုန့်ပြန်လိုက်သည်။
“ဒီလိုဆိုရင်ရော။ နင် ညနေကျရင် အချိန်ရလား။ ငါ့အိမ်ကို ထပ်လာပြီး ရှင်းပြလိုက်လေ။ ဘာဖြစ်ဖြစ် နင်နဲ့ငါက သာမန်လူတွေလိုမှ မဟုတ်တာ။ ငါတို့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာက ကိစ္စတွေအတော်များများနဲ့ ဆက်စပ်နေတယ်”
လင်းဖေးဟန်က ခဏမျှတွေးပြီးနောက် ပြောလိုက်၏။
“ကောင်းပြီလေ”
လင်းဖေးဟန်ရဲ့ အဖက်မလုပ်တဲ့လေသံကိုကြားတော့ လျှို့ရွှယ်ယင် မနေနိုင်မထိုင်နိုင်ပဲ မျက်မှောင်ကြုံ့မိသွားသည်။ လုရွှယ်ယင်ခဏငြိမ်သက်အပြီးမှာ ပြောလိုက်၏။
“သတိပေးလိုက်မယ်နော်။ ဘာမှလှည့်စားဖို့ မကြံနဲ့။ မဟုတ်လို့ကတော့ နင် အကျိုးဆက်တွေကို ခံယူနိုင်မှာမဟုတ်ဘူး”
လင်းဖေးဟန်က လုရွှယ်ယင် သူ့ကို သတိပေးတဲ့လေသံနဲ့ စကားပြောတာကြားရတော့ ချက်ချင်းပင် ရယ်ချင်သွားမိသည်။
သူ ရှင်းရှင်းလင်းလင်း ပြောပြထားပြီးသားလေ။ လုပ်ရပ်တွေနဲ့လည်း သက်သေပြခဲ့ပြီးပြီ။ ဒီဟာမက ဘာလို့ သံသယ၀င်နေသေးတာလဲ။ သူမက သူ တစ်ခုခု လှည့်စားနေမှာကိုတောင် စိုးရိမ်လိုက်သေးတယ်။ သူ လှည့်ကွက်သုံးနေတာတော့ အမှန်ပဲပေါ့။ ဒါပေမဲ့ သူ ထုတ်ပြောလို့မဖြစ်ဘူးလေ။
လင်းဖေးဟန်က လုရွှယ်ယင်ကို တစ်ခုခု ပြန်ပြောလိုက်ချင်ပေမဲ့ ကားပြတင်းပေါက်အပြင်ဘက်မှာ စုတ်ပြတ်နေတဲ့ ဆိုင်းဘုတ်တစ်ခုကို သူ မတော်တဆမြင်လိုက်ရ၏။ ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာက “ဖုန်းလုံဧရိယာ” ဟူ၍ပင်။ လင်းဖေးဟန် သွေးပျက်သွားသည်။ သူ ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာရတာလဲဆိုပြီးလည်း တွေးနေမိ၏။
“ငါလုပ်စရာတစ်ခုရှိတယ်။ ပြီးမှ နင်နဲ့ပြောမယ်”
လင်းဖေးဟန်က လုရွှယ်ယင်ကို ဖုန်းထဲကတစ်ဆင့် အမြန်ပြန်ပြောလိုက်သည်။ လုရွှယ်ယင် စကားမဆုံးသေးခင်မှာပဲ ဖုန်းချလိုက်သောအသံ ထွက်ပေါ်လာခဲ့၏။
လင်းဖေးဟန်က တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။ တစ်ခေါက်ပြီးတစ်ခေါက်ပဲ ဖုန်းကို ရုတ်တရက်ကြီးချလိုက်တယ်။ လင်းဖေးဟန် ကြောက်လန့်သွားရတဲ့ အကြောင်းအရင်းက ဖုန်းလုံဧရိယာမှာ စွန်းရှင်းယွဲ့ဆိုတဲ့ နောက်ထပ် အဓိက အမျိုးသမီးဇာတ်ကောင် ရှိနေသောကြောင့်ဖြစ်သည်။
လင်းဖေးဟန်က သူလုပ်လိုက်မိတာအတွက် သူ့ကိုယ်သူ တိတ်တခိုးလေး အပြစ်တင်လိုက်မိ၏။ ဒီလို ကိစ္စကြီးကို သူမေ့သွားရတယ်လို့။ ဒါက မူရင်း၀တ္ထုရဲ့ အဓိကဇာတ်ကြောင်းပင်ဖြစ်သည်။ ၀တ္ထုထဲမှာ ဇာတ်လိုက်ယဲ့ဖန်းက ကျန်းပိုင်မြို့မှာ လမ်းလျှောက်သွားနေရင်း စွန်းရှင်းယွဲ့ရှိနေတဲ့ ပန်းဆိုင်ကို ရောက်လာခဲ့၏။
စွန်းရှင်းယွဲ့က လှပတာကြောင့် ယဲ့ဖန်းက သူမကို မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့သည်။ နောက်နေ့တွေမှာ သူက စွန်းရှင်းယွဲ့ကို နည်းလမ်းပေါင်းစုံနဲ့ ဂရုစိုက်ပြလိုက်တာကြောင့် မနူးမနပ်လေးဖြစ်တဲ့ စွန်းရှင်းယွဲ့က သူ့ကို လုံး၀ကြွေဆင်းသွားခဲ့၏။
၀တ္ထုထဲမှာ ဖော်ပြထားပုံအရ စွန်းရှင်းယွဲ့က အလွန်တက်ကြွပြီး အကောင်းမြင်တတ်သော မိန်းကလေးဖြစ်သည်။ သို့သော် သူမ၏ ဘ၀က သနားစဖွယ်ကောင်းလှ၏။ စွန်းရှင်းယွဲ့ ဆယ်ကျော်သက်ဘ၀တုန်းက သူမတို့မိသားစုက ကားအပျော်လျှောက်မောင်းရင်း မတော်တဆမှုဖြစ်ခဲ့သည်။ သူမရဲ့မိဘများက သူမကိုကာကွယ်ပေးရင်း ထိုမတော်တဆမှုတွင် သေဆုံးခဲ့ကြ၏။
စွန်းရှင်းယွဲ့က အသက်ရှင်သော်လည်း ကားမတော်တဆမှုကြောင့် အောက်ပိုင်းသေပြီး တစ်ဘ၀လုံး ဝှီးချဲပေါ်တွင်သာ နေသွားရန်ရှိသည်။ သို့သော် စွန်းရှင်းယွဲ့က အားမငယ်ပါ။ ပို၍ပင် ကြံ့ခိုင်လာခဲ့သည်။ သူမက စောဒကလည်း မတက်ခဲ့သလို ခြေထောက်မသန်စွမ်းတာကြောင့် ရေစုန်လည်းမျောမနေခဲ့ပေ။ ကားမတော်တဆမှုကရတဲ့ လျော်ကြေးငွေကိုယူပြီး သူမ၏ အိမ်အဟောင်းကို ပြန်လည်ပြုပြင်ခဲ့သည်။ ပန်းဆိုင်တစ်ဆိုင်ဖွင့်ပြီး ဘ၀ကို ကြံ့ကြံ့ခံနေခဲ့၏။
စွန်းရှင်းယွဲ့၏ ဘ၀အတွေ့အကြုံက ဆိုးရွားလှသော်လည်း သူမက အင်မတန်ကို အကောင်းမြင်တတ်ပြီး အပြုသဘောဆောင်သည်။ လူအများက သူမကို ဟားတိုက်ပြီး အနိုင်ကျင့်ခဲ့သော်လည်း သူမရဲ့ ကြင်နာတတ်တဲ့ နှလုံးသားကို ဆက်လက်ထိန်းသိမ်းထားခဲ့၏။
မူလဇာတ်ကြောင်းအရ ယဲ့ဖန်းက သူမရဲ့ ခြေထောက်များကို ကုသပေးနိုင်သည်ဟုဆိုသည်။ ဆေးကုသပေးတာကို အကြောင်းပြပြီး သူက သူမကို နေ့တိုင်း သူ့ရဲ့ခံစားချက်တွေကို ပြသခဲ့၏။ နောက်ဆုံးမှာတော့ ယဲ့ဖန်းက သူမရဲ့ ခြေထောက်များကို ကုသပေးနိုင်ခဲ့သည်။ စွန်းရှင်းယွဲ့က အရာအားလုံး ကောင်းမွန်လာပြီဟု ထင်လိုက်သည့်အချိန်မှာပဲ တရား၀င်လိုအပ်ချက်တွေအရ ဖုန်းလုံဧရိယာကို ပြန်လည်တည်ဆောက်ရေးလုပ်ရန် ဖြစ်လာခဲ့၏။ ထိုအခါ စွန်းရှင်းယွဲ့က သဘောမတူခဲ့ပေ။
အိမ်အဟောင်းတစ်လုံးဖြစ်သော်လည်း ထိုအိမ်က သူမနှင့် သူမ၏မိဘများရဲ့ အမှတ်တရများဖြင့် ပြည့်နှက်နေသည်။ ထိုအိမ်ကိုသာ ဖျက်ချလိုက်မည်ဆိုလျှင် သူမ၏မိဘများကို တမ်းတရန် နေရာတစ်နေရာပင် ကျန်တော့မည်မဟုတ်ချေ။ သို့သော် ငြင်းဆန်ခြင်းက အသုံး၀င်မည်တဲ့လား။
ဒါပေမဲ့ ငွေကြေးအင်အားရှေ့မှာတော့ ငြင်းဆိုမှုတွေက မုန်တိုင်းထဲက မြက်ပင်များကဲ့သို့ပင်ဖြစ်၏။ အဆောက်အအုံ ဖျက်သိမ်းရေးအဖွဲ့က သူမကို နားချမရသောအခါ ညစ်တီးညစ်ပတ်စလုပ်လာတော့သည်။
သူတို့က သူမကို နှောင့်ယှက်သည်။ နာမည်ဖျက်ပြီး ကိုယ်ထိလက်ရောက်ပါ ရိုက်နှက်လာခဲ့သည်။
စွန်းရှင်းယွဲ့က အတော်ကြီး စော်ကားခံနေရပေမဲ့ သူမက ခေါင်းမာပြီး တင်းခံနေခဲ့၏။ ထိုအချက်က ကန်ထရိုက်သမား ရွှီထျန်းယီကို ဒေါသထွက်စေခဲ့သည်။
သူက ဒီစီးပွားရေးကိုလုပ်နေတာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သည်။ ဖြိုချလို့မရတဲ့နံရံဆိုတာ မရှိဘူးဆိုပြီး သူက အခိုင်အမာကြီး ယုံကြည်ထား၏။ စွန်းရှင်းယွဲ့လိုလူမျိုးတွေ အတိတ်မှာ ရှိခဲ့ဖူးသော်လည်း သူတို့အားလုံး ငရဲမင်းဆီ ရောက်သွားကြပြီဖြစ်သည်။
“အတင်းအကြပ်သာ ဖြိုချလိုက်။ အဲ့ဒီကောင်မလေးအတွက် အုတ်ဂူတူးပေးစရာမလိုဘူး။ သူမဖယ်ပဲနေရဲရင် အပျက်အစီးတွေက သူ့အုတ်ဂူဖြစ်သွားမယ်”
“မြန်မြန်လုပ်။ စီမံကိန်းရက်က ကပ်နေပြီ။ တစ်ခုခုလွဲချော်ရင် အထက်လူကြီးတွေက ငါတို့ကို ကူပြီးဖြေရှင်းပေးလိမ့်မယ်”
ဗိုက်ရွှဲကြီးနဲ့ ရွှီထျန်းယီက အလုပ်သမားတွေကို အဆုံးသတ်ညွှန်ကြားမှု ပြုလုပ်လိုက်သည်။ စွန်းရှင်းယွဲ့အိမ်ရှေ့သို့ မြေတူးစက်များ ဆိုက်ရောက်သွားလေ၏။
ကြီးမားလှတဲ့ စက်ယန္တရားကြီးရှေ့မှာ စွန်းရှင်းယွဲ့က သေးသေးလေးသာရှိသည်။ သို့သော် စွန်းရှင်းယွဲ့က မကြောက်ပေ။ သူမရဲ့ လက်များကို ဆန့်တားလိုက်ပြီး ခန္ဓာကိုယ် သေးသေးလေးနှင့် သူမ၏အိမ်ကို ကာကွယ်ခဲ့၏။ ထိုအခြေအနေမှာ စွန်းရှင်းယွဲ့ လုံး၀နောက်မဆုတ်ခဲ့ပါ။
ထိုသို့ အရေးကြီးသော အချိန်အခါတွင် ဇာတ်လိုက်ယဲ့ဖန်းက ပေါ်ထွက်လာခဲ့သည်။ သူက စွန်းရှင်းယွဲ့ဘေးမှာ သူရဲကောင်းတစ်ယောက်လို ပေါ်ထွက်လာခဲ့ပြီး မြေတူးစက်ရဲ့ အောက်ခြေသံပတ်ကို ကန်ပစ်ခဲ့၏။ မြေတူးစက်ကြီးက အခြေယိုင်ကာ လဲကျသွားတော့သည်။ ဒေါသထွက်နေသောယဲ့ဖန်းက စိတ်လွတ်သွားပြီး ဖြိုချရေးအဖွဲ့ကလူအားလုံးကို သတ်ပစ်လိုက်၏။ ဒါတင်မလုံလောက်သေး။ ဆောက်လုပ်ရေးအဖွဲ့၊ အိမ်ခြံမြေကုမ္ပဏီနှင့် စပွန်ဆာများလျှင်ပင် ယဲ့ဖန်းမြေလှန်တာကို ခံခဲ့ရသည်။ ထိုလူများက သူတို့မည်ကဲ့သို့ သေဆုံးသွားသည်ကိုပင် မသိလိုက်ကြချေ။
ယဲ့ဖန်းက သိမ်မွေ့ဟန်ရှိပေမဲ့ တကယ်ကမ်းက သွေးဆာပြီး အာဏာရှင်ဆန်လှ၏။ လင်းဖေးဟန် မူရင်းဇာတ်ကြောင်းကိုတွေးကြည့်ရင်း ဇောချွေးပြန်သွားသည်။ စာရေးဆရာရဲ့ အရေးအသားက ရိုးရှင်းပြီး စကားလုံးဆန်းများ မလိုခဲ့ချေ။ ဒါပေမဲ့ မျက်နှာပြင်ပေါ်က စာသားတွေကို ကြည့်လိုက်ရုံနဲ့တင် ယဲ့ဖန်းက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ လင်းဖေးဟန် ခံစားမိသည်။
ထိုအချိန်တွင် လင်းဖေးဟန် ရုတ်တရက်ကြီး သတိရသွား၏။ ၂ ဘီလီယံတန်စာချုပ်ထဲမှာ ရေးထားတဲ့လိပ်စာက ဒီနေရာမဟုတ်ဘူးလား။ လင်းဖေးဟန်ကို အတွေးများစေတာက မူလဇာတ်လမ်းမှာ အစိုးရက ဆောက်လုပ်ချင်ခဲ့တာ ဒီနေရာမဟုတ်ဘူးဆိုတာပင်ဖြစ်သည်။ စာချုပ်ထဲမှာ ရေးထားတဲ့လိပ်စာက ဖုန်းလုံဧရိယာဆိုတာ သူတွေ့လိုက်တုန်းက သူအမှတ်မှားတာဟု ထင်ခဲ့သည်။ ပြန်စဉ်းစားကြည့်မှ အမှောင်ထဲကနေပြီး သူ့ကို ဇာတ်လိုက်ယဲ့ဖန်းနဲ့ ထိပ်တိုက်ဖြစ်အောင် ကြိုးကိုင်နေတဲ့အင်အားတစ်ခုရှိသလိုထင်ရ၏။