← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

သူ ပိုက်ဆံမရှာချင်တာ‌မျိုး မဟုတ်ပါဘူး။ အာဏာပိုင်တွေနဲ့ ဆက်ဆံရေးကောင်း မတည်ဆောက်ချင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေတွေက လင်း‌ဖေးဟန်ကို အနည်းငယ်နောက်ဆုတ်စေခဲ့သည်။

မဟုတ်ဘူး။ ငါ ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ လင်းဖေးဟန် စတင်တွေးတောလေတော့၏။ အချိန်အရ အရမ်းမနောက်ကျသေးဘူး။ အနည်းဆုံးတော့ ဖုန်းလုံဧရိယာက ဖြိုချမခံရသေးဘူး။ ငါ့မှာ ပြောင်းလဲဖို့အချိန် ရှိသေးတယ်။

ဆောက်လုပ်ရေးအဖွဲ့က လူပြန်အစားထိုးထားလား ငါမသိဘူး။ လူမလဲထားရင်တော့…။ အင်း။ ငါ စွန်းရှင်းယွဲ့နဲ့ အမြန်တွေ့ပြီး သူ့ခြေထောက်ကို ကုသပေးရမယ်။ ဒီနည်းနဲ့မှပဲ ဇာတ်လိုက်နဲ့ စွန်းရှင်းယွဲ့ အဆက်ပြတ်သွားပြီး ပုန်းကွယ်နေတဲ့ အန္တရာယ်တွေအားလုံး ဖယ်ရှားပြီးသားဖြစ်မယ်။

လင်းဖေးဟန်က ဖုန်းအမြန်ထုတ်ပြီး လျှို့ရှင်းယာကို ဆက်သွယ်လိုက်သည်။ လျှို့ရှင်းယာပြောတာကို မစောင့်တော့ဘဲ လင်းဖေးဟန်က အမြန်တန်းပြောချလိုက်၏။

“အစိုးရနဲ့ ပူးပေါင်းထားတဲ့ ဆောက်လုပ်ရေးစာချုပ်ကို ငါရှာချင်တယ်။ ဆောက်လုပ်ရေးနဲ့ ဖြိုချတဲ့အဖွဲ့ရဲ့ အသေးစိတ်အချက်အလက်ကို ငါ့ဖုန်းထဲကို တတ်နိုင်သမျှ မြန်မြန်ပို့ပေးလိုက်။ ငါ ချက်ချင်းလိုချင်တယ်။ ချက်ချင်းနော်”

လင်းဖေးဟန်ရဲ့ အလျင်လိုနေတဲ့လေသံကို ကြားရတော့ လျှို့ရှင်းယာက အလျင်စလိုပဲ ထလုပ်ကိုင်လိုက်၏။

“ကောင်းပါပြီ လင်းဥက္ကဌ”

လင်းဖေးဟန် ဖုန်းချပြီး ကားပေါ်ကတန်းဆင်းလိုက်သည်။

ဖုန်းလုံဧရိယာက အတော်လေးယိုယွင်းနေပြီး ပြန်လည်ပြုပြင်ဖို့သင့်နေပြီဖြစ်သည်။ လမ်းမက ချိုင့်ခွက်များနှင့်ပြည့်နေပြီး ကားမောင်း၀င်ရန်ခက်လှ၏။ အနီရောင်အုတ်နီခဲများဖြင့် ဆောက်လုပ်ထားသော အိမ်များကိုပင်တွေ့နိုင်သည်။ ပတ်၀န်းကျင်အဆောက်အအုံများကလည်း ၁၉၉၀ ခုနှစ်တွေက အငွေ့အသက်များနှင့် ပြည့်နှက်နေ၏။

သူ့မှတ်ဉာဏ်ထဲကအတိုင်း လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ ပန်းဆိုင်ကို တိတိကျကျရောက်ရှိသွားသည်။ နေရာတိုင်းက ငှက်သံများနှင့် ပန်းမန်များဖြင့် ပြည့်နှက်လျက်ရှိ၏။ လင်းဖေးဟန် ရပ်တန့်လိုက်မိသည်။

တိုးတက်နေတဲ့ မြို့ကြီးတစ်မြို့မှာ ဒီလို သုခဘုံမျိုးရှိသေးတာပဲ။ လူတွေကို တကယ်ပဲ စိတ်အေးချမ်းစေ၏။ လင်းဖေးဟန်က ပန်းဆိုင်ထဲ လမ်းလျှောက်၀င်ခါနီးမှာပဲ မမျှော်လင့်ထားဘဲ အသံကျယ်တစ်ခုကို အရင်ဆုံးကြားလိုက်ရသည်။

“အလှလေး။ မင်းဆိုင်က တကယ်ကို အန္တရာယ်များတယ်။ ငါတို့ကာကွယ်ပေးဖို့လိုလား”

“ဟီးဟီး။ ဟုတ်တယ်။ မင်းလို မိန်းမငယ်လေးအတွက် ဒီလိုပန်းဆိုင်ကြီးကို ကြည့်ရှုရတာ မလုံခြုံဘူး။ ရပါတယ်။ ငါတို့ကို တစ်လ ယွမ် ၂၀၀၀ သာပေးလိုက်။ ကျန်တာငါတို့ကြည့်ရှင်းလိုက်မယ်”

“ဘာလဲ။ ပိုက်ဆံမရှိဘူးလား။ ပိုက်ဆံမရှိလည်း ကိစ္စမရှိပါဘူး။ မင်းကအတော်ကြည့်ကောင်းသား။ ဘာလို့ အစ်ကိုကြီးတွေနဲ့ မပျော်ပါးတာလဲ။ ဟီးဟီး”

“ပြောရရင် ငါ မသန်စွမ်းတစ်ယောက်နဲ့ တစ်ခါမှ မကစားဖူးဘူး။ တွေးကြည့်ရုံနဲ့ စိတ်လှုပ်ရှားစရာပဲ”

လင်းဖေးဟန် မျက်နှာသုန်မှုန်သွားသည်။ ပန်းဆိုင်ထဲမှာ စွန်းရှင်းယွဲ့ကို ပြောချင်ရာပြောနေတဲ့ လူမိုက်သုံးယောက် တကယ်ရှိနေတာပဲ။

စွန်းရှင်းယွဲ့က ဝှီးချဲပေါ်တွင် ထိုင်နေသည်။ သူမကိုကြည့်ရတာ အနည်းငယ်ပိန်သော်လည်း သူမရဲ့မျက်နှာကတော့ အတော်လေးလှ၏။ မိတ်ကပ်ခြယ်သစရာပင်မလိုပါ။ သူမက မိတ်ကပ်မပါတာတောင် ပြိုင်ဘက်ကင်းအလှလေးဖြစ်သည်။ စိတ်မကောင်းစရာတစ်ခုက စွန်းရှင်းယွဲ့က ဝှီးချဲပေါ်တွင် ထိုင်နေရခြင်းပင်ဖြစ်သည်။ ထိုအချက်က သူမရဲ့အလှကို အတော်‌လေး လျော့ကျစေ၏။

ပန်းဆိုင်ထဲတွင် လူရမ်းကားသုံးယောက်က စွန်းရှင်းယွဲ့ကို ဝိုင်းပတ်လျက်ရှိသည်။ မသိရင် သူတို့က သူမကိုယ်ကို ကြည့်ရှုသုံးသပ်နေသလိုပင်ဖြစ်၏။ သူတို့က မုန်းစရာကောင်းအောင် ရယ်နေကြပြီး သူတို့ရဲ့ ကလိမ်ကကျစ်အကြည့်တွေက စိတ်ရှုပ်စရာကောင်းလှသည်။

ထိုလူရမ်းကားသုံးယောက်ရဲ့ ယုတ်မာတဲ့ရုပ်တွေကိုကြည့်ပြီး စွန်းရှင်းယွဲ့ အနည်းငယ် ပြာယာခတ်သွား၏။ သို့သော် သူမ၏မျက်လုံးများက ခိုင်ခိုင်မာမာရှိလှသည်။

“ကျွန်-ကျွန်မ ရှင်တို့ကို မကြောက်ဘူး။ ဒီလိုမျိုး ဆက်လုပ်မယ်ဆိုရင် ရဲတိုင်ရလိမ့်မယ်”

စွန်းရှင်းယွဲ့က နှုတ်ခမ်းကိုက်လိုက်ပြီး လက်ထဲမှာ ဖုန်းကို ခိုင်ခိုင်ကိုင်ထားကာ စတင်ခြိမ်းခြောက်လိုက်၏။

“ဟဟ။ အစ်ကိုကြီးတို့က ဘာဖြစ်‌လို့လဲ။ အစ်ကိုကြီးတို့ မင်းကို ဘာမှတောင် မလုပ်ရသေးဘူးလေ”

“”မင်းဖုန်းက ခေါ်လို့ရလို့လား။ ပုံစံက ဖွင့်ရခက်မဲ့ပုံပဲ”

“ကိစ္စမရှိပါဘူး။ အစ်ကိုကြီးတို့ မင်းနဲ့ အတူပျော်ပါးတာကိုသာစောင့်နေလိုက်။ ပြီးရင် ရဲကို ဖုန်းခေါ်လို့ရပြီ”

“ငါတို့သုံးယောက်ပဲရှိတယ် ထင်လို့လား။ ငါတို့ကိုသာ ရဲဖမ်းသွားရင် မင်းဒီပန်းဆိုင်ကို ဆက်ဖွင့်နိုင်မနိုင်ဆိုတာ ပြဿနာရှိလာလိမ့်မယ်။ ငါတို့ ညီအစ်ကိုတွေအုပ်စုက ဒေါသကြီးတယ်။ မင်းဆိုင်ကိုနေ့တိုင်းလာပြီး လူလာမေးလိမ့်မယ်”

ထိုလူမိုက်များက ပေါက်ကရတွေ စတင်ခြိမ်းခြောက်လာခဲ့၏။ ထိုလူတွေပြောတာကိုကြားပြီး စွန်းရှင်းယွဲ့မျက်နှာဖြူဖျော့သွားလေသည်။ လင်းဖေးဟန်က ‌စိတ်တိုသွား၏။ အချိန်ကိုက်ရောက်လာပြီး ဒီနေ့လိုမြင်ကွင်းကို မြင်လိုက်ရမယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။

အသံမထွက်ပဲ လင်းဖေးဟန်က ပန်းဆိုင်ထဲ ၀င်သွားပြီး အေးစက်စွာပြောလိုက်သည်။

“ဒီမှာဘာလုပ်နေကြတာလဲ”

ထိုလူရမ်းကားများက လောကကြီးအကြောင်းသိ၏။ လင်းဖေးဟန်က ကောင်းမွန်စွာ၀တ်စားထားပြီး သူ့ရဲ့အ၀တ်အစားဘရန်းက အတုဖြစ်ဟန်မရှိပေ။ ဒီလိုလူမျိုးက လူချမ်းသာမဟုတ်ရင် အာဏာရှိအသိုင်းအဝိုင်းကဖြစ်ရမည်။

ဒါ့အပြင် ဒီလူက ပြည့်စုံတဲ့ခန္ဓာကိုယ်ရှိပြီး အင်မတန်လည်းခန့်ညားသည်။

“ဟဟ။ ကောင်ချောလေးက သူရဲကောင်းယောင်ဆောင်ပြီး အလှလေးကို ကယ်မလို့လား”

“မင်းအတွက် ဘာကကောင်းတယ်ဆိုတာသိရင် အမြန်လမ်းဖယ်လိုက်။ ငါတို့ရဲ့ ကိစ္စကောင်းကို မဖျက်နဲ့”

လူမိုက်တွေက လင်းဖေးဟန်ရဲ့ ချောမောတဲ့အသွင်အပြင်ကိုကြည့်ပြီး သူ့ကို အထင်သေးကြ၏။

သူတို့က လူမိုက်တစ်စုဖြစ်သည်။ ပုံမှန်အားဖြင့် ဒီလိုသူဌေးသားမျိုးကို သူတို့မကြောက်ပါ။ လင်းဖေးဟန်က ထိုစကားကိုကြားရတော့ မျက်နှာမှုန်ကုပ်သွား၏။ ဒီလို ရေနွေးကိုမကြောက်တဲ့ ၀က်သေကောင်မျိုးကို လင်းဖေးဟန်က တကယ်ကို ဂရုမစိုက်ပါ။

လင်းဖေးဟန်က ဘာမှမပြောဘဲ လုပ်စရာရှိတာ ထလုပ်လိုက်သည်။ သူ လူနှစ်ယောက်ကို လက်တစ်ဖက်စီနဲ့ ကော်လံကဆွဲပြီး ပစ်ထုတ်လိုက်၏။ ကျန်တဲ့တစ်ယောက်က အကြောက်လွန်ပြီး မြေပေါ်ဖင်ထိုင်ချလိုက်သည်။ ဒီအင်မတန်အားနည်းပုံပေါ်တဲ့ သူဌေးသားလေးက အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့မနိုင်တယ်။ သာမန်လူတွေထက် သူ့ခွန်အားက သာလွန်၏။

လူရမ်းကားတွေက မပေကပ်ရဲတော့ချေ။ လင်းဖေးဟန်က သူတို့ကို အပြင်ကိုဆွဲထုတ်သွားပြီး ရိုက်နှက်လိုက်သည်။ ပန်းဆိုင်ရဲ့အပြင်ဘက်မှာ လူမိုက်များက သနားညှာတာပေးရန် အော်ဟစ်နေသံကို အခန်းထဲကပင်ကြားရ၏။

ထိုကိစ္စက တစ်ခဏအတွင်း ဖြစ်ပျက်သွားသောကြောင့် စွန်းရှင်းယွဲ့ပင် ကြောင်သွားသည်။ အပြင်မှာ ထိုးကြိတ်နေတဲ့ လင်းဖေးဟန်က သက်ပြင်းချလိုက်၏။ သူ လက်အောက်ငယ်သားတွေ ထပ်ခန့်ရန်လိုသေးသည်။ မဟုတ်လျှင် ဒီလူသိမ်လူမွှားများကို သူကိုယ်တိုင်ကိုင်တွယ်နေရဦးမည်ဖြစ်၏။ ထိုအချက်က သူ့ကိုယ်ပိုင်ဟန်ကို ထိခိုက်စေလိမ့်မည်။

လင်းဖေးဟန်က ထိုလူမိုက်များကို ကိုင်တွယ်ပြီးနောက် ပန်းဆိုင်ထဲသို့ ပြန်၀င်လာခဲ့သည်။ သူက စွန်းရှင်းယွဲ့ကို နွေးထွေးတဲ့အပြုံးပြုံးပြလိုက်ပြီး ဖြည်းဖြည်းလေးပြောလိုက်၏။

“ဆိုင်ရှင်ကို လန့်အောင်လုပ်လိုက်မိပြီ။ ကျွန်တော်ဒီကို ပန်း၀ယ်ဖို့လာတာပါ။ ဆိုင်ဆက်ဖွင့်သေးလား”

လင်းဖေးဟန်ရဲ့အသံကိုကြားမှ စွန်းရှင်းယွဲ့က အိပ်မက်ကနိုးထလာသလို အသိပြန်ကပ်သွားပြီး အမြန်ပြောလိုက်သည်။

“အားနာစရာမလိုပါဘူး လူကြီးမင်း။ ကျွန်မရှင့်ကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ဘယ်လိုလုပ် ရှင့်ဆီကပိုက်ဆံယူပြီး ပန်းကိုရောင်းပေးနိုင်မှာလဲ။ ဒီလိုလုပ်လေ။ ကျွန်မရှင့်ကို ပန်းတစ်ပွင့်ပေးမယ်။ ဟုတ်ပြီလား”

လင်းဖေးဟန်ရဲ့ ဇစ်မြစ်က မရိုးရှင်းဘူးဆိုတာ စွန်းရှင်းယွဲ့သိ၏။ ခုလေးတင် လင်းဖေးဟန်ကူညီလိုက်တာကြောင့် အဲ့ဒီလူမိုက်တွေက သူမကို ပြဿနာထပ်လာရှာတော့မှာမဟုတ်ဘူး။

စွန်းရှင်းယွဲ့ပြောတာကို ကြားလိုက်ရတော့ လင်းဖေးဟန်က အနည်းငယ်ပြုံးလိုက်မိသည်။ ထို့နောက် အားနာမနေတော့ဘဲ တန်းပြောလိုက်၏။

“ကောင်းပြီလေ။ အဲ့ဒါဆို ကျွန်တော်ရွေးလိုက်တော့မယ်နော်”

စွန်းရှင်းယွဲ့က ပြုံးလိုက်သည်။ ထိုအပြုံးက အင်မတန်နွေးထွေးပြီး လှပ၏။

“ကြိုက်တာရွေးလို့ရပါတယ်”

လင်းဖေးဟန်က ဒီမိန်းကလေးကိုကြည့်ပြီး ရင်ထဲအနည်းငယ်ထိသွားသည်။ ဒီမိန်းကလေးရဲ့ အရောင်အဝါက အေးချမ်းလှ၏။ ကြာပန်းကလေးလိုပင်။ ရွံ့တောထဲကနေ မပေမကျံပဲ ကြီးထွားလာပြီး ခုဆို ဝှီးချဲပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေသည်။

All Chapters